နေပြည်တော် ၁၇  မေ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ သက်တမ်းတိုးမြှင့်ခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြသည်။

ယင်းနောက် ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ ရွေးကောက်ပွဲစနစ်များ၊ ရွေး ကောက်ပွဲဆိုင်ရာ ဗဟုသုတများကို စာသင်ကျောင်းများတွင် သင်ကြားပေးခြင်း၊ ကျောင်းတွင်းရွေးကောက်ပွဲများမှတစ်ဆင့် ရွေးကောက်ပွဲအလေ့အထများကို ကျောင်းသား၊ ကျောင်းသူလူငယ်များ ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်း၍ အနာဂတ်တွင် အကောင်အထည်ဖော်ဆော်ရွက်နိုင်ရန် ရည်မှန်းထားရှိပြီး လက်ရှိအချိန်တွင်မူ ရွေးကောက်ပွဲလုပ်ငန်းစဉ်များအရ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်းပြောကြားသည်။

ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏ ကန်ပက်လက်မြို့နယ်အတွင်းရှိ မကြားအိမ်နူး၊ လုံအိမ်နူး၊ အောက်ကန့်၊ လဲပုံ ကျေးရွာအုပ်စုများရှိ ကျေးလက်ကျန်းမာ ရေးဌာနခွဲများအား ကျေးလက်ကျန်းမာရေးဌာနအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မကြားအိမ်နူး ကျေးလက်ကျန်းမာရေးဌာန ခွဲ ပေးမည်ဆိုပါက ထိုဌာန၏ အောက်တွင်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၄ ခုကို အလိုအလျောက်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မကြားအိမ်နူးကျေးလက်ကျန်းမာ ရေးဌာနခွဲကိုပေးမည်မဟုတ်ပါကြောင်း၊ လုံအိမ်နူးကျေးလက်ကျန်းမာရေးဌာနခွဲ နှင့်ကပ်လျက် ၃ မိုင်ခန့်သာ ဝေးသည့်  ခါရိုင်းကျေးလက်ကျန်းမာရေးဌာနခွဲရှိပါကြောင်း၊ ခါရိုင်း ကို ကျေးလက် ကျန်းမာရေးဌာန အဆင့်တိုးမြှင့်ပေးမည်ဆိုပါက ကျေးရွာပေါင်း ၁၄ ရွာ၊ လူဦးရေ ၂၅၀ဝ ကျော်ရှိပါကြောင်း၊ ထို့ကြောင့် ခါရိုင်းကျေးလက်ကျန်းမာရေး ဌာနပေးမည်ဖြစ် ပါကြောင်း။

အောက်ကန့် ကျေးလက်ကျန်းမာရေးဌာနခွဲသည် ကျင်ဒွေး ကျေးလက်ကျန်းမာ ရေးဌာနအောက်တွင်ရှိပါကြောင်း၊ ကျေးရွာ ၇ ရွာ၊ လူဦးရေ ၁၆၀ဝ ကျော်ရှိပြီး သတ်မှတ်ချက်မူ ၆ ချက်တွင် ၅ ချက်ရှိသောကြောင့်  အောက်ကန့်ကျေးလက်ကျန်းမာ ရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာန ပေးမည်ဖြစ်ပါကြောင်း၊  လဲပုံ ကျေးလက် ကျန်းမာရေးဌာန ခွဲသည် ကျေးရွာ ၃ ရွာ၊ လူဦးရေ ၄၀ဝ ကျော် နေထိုင်ပြီး သတ်မှတ်ချက် မူ ၆ ချက်တွင် ၁ ချက်သာ ကိုက်ညီပါကြောင်း၊ ထို့ကြောင့် လဲပုံ ကျေးလက်ကျန်းမာရေးဌာနခွဲအား ပေးမည်မဟုတ်ပါကြောင်း။

