mdn

နေပြည်တော် ၁၆ မေ

 

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည်။ စီးပွားရေး မြို့တော်ဖြစ်သည်နှင့်အညီ နိုင်ငံ၏ ဖွံ့ဖြိုးမှုသည် ရန်ကုန်မြို့တွင် ထင်ဟပ်နေသည်။ တစ်နည်းဆိုလျှင် ဖွံ့ဖြိုးမှုမှန်သမျှတို့သည် ရန်ကုန်မြို့တွင် စုပြုံ နေသည်။ လူမှုဘဝမြင့်မားရေး၊ လူမှုစီးပွားတိုးတက်ရေးအတွက် အဓိက ကျသော စီးပွားရေးဈေးကွက်ကြီးသည် ရန်ကုန်မြို့တွင်ရှိနေသည်။

 

ထို့ကြောင့် လူမှုစီးပွားမြင့်မားတိုးတက်ရေးအတွက် အနယ်နယ်အရပ်ရပ်မှ လုပ်ငန်းရှင်များ၊ ပြည်သူများ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းအလုပ်များ လုပ်ကိုင်ကြရာ ရန်ကုန်မြို့ မြို့ပြနေထိုင်မှုနှင့် လူဦးရေထူထပ်မှု တစ်နေ့တခြားမြင့်မားလာသည်ကိုတွေ့ရမည်ဖြစ်သည်။ သို့ဖြစ်၍ မြို့ပြ လိုအပ်ချက်များနှင့် စိန်ခေါ်မှုများလည်း တစ်နေ့တခြားကြီးမားလာသည်။

 

လူ့အဖွဲ့အစည်းတစ်ခု ကောင်းမွန်စွာ ရပ်တည်လည်ပတ်နိုင်ရေးအတွက် စနစ်ကျတိုးတက်သည့် မြို့ပြ စီမံခန့်ခွဲမှုရှိရမည်ဖြစ်သလို မြို့နေ ပြည်သူများကလည်း စည်းကမ်းတကျလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက် ခြင်းဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု ရေရှည်တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရာ တွင်ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ ရေရှည်တည်တံ့ခိုင်မြဲပြီး တိုးတက်အောင်မြင်မည် ဖြစ်သည်။

 

ရန်ကုန်မြို့တော်ကြီးသည် ယခင်နှင့်မတူ သိသာထင်ရှားစွာ အစစ အရာရာ တိုးတက်လာပါသည်။ အထူးသဖြင့် လူဦးရေတိုးတက်မှုနှင့်မော်တော်ယာဉ်စီးရေ တိုးတက်မှုသည် အံ့မခန်းပင် ဖြစ်သည်။ ထိုတိုးတက်မှုများ ဖြေရှင်းရေးမှာတစ်ဖက်၊ မြို့ပြဖွံ့ဖြိုးမှု ဆောင်ရွက်ရေးမှာတစ်ဖက်နှင့်လွယ်ကူလှသည် မဟုတ်ပေ။ စိန်ခေါ်မှုများ၊ ပြဿနာများမှာ ကြီးမားလှသည်။ သို့သော် သက်ဆိုင်ရာအစိုးရနှင့် အဖွဲ့အစည်းများက စိန်ခေါ်မှုများကို ရင်ဆိုင်ကာ မြို့ပြဖွံ့ဖြိုးရေးကို မဖြစ်မနေ ကြိုးပမ်းနေသည်။

 

စီးပွားရေးတိုးတက်သော ရန်ကုန်မြို့ကြီးအတွက် လမ်းပန်းဆက်သွယ်ရေး၊ မြို့ပြတည်ဆောက်ရေး၊ လျှပ်စစ်မီး ရရှိရေးသည် အဓိက ကျသောအချက်များဖြစ်၍ ယင်းတို့ကို ဦးစားပေးအကောင်အထည်ဖော်လျက်ရှိသည်။ မြို့ပြလူထု သွားလာမှုလွယ်ကူစေရေးအတွက် YBS ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများကို အကျိုးအမြတ် မကြည့်ဘဲဆောင်ရွက်ခဲ့ရာ မြို့နေပြည်သူများ အဆင်ပြေစွာ သွားလာနိုင်သည်။ မြို့ပတ်နှင့် ဆင်ခြေဖုံး ရထားများ တိုးချဲ့ပြေးဆွဲခြင်း၊ ရထားလမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းကျဆင်းရေးနှင့် မိုးပျံကားလမ်းစီမံကိန်းတို့ကို အကောင်အထည်ဖော်နေသည်။

 

ထို့အပြင် ဘူတာပလက်ဖောင်းများ၊ ရေမြောင်းများ၊ ကားလမ်း ကူးနေရာများနှင့် လိုအပ်သောနေရာများတွင် လူကူးခုံးကျော်တံတားများ၊ တန်ဖိုးနည်းအိမ်ရာများ၊ တန်ဖိုးမြင့်အိမ်ရာများကို တည်ဆောက်ပေးလျက်ရှိသည်။ ထူထပ်သိပ်သည်းသော မြို့ပြကြီးအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးကိုလည်း ကြိုးပမ်း ဖော်ဆောင်နေသည်။ ဤသို့ဖြင့်ခေတ်မီမြို့တော်ကြီးတစ်ခုအဖြစ် လျော်ညီစေရန်အတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေရာတွင် မြို့နေလူထုစည်းကမ်းလိုက်နာရေးသည်မဖြစ်မနေ လိုအပ်လာသည်။

 

မြို့ပြဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာ တွင် ထင်သာမြင်သာပြီး ကြီးမား သောစိန်ခေါ်မှုမှာ မော်တော်ယာဉ်များနှင့် လမ်းနယ်မြေကျူးကျော်မှုများ ဖြစ်သည်။ ယင်းတို့သည် တစ်မြို့လုံးပျံ့နှံ့နေသဖြင့် ဖြေရှင်းရန်ပင် မလွယ်ကူ တော့သည့်အခြေအနေ ဆိုက်နေသည်။ အမှိုက်စွန့်ပစ်ရေးကိုအမျိုးသားရေးအသိဖြင့် တစ်စတစ်စဆောင်ရွက် နိုင်ကောင်းသော်လည်း လမ်းနယ်သတ်မှတ်ချက်ပေါ်တွင် နေရာယူထားမှုများမှာ အခိုင်အမာနှင့် အများစုဖြစ်နေ၍ ဖြေရှင်းရန်မလွယ်ကူခြင်းဖြစ်သည်။ နိုင်ငံတကာ အဆင့်မီ မြို့ပြတည်ဆောက်ရာ တွင် စိန်ခေါ်မှုအမျိုးမျိုးကို ဖြေရှင်းရန်အတွက် ပြည်သူလူထုကို တစ်စတစ်စ စည်းရုံးပညာပေးရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ရန်ကုန်မြို့တော်ကြီးသည် စီးပွားရေးမြို့တော်ကြီးဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ထင်ရှားသော ပြယုဂ်ဖြစ်၍ ရန်ကုန်မြို့ကြီး နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမည် သာဖြစ်သည်။ ယင်းအတွက် မြို့နေပြည်သူလူထုအနေဖြင့် မိမိတို့သည် မြို့ပြစည်းကမ်းများကို လိုက်နာခြင်းရှိ၊ မရှိ ဆင်ခြင်သုံးသပ်ပြီး မြို့ပြဖွံ့ဖြိုးရေးတွင် လက်တွဲပါဝင်ရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