နေပြည်တော် ၁၃  မေ 

 

ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက  မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာန နှစ်ခုရှိရာမှ ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာနကို ထပ်မံဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းဦးစီးဌာနကို လိုအပ်သည့် အပြောင်းအလဲတစ်ခု ဖော်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိစေမည့် လူမှုကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်နိုင်ရေး၊ ချက်ချင်းတုံ့ပြန် နိုင်ရေးနှင့် ဘေးအန္တရာယ်များဖြစ်ပွားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက်လုပ်ဆောင်နိုင်ရန် လိုအပ်ချက်အရ တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း။

 

ge KYS_7

 

ထို့ပြင် ပြည်သူများ ကိုယ့်အားကိုယ်ကိုးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရာမှ အစိုးရမှဦးဆောင်ပြီး ပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်ရန် တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ လုပ်ငန်းများ တိုးတက်ပြောင်းလဲဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာငွေ ပိုမိုရရှိရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်တွင် ဘဏ္ဍာငွေသည် အကန့်အသတ်များရှိပါကြောင်း၊ အကန့်အသတ် များကြားမှ မိမိတို့ဝန်ကြီးဌာန၏ လုပ်ဆောင်ရန်ရှိသည်များကို ပိုမိုဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာငွေတိုးတက် ရရှိရန်အတွက် မဟာဗျူဟာများနှင့် လုပ်ငန်းစီမံချက်များ ရှိရမည်ဖြစ်ပြီး မြန်မာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်နှင့်လည်းကိုက်ညီရန် လိုအပ်ပါကြေင်း၊ ယင်းအချက်များနှင့် ညှိနှိုင်း တွက်ချက်ပြီး ၂၀၁၈ ခုနှစ်အတွင်းတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ များစွာဆောင် ရွက်နိုင်ခဲ့ပါကြောင်း။

 

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူမှုဖွံ့ဖြိုး မှုအကူအညီများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် မဟာဗျူဟာစီမံချက်များရှိပါကြောင်း၊ လူမှုကာကွယ်ရေးလုပ်ငန်းစဉ် ၈ ရပ်ချမှတ်ထား ပါကြောင်း၊ ယင်း ၈ ရပ်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် အသက် ၂ နှစ် အောက်ကလေးများအား ငွေကြေးထောက်ပံ့ခြင်းကို ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင ်လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်တွင် ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လည်းကောင်း ဆောင်  ရွက်ပေးနိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ 

 

ထို့ပြင် သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးအစီအစဉ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် အသက် ၈၅ နှစ်အထက်ရှိ သက်ကြီးရွယ်အိုများအား အထောက်အပံ့များ ပေးအပ်နိုင်ခဲ့ပါကြောင်း၊ ယခင်က အသက် ၉၀ နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်များ ထောက်ပံ့ ပေးအပ်ခဲ့ရာမှ ယခု အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများကို ထောက်ပံ့ပေးခဲ့ပြီး အရေအတွက်အားဖြင့် ၁၈၀ဝ၀ဝ ကျော်ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း။

 

ထို့ပြင် မွေးကင်းစမှ အသက် ၈ နှစ်အရွယ်အထိ ရှေးဦးအရွယ် ကလေးသူငယ်များထဲမှ ၁ နှစ်မှ ၃ နှစ်အရွယ်ရှိ ကလေးငယ်များကို မိခင်ဝိုင်း ၆၃၉ ဝိုင်း ဖွင့်လှစ်ပေးခြင်းနှင့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အသက် ၃ နှစ်မှ ၅ နှစ် အထိ ကလေးငယ်များအတွက် ကိုယ်ထူကိုယ်ထ မူကြိုများကို အားပေးကူညီ ထောက်ပံ့ပေးခဲ့ပါကြောင်း၊  လာမည့်နှစ်တွင် အသက် ၃ နှစ် ၅ နှစ်အထိ ကလေးငယ်များ စောင့်ရှောက်ရေး သင်တန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း။

 

လူငယ်ရေးရာမူဝါဒကို ၂၀၁၈ ခုနှစ်က နိုင်ငံတော်မှ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ လူငယ်ရေးရာမူဝါဒတွင် ကဏ္ဍကြီး ၁၆ ရပ်ရှိပါကြောင်း၊ မဟာဗျူဟာလည်း ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ကဏ္ဍကြီး ၁၆ ရပ်မှ ဦးစားပေးကဏ္ဍများ ရွေးချယ်ပြီး လူငယ်များက ဆောင်ရွက်လျက်ရှိပါကြောင်း။

 

အမျိုးသမီးရေးရာကဏ္ဍတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းကော်မတီတွင် အမျိုးသမီးရေးရာလုပ်ငန်းများ ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနအားလုံးပါဝင်ပါကြောင်း၊ ထို့ပြင် အမျိုးသမီးရေးရာ လုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိသည့် အဖွဲ့များလည်း ပါဝင်ပါကြောင်း။

 

ယင်းတို့တွင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ ကျားမရေးရာတန်းတူ ညီမျှရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့အစည်းများ ကွန်ရက်များထည့်သွင်းဖွဲ့စည်းခဲ့ပါကြောင်း။

 

မိမိတို့ဝန်ကြီးဌာနသည် သဘာဝဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး အလျင်အမြန် တုန့်ပြန်ခြင်း၊ ထိထိရောက်ရောက် ဆောင်ရွက်ခြင်း၊ အလျင်အမြန်ပြန်လည် ထူထောင်ခြင်းစသည့် မူဝါဒများချက်မှတ်ပြီး ယင်းမူဝါဒများနှင့်အညီ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းတွင် အလျင်အမြန် ပြန်လည်ထူထောင်နိုင်ရန် အစိုးရအနေဖြင့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး လိုအပ်ချက်များကို အလျင်အမြန် တုန့်ပြန်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ရာ ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ပျိုးမြေများ ပြန်လည်စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘာသာရေးအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းအတွက် ငွေကျပ် ၂ ဘီလီယံကျော် သုံးစွဲခဲ့ပါကြောင်း။

 

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွင် အလျင်အမြန်တုံ့ပြန်နိုင်ခဲ့ပြီး ကြိုတင်ပြင်ဆင်မှု အပိုင်းတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ်၌ ဘက်စုံသုံး သဘာဝဘေးဒဏ်ခံ အဆောက်အဦ ၁၀၂ လုံး ဆောက် လုပ်ပေးနိုင်ခဲ့ပြီး စုစုပေါင်း  ဘက်စုံသုံး သဘာဝဘေးဒဏ်ခံအဆောက်အဦ အလုံးပေါင်း ၂၂၀ ဆောက်လုပ် ပေးနိုင်ခဲ့ပါ ကြောင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ဘေးဒဏ်ခံနိုင်ရည် စွမ်း အားနည်းပါးသည့် နေအိမ်များကိုရွေးချယ်ပြီး မွမ်းမံပြင်ဆင် အားဖြည့်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ပိုမိုဆောင်ရွက် နိုင်ခဲ့ပါကြောင်း။

