သတင်းဆောင်းပါး - ကိုရင်သြ
အင်ဒိုနီးရှားနိုင်ငံ သမိုင်းတွင် ပထမဆုံးအကြိမ် မြို့တော်သစ်ထူထောင်ခြင်းအဖြစ် သမ္မတ ဂျိုကိုဝီဒိုဒို (ဝါ)ချစ်စနိုး အခေါ်အဝေါ် “ဂျိုကိုဝီ”က ကြိုးပမ်းလျက်ရှိသည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသော အခါ မြို့တော်ပြောင်းရွှေ့မှုကို ဦးတည်နေသော နောက်ခံအကြောင်းတရားများ မည်သို့ရှိသည်ကို စေ့ငုလေ့လာမိလေ၏။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် အခြေခံအဆောက်အအုံဆိုင်ရာ စိန်ခေါ်မှုများအရ မြို့တော်ပြောင်းရွှေ့ရမည့် အခြေအနေရှိလာချိန်တွင်လက်ရှိမြို့တော် ဂျကာတာကို အစားထိုးမည့် မြို့တော်သစ်နေရာကို ရွေးချယ်နိုင်ရန် သမ္မတ ဂျိုကိုဝီ ကိုယ်တိုင်ကွင်းဆင်း၍ ရှာပုံတော်ဖွင့်လျက်ရှိနေလေပြီ။
ဘော်နီယိုကျွန်း၏ အလယ်ဗဟို နှလုံးသည်းပွတ်နေရာ၌ မြို့တော်သစ်ထူထောင်နိုင်ဖွယ်ရှိမှုအတွက် သမ္မတ ဂျိုကိုဝီက မေ ၈ ရက်တွင်ကာလီမင်တန် အလယ်ပိုင်းပြည်နယ် ဂူနန်မက်မြို့နယ်အပါအဝင် မြို့တော်သစ်အဖြစ် သင့်တော်မည်ဟု အဆိုပြုထားသော အရပ်ဒေသများသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ကွင်းဆင်း လေ့လာခဲ့သည်ဆို၏။
မြို့တော်သစ်အဖြစ် ထူထောင်နိုင်ရန် ဘူမိနက်သန် (ဝါ)ရေခံမြေခံကောင်းမွန်လှသည့် အရပ်ဒေသများအနက် ဂူနန်မက်မြို့နယ်သည်ထိပ်တန်းမှ ရပ်တည်လျက်ရှိသည်ဟု သမ္မတ ဂျိုကိုဝီက ကာလီမင်တန်ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
ဘော်နီယိုကျွန်း၏ နယ်မြေတစ်စိတ်တစ်ဒေသအဖြစ် ပါဝင်သော ကာလီမင်တန်ပြည်နယ်သည်ကား ယင်းကျွန်း ၏ ဧရိယာ ၇၃ ရာခိုင်နှုန်းကိုလွှမ်းခြုံထား၏။ ဘော်နီယိုကျွန်း၏ အင်ဒိုနီးရှားပိုင်မဟုတ်သော နယ်မြေများကို ဘရူနိုင်းနှင့် မလေးရှားနိုင်ငံတို့က မျှဝေပိုင်ဆိုင်ကြ၏။ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်နှင့် ဆာရာဝပ် ပြည်နယ်တို့သည် ကျွန်း၏ ၂၆ ရာခိုင်နှုန်းမျှသာ နယ်မြေကို ရယူထား၏။ မြောက်ဘက်ကမ်းရိုးတန်း ဒေသရှိဘရူနိုင်းနိုင်ငံမှာမူ ဘော်နီယိုကျွန်း၏ တစ်ရာ ခိုင်နှုန်းမျှသော မြေနေရာပေါ်တွင် တည်ရှိ၏။
ဂူနန်မက်မြို့နယ်အပြင် ကာတင်ဂန်မြို့နယ်နှင့် ပြည်နယ်မြို့တော်ပါလန်ကာရာယာတို့သို့လည်း နှစ်ရက်ကြာ ခရီးစဉ်အတွင်း သမ္မတ ဂျိုကိုဝီသွားရောက်လေ့လာကြည့်ရှုခဲ့သည်။
မြို့တော်သစ်အဖြစ် လျာထားခံရသော ပြည်နယ်လေးခုမှာ ကာလီမင်တန် အလယ်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း နှင့် ဆူလာဝေသီအနောက်ပိုင်းတို့ ဖြစ်ကြသည်။