ကျေးလက်ကျန်းမာရေးဌာနခွဲ ၄ ခု တောင်းသည့် အနက် ၂ ခုကို အဆင့်တိုးမြှင့် ပေးမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် ရက်စွဲဖြင့် ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ခြင်း၊ ဝန်ထမ်းအသစ် ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု အစီရင်ခံစာ အပေါ် အခြေခံသော အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးမှသာ အဆိုပါ အမိန့်ကြော်ငြာတွင် ပါရှိသော သတ်မှတ်ချက်များနှင့်အညီ စိစစ်တင်ပြရန် လမ်းညွှန်ချက်အား ချမှတ်ပြီးပါက ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွဲ့စည်းပုံခွင့်ပြုမိန့် ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်သည် ခက်ခဲသည့် ဒေသဖြစ်သည့်အတွက် ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍  တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၏ တောင်ကုတ်မြို့နယ်တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ ၊ မရှိ၊ ကြာအင်း ဆိပ်ကြီး မဲဆန္ဒနယ်မှဦးစောတင်ဝင်း၏ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့(၂၅) ခုတင်ဆံ့ဆေးရုံ ၌ ဆရာဝန် ၁ ဦး တိုးမြှင့်ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ၊ ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာ၊  ကောင်းဘို့ ကျန်းမာရေးဌာနကို ကောင်းဘို့ကျေးရွာတိုက်နယ် ဆေးရုံအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် တိုက်ကြီး မဲဆန္ဒနယ် မှ ဦးကျော်မြင့်၏ တိုက်ကြီးမြို့နယ်၊ အဖျောက် မြို့ စံပြဆေးရုံကို (၂၅) ခုတင်ဆံ့ ဆေးရုံအဖြစ် အဆင့် တိုးမြှင့်ပြီး ဥပဓိရုပ် မကောင်းတော့သည့် ဝန်ထမ်းအိမ်ရာများအား အသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။

ထို့နောက်  အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ၊ ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များနှင့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် သဘောတူညီချက်တို့ကို လွှတ်တော်သို့တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
    
ဆက်လက်၍ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  လွှတ်တော်နှစ်ရပ်သဘော ကွဲလွဲမှုရှိသောကြောင့်  ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန်တင်ပြသင့် ကြောင်းအဆိုကို  ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက တင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သဘောကွဲလွဲသည့် အချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင် စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် စေတုတ္ထရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က နိုင်ငံအဝန်းတွင် စိုးရိမ်ဖွယ်မြင့်မားစွာ ဖြစ်ပွားလျက်ရှိသော ကင်ဆာရောဂါဆိုးအား ဖြစ်ပွားမှု လျော့ကျစေရန် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွားစေနိုင်သည့် ကိစ္စရပ်များအား ဥပဒေနှင့် အညီ ထိရောက်စွာ အသိပညာပေး တားဆီးကာကွယ်စောင့်ရှောက်ပေးပါရန်  နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် ကင်ဆာရောဂါသည် မိမိတို့နိုင်ငံတွင် သာမက ကမ္ဘာနှင့် အဝှမ်း မြင့်မားစွာ ဖြစ်ပွာသေဆုံးလျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် စာရင်များအရ ကမ္ဘာအဝှမ်းတွင် လူပေါင်း ၁၈ ဒသမ ၁ သန်းဖြစ်ပွားခဲ့ပြီး ၉ ဒသမ ၆ သန်း သေဆုံးခဲ့ပါကြောင်း၊  ကမ္ဘာတွင် သေဆုံးမှု ဒုတိယအများဆုံးရောဂါ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်  ၂၀၁၈ခုနှစ် စာရင်းအရ   အသစ်ဖြစ်ပွားသူ ၆၉၅၅၄ ဦးရှိပြီး ၅၁၀၅၉ ဦး သေဆုံးခဲ့ပါကြောင်း၊ သုတေသနပြုချက်များအရ  အမျိုးသား ၅ ယောက်တွင် ၁ ယောက်ကင်ဆာဖြစ်ပွားနေပြီး အမျိုးသမီး ၆ယောက်တွင် ၁ ယောက် ဖြစ်ပွားနေပါကြောင်း၊ ကင်ဆာနှင့် သေဆုံးသူများ၏ ၇၀ ရာခိုင်နှုန်းသည် ဝင်ငွေနိမ့် ကျသူများ၊ ဝင်ငွေအလယ်အလတ်ရှိသူများဟု WHO က ဆိုပါကြောင်း။