 

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုဆိုင်ရာ သတင်းအချက်အလက်များကို လျင်လျင်မြန်မြန်ရရှိစေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ပြည်သူ့အသံကို တိုက်ရိုက်ကြား သိနိုင်ရန် Hot Line ဖုန်းများထားရှိခြင်း၊ သတင်းအချက်အလက်များ ပေးပို့နိုင်ရန်နှင့် ရယူနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မိုဘိုင်း တယ်လီဖုန်း ဆိုင်များတွင် ပြည်သူများ သိရှိနိုင်ရန် Software များ ထည့်သွင်းပေးရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သောက်သုံးရေ ရှားပါးမှုများနှင့်ကြုံတွေ့နေရသည့် ဒေသများတွင် ပြည်သူများ တင်ပြချက်အပေါ် မူတည်ပြီး သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။

 

ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများ ပိတ်သိမ်းလိုက်ပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွား ရမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်သည် မသန်စွမ်းနှစ်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး မသန်စွမ်းများအတွက် များစွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မသန်စွမ်းသူများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီနှင့် မဟာဗျူဟာများလည်း ရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မသန်စွမ်းသူများတိုးတက်ရေးအတွက် ရေရှည်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း။

 

မသန်စွမ်းသူများအတွက် ကနဦး ထောက်ပံ့ခြင်းအစီအစဉ်ကို စတင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် ၁၁ ခုတွင် ဆောင်ရွက် ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ပြန်လည်ထူထောင်ရေးဦးစီးဌာန အနေဖြင့် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နုတ်ထွက်ခွင့်ရရှိခဲ့သည့် ကလေးစစ်သားများနှင့် ပတ်သက်၍ ၁၅၇၉ ဦးကို တစ်ဦးလျင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ကနဦး ထောက်ပံ့ပေးပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရန်၊ အလုပ်အကိုင်အခွင့် အလမ်းရရှိ ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပဋိပက္ခများအတွင်း ကျရောက်လျက်ရှိသည့် ကလေးငယ်များကို ကာကွယ်ပေးရန်နှင့် လိင်ပိုင်းဆိုင်ရာ ကျူးကျော်မှုများမဖြစ်စေရန် ကော်မတီဖွဲ့စည်းပြီးဖြစ်ပါကြောင်း။

 

မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ယခင်က ဆောင်ရွက်မှုအားနည်းသည့် စခန်းများကို စနစ်တကျဖြင့် ဖွဲ့စည်း၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက လွှဲပြောင်းပေးသည့် ဝက်ထီးကန်စခန်းနှင့် ဖယ်ခုံ စခန်း တို့ကိုလည်း အရှိန်အဟုန်ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မူးယစ်ဆေးစွဲနေသူများ ဆေးဖြတ်ပြီး ပြန်လည် ထူထောင်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။

 

မူးယစ်ဆေးစွဲနေသူများ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် စခန်းအခြေပြု၊ ရပ်ရွာအခြေပြု၊ စခန်းနှင့် ရပ်ရွာအခြေပြု နည်းလမ်းများဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို ၃၅ ရက်မှ ၃ လအထိတိုးမြင့်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။

 

လူကုန်ကူးမှုခံရသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိုင်း၊ တရုတ်နှင့် အင်ဒို နီးရှားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖားကန့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အရေးကြီးဆုံးသည် လူမှုအသိုက်အဝန်း နှစ်ခု သဟဇာတဖြစ်ရန်လိုအပ်ပြီး ယင်းကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒုတိယအချက် သည် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လျင် သဟဇာတအလိုအလျောက် ဖြစ်ထွန်းလာမည်ဖြစ် သည့်အတွက် အစိုးရသစ်လက်ထက်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်လာစေရန် အစွမ်း ကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလတ်တလောတွင် တစ်ဖက်နိုင်ငံသို့ ရောက်ရှိ နေသူများ ပြန်လည်ဝင်ရောက်လာရေးအတွက် ဆောင်ရွက်ထားရှိရာ မိမိတို့နိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ တရားဝင် ပြန်လည်ဝင်ရောက်လာရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံနိုင်ငံများအနေဖြင့် ပြန်လည်လက်ခံရေးတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပြီး ရှေ့ဆက်ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာ သို့ အသိပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

KYS_7

 

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို ဦးစီးဌာန(၇)ခု၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့ အစည်း(၈)ခု၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ကျောင်း(၁)ကျောင်း၊ ကောလိပ် (၁)ခု၊ တက္ကသိုလ် (၁)ခု အပါအဝင် စုစုပေါင်း ဌာန၊ အဖွဲ့အစည်း (၁၈)ခု ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာအမျိုးသားလေကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း တို့သည် ပြည်ထောင်စု ဘတ်ဂျက်ပြင်ပမှ ဆောင်ရွက်သည့် စီးပွားရေးအဖွဲ့အစည်း များဖြစ် ကြောင်း။  

 

ရထားပို့ဆောင်ရေးကဏ္ဍတွင် အမြန်ရထား (၃၉)စင်း၊ စာပို့ရထား (၅၃)စင်း၊ လူစီး ကုန်တင်ရထား (၄၇)စင်း၊ မြို့ပတ်နှင့် ဆင်ခြေဖုံးရထား(၂၂၁)စင်း ပြေးဆွဲလျက်ရှိပြီး လိုအပ်သော စက်ခေါင်းနှင့်တွဲများ အသစ်ဝယ်ယူ ဖြည့်တင်းလျက်ရှိသကဲ့သို့ အရေးပါသော ရထားလမ်းပိုင်းများ၏ အဆင့်မြှင့်တင်မှုများကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း။ 

 

ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း(၅၉)မိုင်ကို ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ (၂၀၇) သန်းနှင့် ပြည်ထောင်စုဘတ်ဂျက် ငွေကျပ် (၅၄) ဘီလီယံ တို့ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ချေးငွေဖြင့် အချက်ပြစနစ်နှင့် DEMU တွဲများ ဝယ်ယူ ဖြည့်တင်းပြီး၊ မြို့ပြလုပ်ငန်းများကို ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း(၅၉)မိုင်တွင် မြို့ပတ်ရထားလမ်းတစ်လျှောက် ရေမြောင်းများ ပြုလုပ်ခြင်း၊ ဘူတာပလက်ဖောင်းများ မြှင့်တင်ခြင်း၊ သံလမ်းအဆင့်မြှင့် ပြုပြင်ခြင်း၊ မြို့ပတ် ရထားလမ်း PC Girder လဲလှယ်ထားသော တံတားများ၏ အောက်ခြေအပိုင်း အဆင့်မြှင့် ပြုပြင်ခြင်း၊ သံလမ်းတိုင်နှင့် သံဇကာခြံစည်းရိုးကာရံခြင်း၊ အုတ်ခြံစည်းရိုး ကာရံခြင်း၊ လမ်းခင်း ကျောက်များ ဝယ်ယူဖြည့်တင်းခြင်း၊ သံမဏိတံတားဘောင်များ နေရာတွင် PC Concrete တံတားဘောင် များဖြင့် အစားထိုးလဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