အင်ဒိုနီးရှားနိုင်ငံ၌ မြေငလျင်ဘေးအန္တရာယ်မှ ကင်းဝေးနိုင်သော အရပ်ဒေသအဖြစ် ကာလီမင်တန်ပြည်နယ် ရပ်တည်နေခြင်းမှာ မြို့တော်နေရာ ရွေးချယ်ရေးအတွက် အဓိကအကြောင်းခြင်းရာဖြစ်သည်။ အကယ်၍ မြို့တော်သစ်အဖြစ် ရွေးချယ်လျှင် အခြေခံအဆောက်အအုံ ထူထောင်ရေး လုပ်ငန်းများကို စတင်လာရပေလိမ့်မည်။
လူဦးရေ သိပ်သည်းသော ကျွန်းမကြီးဖြစ်သည့် ဂျာဗားကျွန်း၏ အပြင်ဘက်ဆီသို့ မြို့တော်ကို ပြောင်းရွှေ့ရန် သမ္မတက ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ဖြစ်သည်။
ဘော်နီယိုကျွန်း တောင်ဘက်ရှိ ဂျာဗားကျွန်း (ဝါ)ရတနာဒီပကျွန်းမှာ ကမ္ဘာပေါ်တွင် လူဦးရေ သိပ်သည်းမှု အများဆုံး အရပ်ဒေသများတွင် ပါဝင်သည်။ နိုင်ငံလူဦးရေ၏ ၅၆ ဒသမ ၇ ရာခိုင်နှုန်းမှာ ဂျာဗားကျွန်း၌ နေထိုင်ကြပြီး လူဦးရေ ၁၄၁ သန်း နေထိုင်ရာ ကျွန်းမကြီးဖြစ်သည်။ ဂျာဗားကျွန်း၏ အနောက်မြောက်ဘက်တွင် တည်ရှိသော မြို့တော်ဂျကာတာသည် အခြေခံအဆောက်အအုံဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်လာနေရသဖြင့် မြို့တော်ပြောင်းရွှေ့ရေးမှာ သမ္မတဂျိုကိုဝီ၏ မူဝါဒရေးရာညွှန်ကြားချက်တစ်ရပ်ဖြစ်လာရသည်။
မြို့တော် ပြောင်းရွှေ့ရေးကို မဖြစ်မနေဆောင်ရွက်သွားမည်ဟု သမ္မတ ဂျိုကိုဝီက သန္နိဋ္ဌာန်ချမှတ်ထားသည်ဟု အတိအလင်း ပြောကြားခဲ့သည်။ အကယ်တန္တု မြို့တော်ပြောင်းရွှေ့ရေးအစီအစဉ်မှာ အသစ်အဆန်း မူကား မဟုတ်ချေ။ နိုင်ငံတော်၏ ပထမဆုံးသော သမ္မတကြီး ဆူကာနိုသည်၁၉၅၇ ခုနှစ်တွင် မြို့တော်ပြောင်းရွှေ့ရန် ဆန္ဒရှိပုံကို ထုတ်ဖော်ပြောကြားခဲ့သည်။ ကာလီမင်တန်အလယ်ပိုင်းပြည်နယ်ရှိ ပါလန်ကာရာယာမြို့ကို အစိုးရအဖွဲ့ ရုံးစိုက်ရာမြို့အဖြစ် သူလိုလားခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုပြဿနာ၊ မြို့ပြထူထောင်ခြင်းဆိုင်ရာ အ စီအစဉ် ညံ့ဖျင်းခြင်း၊ လူဦးရေ သိပ်သည်းကာ လူနေထိုင်မှု အဆမတန်များပြားခြင်းတို့သည် အင်ဒိုနီးရှား အစိုးရအဖွဲ့အား စိန်ခေါ်နေသည့် အခြင်းအရာများ ဖြစ်ခဲ့သည်။ မြို့တော်ပြောင်းရွှေ့ရေးကိစ္စနှင့် ပတ်သက်၍ လွန်ခဲ့သည့် တစ်နှစ်ခွဲကာလကပင်လျှင် အမျိုးသားဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းရေးဆွဲရေး အေဂျင်စီအား မိမိòန်ကြားခဲ့ကြောင်း၊ အဆိုပါဌာနက မြို့တော်သစ်အဖြစ် အလား အလာရှိသော အရပ်ဒေသများ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ ရှုထောင့်အမြင်များကို ဖော်ထုတ်နိုင်ရန် စစ်တမ်း များ ကောက်ယူခဲ့ကြောင်း သမ္မတဂျိုကိုဝီက ပြောကြားသည်။
