ရန်ကုန် ၁၂ မေ
ရန်ကုန်မြောက်ပိုင်းခရိုင် ဥက္ကံမြို့နယ်၊ တဘူးလှဆည်ကျေးလက် လမ်းဘေးရှိချောင်း စောက်(အောက်) ရွာတွင် မေ(၁၀)ရက် နံနက်(၃)နာရီက ရွာတောင်ဘက် ချောင်းဘေးတွင် နေထိုင်သောလူနေတဲအားအစာရှာသော တောဆင်ရိုင်း တစ်ကောင်မှ ဖျက်ဆီးခဲ့ရာချောင်းကို ဝါးဖောင်ဖြင့်ဖြတ်၍ ရွာအတွင်း ထွက်ပြေးခဲ့ရကြောင်း သိရသည်။
“မေ(၉)ရက် ည(၁၀)နာရီမှာ အိမ်ဘေးကို ဆင်စပြီးဝင်တယ်။ လင်မယားနှစ်ယောက်တည်းရှိတော့ အမျိုးသမီးကို ချောင်းဖြတ်ပြီး ရွာသားတွေကို သွားခေါ်တော့ ချောင်းတစ်ဖက်ကနေ ဝိုင်းအော်လို့ ပြန်ထွက်သွားတယ်။ မေ(၁၀)ရက် မနက် (၃) နာရီမှာ ပြန်လာပြီးအိမ်ဘေး ထရံကို ဆွဲချပြီး ဆန်၊ မြေပဲကို စားတယ်။ ရွာသားအချို့ အိမ်ဘေးမအူပင် လင့်စင်ပေါ်တက်ပြီး အော်တဲ့သူ၊ ချောင်းတစ်ဖက်က အော်တဲ့သူတွေကြောင့် နံနက် (၄) နာရီမှာ ပြန်ထွက်သွားတယ်။ ဒါကနှစ်ကြိမ်မြောက်ဖြစ်တာ၊ လူတော့ ထိခိုက်မှုမရှိခဲ့ဘူး” ဟ အိမ်ပိုင်ရှင်ဦးမြင့်သိန်းက ပြောသည်။
တဘူးလှ ဆည်အရှေ့ဘက်ရှိ ပဲခူးရိုးမပေါ်တွင် သစ်တောရှားပါးလာမှုနှင့် ဆင်တို့အတွက် အစာရေစာရှားပါးလာမှုကြောင့် တောဆင်များ ဇွန်လဆန်းတွင် မြေပြန့်ဆင်း၍ အစာနုများကို စားသောက်လေ့ရှိပြီး ယခုနှစ်တွင် ပူးပြင်းသော ရာသီဥတုကြောင့် အစာပို၍ရှားပါးလာရာ ရာသီစော၍ မြေပြန့်သို့ ဆင်းကာ လူနေတဲများရှိ ဆန်နှင့်အခြားအစားအစာတို့ကို ရှာဖွေစားသောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ရေအိုးစင်ရွာထိပ်က တဲနဲ့ချောင်း စောက်ရွာတံတားနားက တဲကို ဆင်ဖျက်သွားတာတော့ရှိတယ်။ လူထိခိုက်မှုတော့မရှိဘူး။ အစာရှာစားတဲ့သဘောပါ။ ရေအိုးစင်ရွာကို ဝင်တဲ့ဆက်က စွယ်စုံဆင်၊ ချောင်းစောက်တံတားနားက တဲကိုဝင်တဲ့ဆင်က အစွယ်မပါဘူးဟိုင်း ဆင်ပါ။ စမစ်ဆိုးရီးယား အဖွဲ့နဲ့ ကျွန်တော်တို့ပူးပေါင်းပြီး ဆင်နဲ့လူပဋိပက္ခ လျှော့ချရေးကို ဆောင်ရွက်နေပါတယ်” ဟု တိုက်ကြီးမြို့နယ်သစ်တော ဦးစီးမှူးဦးအောင်စိုးက ပြောသည်။
ဧပြီတတိယပတ်က တဘူးလှဆည်လမ်း ချောင်းစောက်တံတားအနီးရှိ နေအိမ်နှစ်လုံး၏ ထရံကိုဖျက်၍ စပါးအိတ်များကို ဖောက်ကာစားသောက်သွားပြီး လွန်ခဲ့သောနှစ်အနည်းငယ်က အထက်ချောင်းစောက်ရွာ အတွင်းနေအိမ်ကို ဖျက်ဆီး၍ လူသေဆုံးမှုနှင့်အေ ာက်ချောင်းစောက်ရွာအထက် ကျွန်းစိုက်ခင်းစောင့်တဲကို ဖျက်၍ လူသေဆုံးမှုများရှိခဲ့ကြောင်းလည်း သိရသည်။
“ဒီနှစ်ပိုင်းမှာ ဆင်ကြောင့် လူသေဆုံးမှုတော့ မကြားသေးဘူး။ အစာဝင်စားရင်း တဲဖျက်တာတော့ကြားတယ်။ ကျောက်ပျဉ်သာနဲ့ ကွမ်းသီးမြှောင်မှာလည်း ဖြစ်ခဲ့တယ်။ ဆင်အစာရှားပါးလာလို့ တောထဲမှာ ခိုအောင်းစရာမရှိလို့ မြေပြန့်ဆင်းလာကြတာ။ အဓိကအစာကြောင့်ပါ။ ဒါကြောင့် ဆင်အစာအတွက် အဲ့ဒီဘက်မှာ စားကျက်မြေ သီးသန့်ထားဖို့ လိုလာပါပြီ။ တဘူးလှဆည်နဲ့ တိုက်ကြီးသစ်တောကြိုးဝိုင်းမှာ ဆင်ကောင်ရေ အတိုးအလျော့မရှိဘူး။ မုဆိုးရန်ကြောက်လို့ တောင်ပေါ်က ဆင်းလာတဲ့ဆင်ပဲရှိမယ်။ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း အရှေ့ခြမ်းမှာတော့ ဆင်အတိုးအလျော့များတယ်။ အရင်က မိုးဝင်ပြီးကြံပင်လေးတွေ ထောင်လာမှ ဆင်တွေဆင်းလာတတ်တာ၊ အခုတော့ဆင်ကို တွေ့နေရတယ်” ဟု စမစ်ဆိုးဒီးယမ်း ဆင်ထိန်သိမ်းရေး ကာကွယ်ရေး အဖွဲ့မှဦးမောင်မောင်ကြီးက ပြောသည်။
တဘူးလှဆည်အရှေ့ဘက်တွင်ရိုးမ ရှိသောကြောင့် တောင်ပေါ်တွင် သစ်ရိပ်ဝါးရိပ်နှင့်အစာရေစာ ရှားပါးလာခြင်းနှင့် ဆင်မုဆိုးတို့ကြောင့် ဆင်များ ဆည်အောက်ဘက်ကျေးရွာများသို့ ဆင်းလာတတ်လေ့ရှိရာ ဥက္ကံ သကြားစက်ဝန်းကျင်ရှိ ကျေးရွာများသို့တိုင် ဆင်များ အစာရှာလေ့ရှိသည့်အတွက် လူနှင့်ဆင်ပဋိပက္ခဖြစ်ပွားလေ့ ရှိသောကြောင့် သစ်တောဦး စီးဌာနနှင့် လူမှုအထောက်အကူပြုအဖွဲ့တို့ ပူးပေါင်း၍ ကျေးလက်များသို့ အသိပညာပေးကွင်းဆင်း ဆောင်ရွက်မှုများလည်း လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ -သန်းစိုး