 

ကားလမ်းကူးနေရာများနှင့် ဘူတာအများစု၌ လူကူးခုံးကျော် တံတား(၃၅)စင်း လိုအပ် သဖြင့် ဆောင်ရွက်ခဲ့ရာ တည်ဆောက်ပြီး (၃)ခု၊ တည်ဆောက်ဆဲ(၃)ခုနှင့် ကျန် (၂၉)ခုဖြစ်ပြီး ကားလမ်းကူးများ အဆင့်မြှင့်တင်ခြင်းအနေဖြင့် ဆောင်ရွက်ပြီး(၅)ခု၊ ဆောင်ရွက် ဆဲ(၁၃)ခု ဆောင်ရွက်ရန်ကျန် (၇)ခု ဖြစ်ပါကြောင်း။

 

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း (၃၈၅) မိုင်ကို ဂျပန်နိုင်ငံ၏ ချေးငွေ အမေရိကန်ဒေါ်လာ (၂၁၁၅) သန်း၊ နိုင်ငံတော်ကျခံငွေ အမေရိကန် ဒေါ်လာ (၄၆၈ ဒသမ ၉၅၂)သန်းဖြင့် အဆင့်(၂)ဆင့်ခွဲ၍ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အဆင့် (၁) ရန်ကုန် - တောင်ငူ (၁၆၆) မိုင်၊ အဆင့်(၂) တောင်ငူ - မန္တလေး(၂၁၉) မိုင် ဖြစ်ပြီး မြန်မာဘက်မှ ဆောင်ရွက်ရမည့် -    လမ်းခင်းကျောက်များ စုဆောင်းခြင်း (၁၄၁,၁၇၉)ကျင်း၊ ကွန်ကရစ် ဇလီဖား (၁၆၆,၅၄၈) တုံး ထုတ်လုပ်ခြင်းများ ဆောင်ရွက်ပြီး အုတ်ခြံစည်းရိုး ကာရံခြင်း ပေ (၁၄,၅၅၀) ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။ 

 

ပဲခူး-မော်လမြိုင် ရထားလမ်း အကြီးစားပြင်ဆင်ခြင်း (၁၂၉)မိုင်တွင် ၉ ချောင်းဆက် သံလမ်း ဂဟေဆက်ခြင်းလုပ်ငန်း (၁၂၉) မိုင် ဆောင်ရွက်ပြီး  လမ်းခင်း ကျောက်ဖြည့် ပတ်ကင်ရိုက်ခြင်း မိုင် (၈၀) ပြီးစီးပြီး၍ (၄၉)မိုင် ကျန်ရှိပါကြောင်း။

 

မန္တလေး - မြစ်ကြီးနား ရထားလမ်း အကြီးစားပြင်ဆင်ခြင်း မိုင်(၃၄၀) တွင် ရထား လမ်းခုန်၊ ဆောင့်၊ လူးများ မဖြစ်ပေါ်စေရေး၊ စက်ခေါင်း/တွဲများ ချွတ်ယွင်းမှု လျော့နည်းရေးတို့ အတွက် (၉)ချောင်းဆက် သံလမ်းဂဟေဆက် ခြင်းလုပ်ငန်းနှင့် စက်ကြီးဖြင့် ပတ်ကင်ရိုက်ခြင်း လုပ်ငန်းကို မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင်(၈၅)မိုင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။

 

ရထားလမ်းပိုင်း၏ မတ်စောက်သော ဆင်ခြေလျှောနှင့် ကွေ့များအား လျှော့ချနိုင်ရန်အတွက် အဓိက လမ်းပိုင်းများဖြစ်သည့် ဂျိုးထောင်-မဲဇာ (၂၄)မိုင်နှင့် မော်ဟန်-ကာဒူ (၁၀)မိုင်အား အဆင့်မြှင့်တင်ရန် ကိုရီးယားနိုင်ငံ၏အကူအညီဖြင့် ဖြစ်မြောက် နိုင်စွမ်းလေ့လာ မှုများ ဆောင်ရွက်ခဲ့ရာ အပြီးသတ်အစီရင်ခံစာအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပေးပို့ လာသဖြင့် ချေးငွေအမေရိကန်ဒေါ်လာသန်း(၁oo) ရယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။  

 

ရန်ကုန်-ပြည်ရထားလမ်း အကြီးစားပြင်ဆင်ခြင်း (၁၆၆)မိုင်တွင် တံတားပေါင်း (၄၄၇) စင်းအား  တိုင်းတာစစ်ဆေးပြီး 120 km ပြေးဆွဲနိုင်ရန်နှင့် 20 ton Axle Load ရရှိရန် လေ့လာတွက်ချက်ပြီး ဖြစ်ပါကြောင်း၊ ချေးငွေစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ သန်း (၂၀ဝ) ရရှိရေး ADB နှင့် အကြိုညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း။ 

 

ရထားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ EDCF ချေးငွေ အမေရိကန်ဒေါ်လာ (၄၅)သန်းဖြင့် လူစီးတွဲသစ်(၁၀ဝ)ဝယ်ယူ ရန်အတွက် ချေးငွေ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး တွဲဝယ်ယူရေးအတွက် Tender အောင်မြင်သည့် DAWON-SYS ကုမ္ပဏီဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ(၅)ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ကာ Design Meeting များကို မြစ်ငယ်တွဲပြင်စက်ရုံ၌ ပြုလုပ်လျက်ရှိပြီး တွဲသစ်များကို ၂၀၂၀ ခုနှစ် အတွင်း အပြီးရောက်ရှိ တပ်ဆင်/ တည်ဆောက်သွားမည် ဖြစ်ပါကြောင်း။ 

 

တရုတ်နိုင်ငံ အတိုးမဲ့ချေးငွေ (ယွမ်သန်း ၈၀)ဖြင့် လူစီးတွဲ(၂၈)တွဲ ဝယ်ယူရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ(၃)ရက်တွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အရ နှစ်ဖက် ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ Exchange Letter ကို မတ်(၁၄)ရက်တွင် လက်မှတ် ရေးထိုးပြီး (၂)နှစ်အတွင်း တွဲများရရှိမည်ဖြစ်ပါကြောင်း။ 