မြို့တော်သစ်အဖြစ် ရေခံမြေခံကောင်းများနှင့် ပြည့်စုံသော ဒေသသုံးခုတို့မှာ မြေနေရာအကျယ်အဝန်း ဟက်တာ ၈၀ဝ၀ဝ၊ ဟက်တာ ၁၂၀ဝ၀ဝနှင့်ဟက်တာ ၃၀ဝ၀ဝ၀ အသီးသီးရှိပြီး ယခုအချိန်အထိ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ရခြင်း မရှိသေးပေ။
အဆိုပြုထားသော အရပ်ဒေသများနှင့် နှိုင်းယှဉ်လျှင် ဂျကာတာအထူး မြို့တော်ဒေသမှာ မြေနေရာ အကျယ်အဝန်း ဟက်တာ ၆၆၀ဝ၀ ခန့်သာလျှင်ရှိရာ အကျယ်အဝန်းအရ ပိုမိုကျဉ်းမြောင်းသည်ဟု ဆိုနိုင်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေပျံ့နှံ့ပုံမှာ ဂျာဗားကျွန်းပေါ်တွင်သာ အဓိက အခြေပြုထားသည်။ နိုင်ငံလူဦးရေ၏ ၅၇ ရာခိုင်နှုန်းခန့်မှာ ဂျာဗားကျွန်းပေါ်တွင်နေထိုင်ကြသည်။ ဆူမားတြားကျွန်းမှာ ဂျာဗားကျွန်းထက် အရွယ်အစား အရ သုံးဆပိုမိုကြီးမားသော်လည်း ယင်းကျွန်းတွင် နိုင်ငံလူဦးရေ၏ ၂၁ ရာခိုင်နှုန်း မျှသာ နေထိုင်သည်ကို နှိုင်းယှဉ်ကြည့်နိုင်သည်။ မြို့တော်သစ် ထူထောင်ရေးနှင့်ပတ်သက်၍ သမ္မတဂျိုကိုဝီက ဘဏ္ဍာရေး ဝန်ကြီးနှင့် ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးတို့နှင့်လည်း ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဆို၏။
သို့ရာတွင် မြို့တော်သစ် ပြောင်းရွှေ့ရေးအစီအစဉ်မှာ ကနဦးအဆင့်တွင်သာလျှင် ရှိနေဆဲဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ခဲ့သည်။ မြို့တော်သစ် ထူထောင်ရန် ပြင်ဆင်ဆောင်ရွက်ရာတွင် ကြာမြင့်မည့်အချိန်ကာလ မည်သို့ရှိသည်ကို ဆုံးဖြတ်ရခြင်းမရှိသေးသော်လည်း မြို့တော်သစ် ပြောင်းရွှေ့ရေး အစီအစဉ် အကောင်အထည်ဖော်ရန် လိုအပ်ပုံနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့တော်သစ်ထူထောင်မှုကို စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပုံနှင့်ပတ်သက်၍ လည်းကောင်း အစိုးရအဖွဲ့ အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်ဆို၏။
မြို့တော်ထူထောင်ရေးအစီအစဉ်ကို အသေးစိတ်ရေးဆွဲရန် လိုအပ်ပြီး ယင်းနောက်တွင် စီမံကိန်းအကောင် အထည်ဖော်ရေး ကိစ္စ၊ ဘတ်ဂျက်အသုံး စရိတ်ရရှိရေးကိစ္စတို့ကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဘဏ္ဍာ ရေးဝန်ကြီး ဆရီမူယာနီက ပြောကြားသည်။ မြို့တော်သစ်ထူထောင်ရေး အတွက် ငွေကြေးကျခံ သုံးစွဲရမှုမှာ ကြီးမားမည်ဖြစ်သည်ဟု ဆိုသည်။