ကင်ဆာရောဂါဖြစ်ပွားရသည့်အကြောင်းရင်းများမှာ သဘာဝပတ်ဝန်းကျင်နှင့် ဆိုင်သည့် လေထုညစ်ညမ်းမှုကြောင်း ဖြစ်ပွားခြင်း၊ စားသောက်နေထိုင်မှုနှင့် အန္တရာယ်ရှိသည့် အစားအသောက်များကြောင့်ဖြစ်ပွားခြင်းနှင့် မျိုးရိုးဗီဇကြောင့် ဖြစ်ပွားခြင်း တို့ဖြစ်ပါကြောင်း၊ အဖြစ်များသည့် ကင်ဆာရောဂါ၏ သုံးပုံတစ်ပုံသည် ကာကွယ်၍ ရသည်ဟု ဆိုပါကြောင်း၊ ကာကွယ်တားဆီးခြင်း၊ စောစီးစွာရှာဖွေစမ်းသပ် ခြင်းနှင့် ကုသမှုခံယူခြင်းကြောင့်လူ့အသက် ၃ ဒသမ ၇ သန်းအထိ နှစ်စဉ်ကယ်တင် နိုင်သည်ဟု ဆိုပါကြောင်း။

ဂျပန်အစိုးရသည် နိုင်ငံသူနိုင်ငံသားများ အတွက် ဘေးကင်းလုံခြုံစိတ်ချရသည့် စားသောက်ကုန်များကိုသာ တင်သွင်းရောင်းချခွင့်ပြုပါကြောင်း၊ နိုင်ငံသားများ ကျန်းမာ ရေးဆိုးကျိုးဖြစ်စေနိုင်သည့် စားသောက်ကုန်များကို လုံးဝတင်သွင်းရောင်းချခွင့်မပြု စေဘဲ အထူးကြပ်မတ်စိစစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသူနိုင်ငံသားများ ကင်ဆာ ရောဂါဘေးဆိုးမှ ကင်းလွတ်ပြီး သက်ရှည်ကျန်းမာရောဂါကင်းဝေးစေရန် အဆိုတင်သွင်းအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံးက အဆိုအား လက်ခံ ဆွေးနွေး နိုင်ရန် ထောက်ခံတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေး နွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

ယင်းနောက် ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ် တင်သွင်းသည့် မြန်မာ နိုင်ငံရှိ ဘိန်းအများဆုံး စိုက်ပျိုးရာဒေသများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရန်အတွက်  အစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအားဖိတ်ခေါ်ပြီး ဘိန်းအစားထိုး စီမံကိန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းက မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ် သောဒေသများတွင် ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်များဖော်ဆောင်ပေးခြင်း၊ အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်သောဒေသများတွင် စီးပွား ရေးလုပ်ငန်းများနှင့် သမဝါယမအဖွဲ့အစည်းများကို အားပေးမြှင့်တင်ပေးခြင်း၊ မူးယစ် ဆေးဝါးထုတ်လုပ်သောဒေသများတွင်  စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ခြင်းစသည့် လုပ်ထုံးလုပ်နည်းများဖြင့်  ရိုးရှင်းအောင် ပြုလုပ်ပေးသင့်ပါကြောင်း။