 

Dry Port စီမံကိန်း တင်ဒါအောင်မြင်သော Kerry Logistics Co.Ltd နှင့် Resource Group Logistics Co.Ltd တို့သည် မြန်မာ့မီးရထားနှင့် ပူးပေါင်း၍ BOT စနစ်ဖြင့် ရွာသာကြီးကုန်းတွင်းဆိပ်အား ၂၀၁၈ ခုနှစ် နိုဝင်ဘာ(၁၈)ရက်နှင့် မြစ်ငယ် ကုန်းတွင်း ဆိပ်အား ၂၀၁၉ ခုနှစ် ဇန်နဝါရီ(၂၃)ရက်တွင် ဖွင့်လှစ်ခဲ့ပါကြောင်း။

 

Dry Port ဖွင့်ပြီးသည်မှစ၍ ကုန်သေတ္တာတင် ရထားခရီးစဉ်များကို ရန်ကုန်-မန္တလေး အကြား တစ်ပတ် လျှင် ပျမ်းမျှ အစုန်/ အဆန် (၂)ခေါက်စီ ပြေးဆွဲလျက်ရှိရာ ယနေ့ အချိန်ထိ အစုန်/အဆန် (၆၉)ခေါက်စီ ပြေးဆွဲခဲ့ပြီး၊ ကုန်သေတ္တာ (၃,ဝ၁၇)လုံး၊ တန်ချိန် (၅၃,၇၈၆)တန် ပို့ဆောင်ပေးနိုင်ခဲ့ပါကြောင်း။ 

 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး စီမံချက် ၂၀၁၄-၂၀၂၀ ကို အချိန်တိုအတွင်း အောင်မြင်မှု ရရှိရန် Quick Win အစီအမံ(၅)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းတို့မှာ ယာဉ်မောင်းသူနှင့်ခရီးသည်များ Seat Belts ဝတ်ဆင်ရေး၊ အရည်အသွေး ပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ရေး၊ မူးယစ်သောက်စား မောင်းနှင်ခြင်း မရှိစေရေး၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်း အသုံးမပြုရေး၊ အမြန်နှုန်းသတ်မှတ်ချက်ထက် ကျော်လွန် မောင်းနှင်မှုမရှိစေရေးတို့ဖြစ်ပါကြောင်း။ 

 

မော်တော်ယာဉ်များ မှတ်ပုံတင်ခြင်းအနေဖြင့် ၂၀၁၆ ခုနှစ်၊ မတ်လတွင် ယာဉ်စီးရေ (၅ ဒသမ ၅) သန်း ရှိရာမှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ (၇ ဒသမ ၂) သန်း တိုးတက်မှတ် ပုံတင်ပေးနိုင်ခဲ့ပါကြောင်း။

 

လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ဟဲဟိုး၊ မော်လမြိုင်၊ ကော့သောင်း လေဆိပ် များအား PPP အစီအစဉ်ဖြင့် အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူရွေးချယ်ခဲ့ပြီး၊ စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

မူဆယ်လေ ဆိပ်သစ် တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူထားပြီး၊ ပဏာမအရည်အချင်း အောင်မြင်သော ကုမ္ပဏီ(၆)ခု၏ အမည်စာရင်းအား နိုင်ငံပိုင်သတင်းစာများတွင် ကြေငြာခဲ့ပါကြောင်း။

 

နိုင်ငံတော်ဘတ်ဂျက်ဖြင့် ချင်းပြည်နယ်၊ ဖလမ်းတွင် ATR - 72 လေယာဉ်များ ဆင်း/တက် အသုံးပြုနိုင်သည့် လေဆိပ်အား ၂၀၁၅-၂၀၁၆ ခုနှစ်မှ စတင်၍ တည်ဆောက် လျက်ရှိရာ (၅၀ရာခိုင်နှုန်း)ပြီးစီးပြီဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမတိုင်မီ လေယာဉ်ဆင်း/တက် အသုံးပြုနိုင်ရန် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်အား ဂျပန်နိုင်ငံ၏ ချေးငွေ အကူအညီဖြင့် တည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ပြည်တွင်း လေဆိပ်များသို့ ပြည်တွင်း/ ပြည်ပ ခရီးသည် ဝင်/ ထွက်မှုမှာ     ၂၀၁၆ ခုနှစ်တွင် ခရီးသည် စုစုပေါင်း (၉ ဒသမ ၂၆)သန်း၊  ၂၀၁၇ ခုနှစ်တွင် (၁၀ ဒသမ ၁၂)သန်းနှင့် ၂၀၁၈ ခုနှစ်တွင် (၉ ဒသမ ၉၁)သန်း ဖြစ်ပါကြောင်း။ 

 

မြန်မာအမျိုးသားလေကြောင်း အနေဖြင့် ၂၀၁၆ ခုနှစ်တွင် Boeing လေယာဉ် (၃)စင်း၊ Embraer (၂)စင်း၊ ATR (၅)စင်း၊ Caravan (၄)စင်း၊ Beech Craft (၂)စင်း၊ စုစုပေါင်း (၁၆)စင်း ရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လအထိ Boeing လေယာဉ် (၄)စင်း၊Embraer (၂)စင်း၊ ATR (၉)စင်း၊ Caravan (၂)စင်း၊ စုစုပေါင်း (၁၇)စင်း ရှိလာပြီး စီးပွားရေးအရ ပိုမိုတွက်ခြေကိုက်စေရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ATR လေယာဉ်အကြီးစား ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံစီမံကိန်းအား ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စတင် ဆောင်ရွက်နိုင်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် European Aviation Safety Agency (EASA) ၏ အသိ အမှတ်ပြုလက်မှတ် (Maintenance Organization Approval Certificate)  ရရှိခဲ့ပြီး၊ ပြည်တွင်းရှိ ATR လေယာဉ်များအား ကုန်ကျစရိတ် သက်သာစွာ ပြင်ဆင်ပေးနိုင်သဖြင့် နိုင်ငံခြားငွေယိုစီးမှုကို လျှော့ချနိုင်ခဲ့ပါကြောင်း။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရေလမ်းကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုမှာ ရေလမ်းကောင်းမွန်ရေးတွင် ၁၈ ခုနှင့် ကမ်းပြို ကာကွယ်ရေးတွင် ၂၀၄ ခု ဆောင်ရွက်ခဲ့ပါကြောင်း။ နယ်စပ်မြစ်များ ထိန်းသိမ်း ကာကွယ်ခြင်း အပိုင်းတွင် မြန်မာ-ထိုင်းနယ်နမိတ် ရွှေတြိဂံဒေသ၊ ဝမ်ပုံဆိပ်ကမ်း၊ မြန်မာ-တရုတ်  နယ်စပ်ဒေသများ၌ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မြေထိန်း နံရံ အလျား(ပေ) ၇၁၄၅ ပေ ဆောင်ရွက်ခဲ့ပါကြောင်း။