ဂျကာတာမြို့တော်ကို နေချင်စဖွယ်ကောင်းလှသည့် မြို့တော်အဖြစ်သို့ပြောင်းလဲနိုင်ရန် လုပ်ဆောင်မည်ဆိုလျှင် ရူပီး ၇၀ဝ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၂၉ ဘီလီယံ) အထိ ကျခံသုံးစွဲရလိမ့်မည်ဟု ဂျကာတာ မြို့တော်ဝန် အန်နီဘက် ဝီဒန်က ပြောကြား၏။
ရေအောက်သို့ နစ်မြုပ်နေ
လူဦးရေ ၁၀ သန်း နေထိုင်ရာ မြို့တော်ဂျကာတာသည် ကမ္ဘာပေါ်ရှိအခြားသောမြို့ကြီးတစ်မြို့မြို့နှင့် နှိုင်းယှဉ်လျှင် ပင်လယ်ရေအောက်သို့တစ်စတစ်စ နစ်မြုပ်မှုနှုန်း အမြင့်ဆုံးမြို့တစ်မြို့ ဖြစ်သည်ဆို၏။မြို့တော် ဂျကာတာသည် နှစ်စဉ်နှစ်တိုင်း “လက်မ” အနည်းငယ်မျှ အောက်ဘက်သို့ တစ်စတစ်စ နစ်မြုပ်နေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက သတိပေးထားကြသည်။ လူဦးရေ များပြားလာမှုနှင့်အတူ မြေအောက်ရေထုတ်ယူသုံးစွဲမှုအဆမတန်များပြားလာခြင်းသည် ပင်လယ်ရေအောက်သို့ မြို့တော်ဂျကာတာက နိမ့်လျှောလာနေမှု၏ အဓိကအကြောင်းတရားဖြစ်သည်။ ထို့အပြင် မြို့တော်၏ စွန့်ပစ်ရေပမာဏ၏ လေးရာခိုင်နှုန်းမျှကိုသာ စည်ပင်ဌာနက သုတ်သင်ရှင်းလင်းပေးနိုင်စွမ်းရှိသည်။
ဂျကာတာ၏ မြောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဆင်းရဲသားရပ်ကွက်များမှာ ရေလွှမ်းမိုးမှုနှင့် မကြာမကြာ တွေ့ကြုံနေကြရသည်။ ယင်းရပ်ကွက်များမှာ နှစ်စဉ်နှစ်တိုင်း ၂၅ စင်တီမီတာအထိ ပင်လယ် ရေအောက်သို့ တစ်စတစ်စ နိမ့်ကျလာနေရသည်။ ဂျကာတာမြို့တော်နယ်နိမိတ်၏ ၄၀ ရာခိုင်နှုန်းမှာ ပင်လယ် ရေမျက်နှာပြင်၏ အောက်ဘက်တွင်ရောက်ရှိနေပြီး မြို့တော်နယ်မြေထက်ဝက်မှာ ၂၀၃၀ ပြည့်နှစ်ထက် နောက်မကျဘဲ ရေအောက်သို့ ကျရောက်သွားဖွယ်ရှိကြောင်း သုတေသနလေ့လာ ချက်များတွင် ဖော်ပြထားသည်။
မြို့တော်ပြောင်းရွှေ့ရေးအတွက် လောလောလတ်လတ် အရေးတယူလှုပ်ရှားလာသော သမ္မတ ဂျိုကိုဝီ၏ ကြိုးပမ်းချက်များနှင့် ပတ်သက်၍ ပြည်သူပြည်သားတို့က အံ့အားသင့်မှုနှင့်အတူ သူ၏ လုပ်ဆောင်ချက် ကိုကြိုဆိုကြလေသည်။ မြို့တော်ကြီးတစ်ခု ရွှေ့ပြောင်းရေးဟူသည် ကာလ အတိုင်းအတာတစ်ခု အချိန်ယူဆောင်ရွက်သွားရန် လိုအပ်ပုံကို တွေးတော မိရင်း “ဂျကာတာ တစေ့တစောင်း မြို့တော်ပြောင်းဖို့ရည်” ဟု ကျွန်ုပ်ကျူးရင့်မိပါသည်။
Ref: Rising Sea Levels Force Relocation of Jakarta (IER)