ရေကြည် ၁၆ မေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ညောင်မှော်ကျေးရွာအုပ်စု ဓာတ်တော်ကုန်းကျေးရွာ ရွာလယ်တွင် ဆန်စက်တည်ဆောက်ထားသဖြင့် စားသောက်ပစ္စည်းများတွင် အမှုန်များ လွင့်ကျလာသည့်အတွက် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စက်နားပတ်ဝန်းကျင်မှ အနီးအနားမှ ပြည်သူ (၆) ဦး သွားရောက်တိုင်ကြားကြောင်း ဒေသခံများ ပြောပြ၍ သိရသည်။
စက်လည်ပတ်ရာတွင် အမှုန်အမွှားများ လွင့်စင်ကာ ကလေးသူငယ်များ၊ သက်ကြီးရွယ်အို အဘိုးအဘွားများ ကိုယ်ဝန်ဆောင်မိခင်များ အခက်ကြုံနေပြီး စက်ညဘက် အချိန်လွန်ကဲစွာ လည်ပတ်နေ၍ တစ်နေ့လုပ် တစ်နေ့စား အလုပ်သမားများ သက်ကြီးရွယ်အိုများ အိပ်မရ၍ ကျန်းမာရေး ထိခိုက်လာပြီး အလုပ်မဆင်းနိုင်၍ စားဝတ်နေရေးပါ အခက်အခဲဖြစ်နေသည်ဟု ဦးမောင်မောင်လေးက ပြောသည်။
ဒေသခံများ စက်နှင့်ပတ်သက်သော တိုင်ကြားစာနှင့်ပတ်သက်ပြီး ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ အကာအကွယ်ပေးရေး FDA မှ တာဝန်ရှိသူများသည် မေ ၁၅ ရက်က ဒေသခံများနှင့် စက်ပိုင်ရှင်တို့ကို ကွင်းဆင်းညှိနှိုင်းပေးခဲ့ပြီး စက်ဘေးနား တစ်ဝိုက် အမှုန်လွင့်မထွက်အောင် ကာထားရန် အချိန်နှင့်လည်ပတ်ရန် ညှိနှိုင်းဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ညောင်မှော်အုပ်စု ဓာတ်တော်ကုန်းကျေးရွာတွင် အိမ်ခြေ(၁၂၈)အိမ်ရှိကြောင်းသိရသည်။
ဆန်းတင့်(ရေကြည်)