 

ရေကြီးရေလျှံ လျော့ပါးရေးအတွက် သံလွင်မြစ်၊ ဘီးလင်းမြစ်၊ ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ ဒေါင်းမြူး ချောင်း၊ တနင်္သာရီမြစ်တို့တွင် ရေကြီး ရေလျှံ လျော့ပါးရေးအတွက် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်(၁၁၅)ခု အနက် ယခုဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း(၁၁)ခု ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအလျားသည် (၁၃၈၅)မိုင်ရှည်လားပါကြောင်း၊ ကမ်းရိုးတန်းတလျှောက် ဆိပ်ကမ်း(၉)ခုရှိပြီး၊ ရန်ကုန်ဆိပ်ကမ်းသည် အဓိက ဆိပ်ကမ်းဖြစ်ကာ နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ရေကြောင်း ကုန်သွယ်မှု ပမာဏ၏ (၉၀%)ကျော်ကို ကိုယ်တွယ် လျက်ရှိပါကြောင်း။

 

ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုတွင် ယခင်က ရန်ကုန် ဆိပ်ကမ်း၏ ရန်ကုန်ဧရိယာနှင့် သီလဝါဧရိယာတို့တွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ် ကြီးများ ဆိုက်ကပ် နိုင်သည့် ဆိပ်ကမ်းတံတား ယခင်က (၃၃)စင်းရှိပြီး၊ (၃)နှစ်တာ ကာလအတွင်း ဆိပ်ကမ်း တံတား (၈)စင်း တည်ဆောက်ပြီးစီးခဲ့သဖြင့် ယခုအခါ ဆိပ်ခံတံတား (၄၁) စင်း ရှိလာပြီဖြစ်ပါကြောင်း။ 

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လုပ်ငန်းဆောင်ရွက်နိုင်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် TEU (၁,ဝ၅၇,၈၈၈)၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် TEU (၁,ဝ၄၃,၄၆၉)၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် TEU (၁,၁၁၉,ဝ၁၃)ထိ ကိုင်တွယ်ခဲ့ရာ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ မတ်လအထိ (၃)နှစ်အတွင်း ကုန်သေတ္တာ (၃,၂၂၀,၃၇၀)လုံး၊ ကုန်တန်ချိန် အနေဖြင့် (၃၆,၃၆၄,၆၉၄) ကိုင်တွယ်ခဲ့ပါကြောင်း။

 

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍတွင် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ၂၀၁၄ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု များစွာ ဝင်ရောက်လာခဲ့ပြီး၊ ၂၀၁၆ ခုနှစ် လူဦးရေ(၅၁ ဒသမ ၄၈၆)သန်းတွင် တယ်လီဖုန်း သိပ်သည်းဆ(၈၆ ဒသမ ၂၀ရာခိုင်နှုန်း)ရှိခဲ့ရာမှ ယခုအခါလူဦးရေ(၅၄ ဒသမ ဝ၇၄) သန်းတွင် တယ်လီဖုန်း သိပ်သည်းဆ(၉၉ ဒသမ ၅၇ရာခိုင်နှုန်း) ရှိပြီဖြစ်ပါကြောင်း၊ အင်တာနက် သုံးစွဲသူအနေဖြင့် ၂၀၁၆ ခုနှစ်တွင် လူဦးရေ၏ (၅၅ ဒသမ ၄၁ရာခိုင်နှုန်း) ရှိခဲ့ရာမှ ယခုအခါ (၈၂ ဒသမ ၅၆ရာခိုင်နှုန်း) အထိ တိုးတက်လာခဲ့ပါကြောင်း။  

 

e-Government ဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ဌာန/အဖွဲ့အစည်းအသီးသီး၏ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များအား ပြည်သူများ လွယ်ကူစွာရယူ အသုံးပြုနိုင်ရန် Myanmar National Portal အား ၂၀၁၈ခုနှစ်၊ စက်တင်ဘာလတွင် စတင် လွှင့်တင်နိုင်ခဲ့ပြီး၊ ပြည်သူအများ ပိုမို ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် ဆက်လက် ဆောင်ရွက် လျက်ရှိပါကြောင်း။

 

ဌာန/အဖွဲ့အစည်းအသီးသီး၏ Server များအား Co-location ထားရှိနိုင်ရန် အဆင့်(၂) (Tier 2  အဆင့် ရှိ) Data Center တစ်ခုအား နေပြည်တော်၌ ၂၀၁၇ ခုနှစ်တွင် တည်ဆောက် ခဲ့ပါကြောင်း။ 

 

နိုင်ငံတကာအဆင့်မီ အဆင့်(၃) (Tier 3 အဆင့်ရှိ) e-Government Integrated Data Center (eGIDC)ကို ကိုရီးယားသမ္မတနိုင်ငံ ချေးငွေ အမေရိကန် ဒေါ်လာ (၉၃)သန်းဖြင့် တည်ဆောက်ရန် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရရှိခဲ့ပြီး၊ ကိုရီးယားနိုင်ငံ သို့ Loan Pledge Acceptance Letter ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် ဆန်းပိုင်းတွင် စတင်အသုံးပြုနိုင်ရန် ရန်မှန်းထား ပါကြောင်း။

 

e-Government ဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် မြန်မာဂြိုဟ်တုစနစ် တည်ထောင်ရေး ပထမအဆင့် Condosat စနစ်အတွက် MyanmarSat 1 Condosat ဂြိုဟ်တုကို Intelsat Satellite Operator ထံမှ ဂြိုဟ်တုချန်နယ် ၃၆၀ မဂ္ဂါဟတ်ဇ်ကို ၂၀၁၆ခုနှစ်မှစ၍ (၅)နှစ် စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ပါကြောင်း၊ ဒုတိယအဆင့် အချိုးကျ ပိုင်ဆိုင်မှုစနစ် ဆောင်ရွက်ရန် Intelsat Satellite Operator က ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် လွှတ်တင်မည့် ဂြိုဟ်တု၌ IRU (Indefeasible Right of Use) ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်၍ MyanmarSat 2 အဖြစ် ပါဝင်ကာ ဂြိုဟ်တုချန်နယ် (၈၆၄) မဂ္ဂါဟတ်ဇ် ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ မှစ၍ ဂြိုဟ်တုသက်တမ်း ကုန်သည်အထိ (၁၅)နှစ် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊  မြန်မာဂြိုဟ်တုစနစ်၏ တတိယ အဆင့်ဖြစ်သည့် ကိုယ်ပိုင်ဂြိုဟ်တု Earth Observation Satellite (EOS) လွှတ်တင်နိုင်ရန် လည်း ဂျပန်နိုင်ငံ ဟော်ကိုင်းဒိုးတက္ကသိုလ်နှင့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တို့ဖြင့် ပူးပေါင်းဆွေးနွေးခဲ့ပြီး လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖေါ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မိုးလေဝသနှင့်ဇလဗေဒကဏ္ဍတွင် မုန်တိုင်းများ၏ တည်နေရာ၊ ပြင်းအားနှင့် ရွေ့လျားမှု လမ်းကြောင်းများကို အချိန်နှင့်တစ်ပြေးညီထောက်လှမ်း၍သတိပေးချက်များ အခါမလပ် ထုတ်ပြန်နိုင်ရန် မိုးလေဝသရေဒါ (၃)လုံးကို ကျောက်ဖြူ၊ ရန်ကုန်နှင့် မန္တလေး မြို့များတွင် (၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈) နှစ်များတွင် တပ်ဆင်ခဲ့ပြီး၊ မုန်တိုင်း ဖြစ်ပေါ် မှုများကို (၁၅) မိနစ်လျှင် (၁) ကြိမ် ရှာဖွေထောက်လှမ်းလျက် ရှိပါကြောင်း၊ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန် ထားဝယ်မြို့တွင် မိုးလေဝသရေဒါ (၁)လုံး ထပ်မံ တင်ဆင်နိုင်ရေး ဂျပန်နိုင်ငံဖြင့် ညှိနှိုင်းလျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝှမ်း ၂၀၁၅-၂၀၁၆ ခုနှစ် အထိ မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်စခန်း စုစုပေါင်း (၁၈၈) ခုရှိသည့် အနက် (၃) နှစ်တာကာလအတွင်း  မိုးလေဝသ စခန်း (၂)ခု၊ ဇလဗေဒ စခန်း(၂)ခု၊ မြေငလျင် စခန်း (၅)ခု တိုးချဲ့ဖွင့်လှစ်ခဲ့ပါကြောင်း ရှင်းလင်း ပြောကြားသည်။  

 

ယင်းနောက် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြည်သူ့အတွက် တတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနအနေဖြင့် တတိယ(၁)နှစ်တာကာလအတွင်း ချမှတ် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း အစီအမံ များမှာ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများပြုလုပ်ပြီး ထုတ်ကုန် အရည်အသွေး တိုးတက် ကောင်းမွန်ရေး၊ ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော ထုတ်ကုန်များ တိုးချဲ့ ထုတ်လုပ်နိုင် ရေး၊ အရောင်းမြှင့်တင်ရေး၊ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု (PPP) ပိုမိုမြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်အရ ရွေ့လျားအသက်မွေးပညာသင်တန်းများကို ဒေသ အရောက် သွားရောက်ဖွင့်လှစ်ခြင်းဖြင့် စက်မှုဆိုင်ရာ ကျွမ်းကျင်လုပ်သားများကို စနစ်တကျ လေ့ကျင့် ပျိုးထောင်ရေး၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် ယာဉ်၊ ယန္တရားများကို ပြည်သူများ စိတ်ချ လုံခြုံဘေးကင်းစွာ အသုံးပြုနိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စနစ်တကျ စစ်ဆေးဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်နိုင်ရေးတို့ဖြစ်ပါကြောင်း။

 

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် စက်မှု ဝန်ကြီးဌာနရှိ စက်မှုသင်တန်းကျောင်း(၆)ကျောင်းမှ လိုအပ်သော စက်မှုကျွမ်းကျင်လုပ်သားများကို နှစ်စဉ်လေ့ကျင့်သင်ကြား ပေးလျက်ရှိရာ စက်မှုသင်တန်းကျောင်းများတွင် (Mobile Vocational Training Unit) များ ဖွဲ့စည်းထားပြီး “စက်မှုနှင့်အသက်မွေးပညာ ရွေ့လျား သင်တန်း” အစီအစဉ်ဖြင့် ကျေးလက်ဒေသရှိ လူငယ်များနှင့် စက်မှုဇုန်များရှိ လုပ်သားများ အတွက် စက်မှုနှင့်အသက်မွေးပညာ ရက်တိုသင်တန်းများကို ဖွင့်လှစ်သင်ကြားခြင်းနှင့် Mobile Vocational Training Truck (Automobile)၊ (Electrical) နှင့် (Welding) ဘာသာရပ်သင် ရွေ့လျား မော်တော်ယာဉ် ၃ စီးဖြင့် ဒေသအသီးသီးတွင် သင်တန်း(၂၅)ကြိမ် ဖွင့်လှစ်၍ သင်တန်းသား (၁၂၄၂)ဦးကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပါကြောင်း။

 

ထို့အပြင် အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)တွင် ဂျပန်ဘာသာ စကား ၁ နှစ် သင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသား (၁၉၈)ဦး တက်ရောက် အောင်မြင်ခဲ့ပြီး သင်တန်းဆင်း (၄၀)ကို ဂျပန်နိုင်ငံသို့ စေလွှတ် နိုင်ခဲ့ပါကြောင်း။

 

စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးလျက်ရှိသော စက်မှုသင်တန်း ကျောင်း (၆) ကျောင်းရှိသော်လည်း တစ်နိုင်ငံလုံး လွှမ်းခြုံမှုရှိစေရေးအတွက် အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် သထုံမြို့နှင့် မုံရွာမြို့တို့တွင် သင်တန်းကျောင်း ၂ ကျောင်း ထပ်မံဖွင့်လှစ် နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။ ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထောက်အပံ့ဖြင့် အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)ကို အဆင့်မြှင့်တင်မှုလုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။ 

 

ဆေးဝါးကဏ္ဍတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဆေးဝါး (၁၅)မျိုးနှင့် ဆေးဝါးစက်ရုံ(အင်ရောင်း)မှ ဆေးဝါး(၅)မျိုး စုစုပေါင်း ဆေးဝါး အမျိုး ၂၀ ကို  တီထွင်စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပါကြောင်း။

 

တတိယ(၁)နှစ်တာ ကာလအတွင်း အရည်အသွေးကောင်းမွန်စိတ်ချရသည့် ဆေးဝါးများ တန်ဖိုးငွေကျပ် (၄၉)ဘီလီယံအထိ ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်တွင်း လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သဖြင့် ပြည်ပမှ ဆေးဝါးတင်သွင်းမှု လျော့နည်းစေ ခဲ့ပါကြောင်း။

 

ဆေးဝါးစက်ရုံ(အင်းစိန်)တွင် လျှပ်စစ်မီးမရရှိသည့် ကျေးလက်ဒေသများ၌ သာမန်အခန်း အပူချိန်တွင် ဆေးသက်တမ်း (၅)နှစ်အထိ ထားရှိနိုင်သော အေးခဲ ခြောက်ပုံစံဖြင့် မြွဆေိပ် ဖြေဆေးများကို သြစတြေးလျနိုင်ငံ၏ နည်းပညာပံ့ပိုးမှု အကူအညီဖြင့် မြွဆေိပ် ဖြေဆေး အေးခဲခြောက်စနစ် (Freeze Dried form)ကို စီမံထုတ်လုပ်ကာ ကျေးလက်ဒေသများအထိ သယ်ဆောင်အသုံးပြုနိုင်သည့်အတွက်  မြွကေိုက်လူနာများကို အချိန်နှင့်တစ်ပြေးညီ ကုသပေးနိုင်ပြီဖြစ်ပါကြောင်း။

 

သွေးကြောသွင်းဆေးရည်(Saline)၏ ပြည်တွင်းသုံးစွဲမှုအရေအတွက်သည် နှစ်စဉ် (၇၅)သန်းခန့် ရှိသော်လည်း စက်မှုဝန်ကြီးဌာနမှ (၅)သန်းခန့်သာ ထုတ်လုပ် နိုင်ခဲ့သဖြင့် ယခုအခါ ကမ္ဘာအဆင့်မီ သွေးကြောသွင်းဆေးရည် ထုတ်လုပ်ရေး လိုင်းအသစ်ကို ကျောက်ဆည်မြို့ရှိ ဆေးဝါးစက်ရုံ(အင်ရောင်း)တွင် တည်ဆောက် နိုင်ခဲ့ပြီး နှစ်စဉ် သွေးကြောသွင်းဆေးရည် (၁၅) သန်းခန့်ကို ပြည်တွင်းလိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ အထိ ထုတ်လုပ် ဖြည့်ဆည်းပေး နိုင်မည့်အပြင် ပြည်တွင်း၌ လိုအပ် ချက်မြင့်မားလျက်ရှိသော မေးခိုင်ရောဂါကာကွယ်ဆေးနှင့် ခွေးရူးပြန်ရောဂါကာကွယ် ဆေးများကို ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဆက်လက်ထုတ်လုပ်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထုတ်ကုန်များတိုးချဲ့မှုအပိုင်းတွင် ပြည်တွင်း၌ လိုအပ်နေသည့် ဈေးကွက်ဝင် အဆင့်မြင့် (၁/၄၀)ပေါင်းချည်များကို အိန္ဒိယနိုင်ငံ၏ နည်းပညာဖြင့်  ပုဂ္ဂလိကနှင့် ပူးပေါင်း၍  ၂၀၁၆ ခုနှစ် စက်တင်ဘာလ မှစတင်ထုတ်လုပ်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ချည်ပေါင် (၁၃ဒသမ၅)သိန်းကျော် ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်အတွင်း လူကြိုက်များသည့် အတွက် ပိုမိုထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက် လျက်ရှိပါကြောင်း။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအတွက် ဆေးရုံသုံးပရိဘောဂပစ္စည်း အမျိုးမျိုး၊ ခွဲစိတ်ခန်းသုံး စတီးလ်ပစ္စည်းများ၊ ဆေးရုံသုံး လူနာတင်ယာဉ် သုံးပစ္စည်း များကို Medical Grade နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း။

 

၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်အတွင်း အိမ်သုံးစတီးလ်ပစ္စည်းအမျိုးမျိုး၊ ရေ ဖလား၊ ရေခွက်၊ ဘုရားပန်းအိုး(၇”/၉”)၊ ပလတ်စတစ်ပစ္စည်းအမျိုးမျိုး၊ 90 liter ရေပုံးများကို ဈေးကွက်လိုအပ်ချက် နှင့်အညီ တိုးချဲ့ထုတ်လုပ်လျက်ရှိပါကြောင်း။

 

Road Barrier များကိုလည်း ပုံစံ၊ အရွယ်အစား၊ အရောင် အမျိုးမျိုးတို့ကို နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ခဲ့ရာ နေပြည်တော်ရှိ အရေးကြီးကန့်သတ် နေရာများတွင် လက်တွေ့ချထား အသုံးပြု လျက်ရှိပါကြောင်း။

 

အထည်အလိပ်ကဏ္ဍတွင် အထည်စက်ရုံခွဲ(မြင်းခြံ)တွင် မူလထုတ်ကုန်ဖြစ် သော ပတ်တီးပိတ်ကို ဆေးရည် စိမ်ပတ်တီး၊ ပြည်တွင်းထွက်ကျောက်မှုန့် (Gypsum)နှင့် ပတ်တီး ပိတ်တို့ ပေါင်းစပ်၍ ကျောက်ပတ်တီး (P.O.P Bandage) ထုတ်လုပ်နိုင်ရန် ဓာတ်ခွဲခန်းတွင် သုတေသနပြု စမ်းသပ်အောင်မြင်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိပါကြောင်း။

 

မော်တော်ယာဉ်ကဏ္ဍတွင် ၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းတပ်ဆင်ထုတ်လုပ်သည့် Ambulance များနှင့် ပြည်ပမှတင်သွင်း လာမည့် Ambulance များ၏ အရည်အသွေးကို စစ်ဆေးအတည်ပြုမည့် မြန်မာနိုင်ငံလူနာတင်ယာဉ် အရည်အသွေးသတ်မှတ်စစ်ဆေးရေး အဖွဲ့ (Commission on Accreditation of Ambulance, Myanmar - CAAM)ကို ဖွဲ့စည်းခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် အမှတ်(၁၅)အကြီးစား စက်ရုံ(သာဂရ)မှ Standard Type Ambulance ယာဉ် (၅၅)စီး ထုတ်လုပ်ပေးခဲ့ပြီး ဆက်လက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်အတွင်း သုံးစွဲသူစိတ်ကြိုက် Medical Equipment များ၊ Medical Grade Trimming Part များ တပ်ဆင်ထားသည့် လူနာတင်ယာဉ် New Model များကို ဆက်လက် ထုတ်လုပ်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စက်မှု ထုတ်ကုန် ပစ္စည်းများကို ဈေးနှုန်းမှန်ကန်စွာ သုံးစွဲသူလက်ဝယ်အရောက် ပို့ဆောင် နိုင်ရေးအတွက် ဆိုင်ခန်းသဖွယ် ခင်းကျင်းပြသရောင်းချနိုင်သော Mobile Mart (၄)စီးကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်ပြီး လှည့်လည်ရောင်းချခြင်းများ ဆောင်ရွက်နေပါကြောင်း။

 

KYS_75

 

စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းများကို Mobile Vocational Vehicle (၂)စီးဖြင့် နိုင်ငံတစ်ဝန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းများ ပိုမိုဖွင့်လှစ်နိုင်ရေး အတွက် လျှပ်စစ်၊ ဂဟေဆက်နှင့် မော်တော်ယာဉ် စက်ပြင် အထူးပြု Mobile Vocational Vehicle (၃)စီးကို ထပ်မံတည်ဆောက်တပ်ဆင်ပြီး လိုအပ်ချက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်၍ စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်းများကို လုပ်ငန်းခွင် မပျက်လေ့ကျင့်သင်ကြား ပေးလျက်ရှိသလို Mobile Vocational Vehicle (၃)စီး ထပ်မံ တီထွင်ထုတ်လုပ်ရန် စီမံဆောင်ရွက်နေပါကြောင်း။

 

စက်မှုဝန်ကြီးဌာနအနေဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသည့် ကာဗွန် ထုတ်လုပ်မှု လုံးဝမရှိသော Modulo Brand Electric Bus များကို ဟန်ဂေရီနိုင်ငံ CSEPLE Holding Ltd. ၏ ဥရောပနည်းပညာဖြင့် Green Power Myanmar နှင့် ပူးပေါင်းပြီး အမှတ်(၁၄)အကြီးစား စက်ရုံ(သာဂရ)တွင် တပ်ဆင်ထုတ်လုပ်ရေး လုပ်ငန်းများအား နိုင်ငံတော်မှ ချမှတ်သည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

အခြားတီထွင်မှုများအနေဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် ရာသီဥတု ဒဏ်ခံနိုင်ပြီး အစဉ်တင့်တယ် သပ္ပါယ်ရန် ရေရှည်တည်တံ့ခိုင်မြဲသော ရွှေစင်ရွှေပြား တို့ဖြင့် ကပ်လှူပူဇော်နိုင်ရေး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အကြံပြု ချက်အရ စက်မှုဝန်ကြီးဌာနမှ ဒီဇိုင်းရေးဆွဲ ဆန်းသစ်တီထွင်၍ တစ်ပေပတ်လည် ရှိသော ရွှေသားစစ်စစ် ရွှေစင်ရွှေပြားများ ထုတ်လုပ်နိုင်မည့် နိုင်ငံတကာစံချိန်စံညွှန်းမီ ရွှေပြားကြိတ်စက်(၆)လုံးကို ထုတ်လုပ် နိုင်ခဲ့သည့်အပြင် ရွှေပြားကြိတ် စက်ရုံကိုလည်း ဒီဇိုင်းရေးဆွဲပြီး (၄)လအတွင်း တည်ဆောက်နိုင်ခဲ့ပါကြောင်း။

 

လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအနေဖြင့် သီးနှံများအလေ အလွင့်မရှိ သိုလှောင်ထိန်းသိမ်း နိုင်ရေးအတွက် တန် ၃၅၀ ဆံ့ သီးနှံ(စပါး) သိုလှောင်နိုင်သည့် Silo တစ်ခုကို ရခိုင်ပြည်နယ်၊ မောင်တောတွင် တည်ဆောက် တပ်ဆင်နိုင်ရေးအတွက် သာဂရစက်မှုနယ်မြေရှိ အမှတ်(၁၅)နှင့် အမှတ်(၂၆) အကြီးစား စက်ရုံတို့တွင် ထုတ်လုပ်ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် Silo လည်ပတ်ခြင်းပြုလုပ်ပြီး Elevator ဖြင့် စပါးအိတ် ၂၀ တင်ခြင်း၊ စပါးထုတ်ခြင်းတို့ကို လက်တွေ့စမ်းသပ်ပြုလုပ်ပြသပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ် ခဲ့ပါကြောင်း။

 

နိုင်ငံတော်အစိုးသစ်လက်ထက်တွင် စက်မှုဝန်ကြီးဌာနမှ သိမ်းဆည်းထားသော မြေများအနက် နိုင်ငံတော်သို့ (၃၄၈၁ဒသမ၉၂၁)ဧက ပြန်လည်အပ်နှံရန် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ တင်ပြထားပြီး မြေဧက (၂၂၇၆ ဒသမ ၂၈၁) ဧကကို  ကောလိ တ္ထော်အရာရှိထံ လွှဲပြောင်းအပ်နှံပြီးဖြစ်ပြီး ကျန်ရှိသော မြေ (၁၂၀၅ ဒသမ ၆၄) ဧကကို လွှဲပြောင်း အပ်နှံနိုင်ရေး နိုင်ငံတော်နှင့် မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိ ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် သတင်းမီဒီယာများက သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်မှုများအတွက် ဘဏ္ဍာငွေသုံးစွဲမှု၊ ကမ်းရိုးတန်း ဒေသများတွင် ဘေးဒဏ်ခံအဆောက်အဦ တည်ဆောက်ဖြည့်ဆည်းပေးမှု၊  နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေး ဆောင်ရွက်မှု၊ တပ်မတော်မှ ပြန်လည်နုတ်ထွက်ခွင့်ပြုသည့် ကလေးစစ်သားများကို ထောက်ပံ့ပေးနေမှု၊ သဘာဝဘေး ကြိုတင်စီမံမှုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးတို့ ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်၊ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းများ တွင် လူမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကလေးသူငယ်စွန့်ပစ်မှုနှုန်း များပြား လာမှု၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ထိန်းကျောင်းဆောင်ရွက်မှု၊ မန္တလေးခေတ်မီဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မန္တလေး-မူဆယ်ရထားလမ်း ဖောက်လုပ် မည့် စီမံကိန်း၊ ရထားပြေးဆွဲမှုမှ ရရှိသည့် ဘဏ္ဍာငွေ၊ ပျဉ်းမနားဘူတာပြုပြင်ရေး၊ နေပြည် တော်မီးရထားစက်ခေါင်းစက်ရုံမှ ထုတ်လုပ်မှု၊ ယာဉ်မောင်းလိုင်စင်နှုန်းထားနှင့် လိုင်စင် ထုတ်ပေးသည့် မူဝါဒ၊ လျှပ်စစ်မော်တော်ကား ထုတ်လုပ်မည့် အစီအစဉ်၊ SME လုပ်ငန်းများကို ချေးငွေထုတ်ချေးပေးနေမှု၊ မြွဆေိပ်ဖြေဆေးထုတ်လုပ်မှု ပမာဏ၊ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ရပ်ဆိုင်းထားသည့် နိုင်ငံပိုင်စက်ရုံများအနက် ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် သုံးသပ်နေမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ မေးမြန်းကြရာ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြန်လည် ရှင်းလင်းဖြေကြားကြသည်။ 

 

(သတင်းစဉ်) 

 

KYS_7