မူးယစ်ဆေးဝါးထုတ်လုပ်သောဒေသများတွင် အစားထိုးဖွံ့ဖြိုးရေးမြှုပ်နှံမှုပြုရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အားပေးဖိတ်ခေါ်ခြင်း၊ အကူအညီပေးခြင်းနှင့် ကုန်သွယ်ခြင်းဆိုင်ရာ နည်းလမ်းများဖြင့် နိုင်ငံတကာပေါင်းစပ်ညှိနှိုင်းမှုအခွင့်အလမ်းများနှင့် ယန္တယားများ ဖော်ဆောင်ခြင်း၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်နိုင်ရန် မူးယစ် ဆေးဝါးနှင့် ပတသက်သော ဒေသများ၏ လိုအပ်ချက်များကို လေ့လာဆန်းစစ်ခြင်း၊ လူ့ အခွင့်အရေးဆိုင်ရာချဉ်းကပ်မှုများမြှင့်တင်နိုင်ရန် လူ့အခွင့်အရေးဆိုင်ရာ အသိပညာနှင့် ဗဟုသုတများ ဖြန့်ဝေခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ တာဝန်ရှိသူများအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ တရားမဝင် မူးယစ် ဆေးဝါးဓာတုပစ္စည်းများနှင့်ပတ်သက်သည့် ဥပဒေရေးရာ ပြန်လည် သုံးသပ်ခြင်း စသည်တို့ကို ဆောင်ရွက်ရန်လိုပါကြောင်း အကြံပြုထောက်ခံဆွေးနွေးသည်။

ဆက်လက်၍  မိုင်းရှူး မဲဆန္ဒနယ်မှ  ဦးစိုင်းထွန်းအေး၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ မိုင်းတုံ မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦး၊ အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၊ တံတားဦး မဲဆန္ဒနယ်မှ ဒေါ်စိုးနွယ်အေး၊ သံတောင်ကြီး မဲဆန္ဒနယ် မှ ဦးစောဗစ်တာခလိုက်၊ မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်မိုး၊ ဒီးမော့ဆို မဲဆန္ဒနယ်မှ ဦးပေါလ် ဆိုင်း နှင့် ဖယ်ခုံ မဲဆန္ဒနယ်မှ ဦးဖိုးမောင် တို့က  ဆွေးနွေးကြသည်။

ယင်းနောက် အဆိုနှင့်စပ်လျဉ်း၍  နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လူသားမျိုးနွယ်တို့၏ အန္တရာယ်ဖြစ်သည့် မူးယစ်ဆေးဝါး အန္တရာယ်ကို နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့နိုင်ငံ၏ တားဆီးကာကွယ်မှုစွမ်းအားဖြင့် လည်းကောင်း၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ ဖြင့်လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တစိုက်မတ်မတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ အနာဂတ်တွင်လည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုနှင့်စပ် လျဉ်း၍ လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရ၏ အတိတ်က ဆောင်ရွက်ချက်များ၊ လတ်တလော ဆောင်ရွက်ချက်များအပြင် အနာဂတ်ကာလတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

မူးယစ်ဆေးဝါးအန္တရာယ်သည် မြန်မာတစ်မျိုးသားလုံးအတွက် သာမက ကမ္ဘာ့ လူသားအားလုံးအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့်အတွက် တားဆီးကာကွယ်ခြင်း၊ အစားထိုးစီမံကိန်းများ ဆောင်ရွက်ပေးခြင်းစသည့်  လုပ်ငန်းစဉ်များသည် ကြီးမား ကျယ်ပြန့်ပါကြောင်း၊ ကြီးမားကျယ်ပြန့်ခြင်းနှင့်အတူ နည်းပညာအချိန်နှင့် ငွေကြေးအင်အား ပမာဏများပြားစွာ သုံးစွဲဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဘိန်းအစားထိုးလုပ်ငန်းစဉ်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များက တက်တက်ကြွကြွလက်တွဲပူးပေါင်းကူညီဆောင်ရွက်မည်ဆိုပါက ဒေသခံ တောင်သူများအတွက် များစွာအကျိုးရှိမည့် လုပ်ငန်းတစ်ရပ်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်အပ်ပါကြောင်း၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရများနှင့်လည်း ဆက်သွယ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် အဆိုအား အတည်ပြုပေးပါရန် ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အဆိုအားအတည်ပြုပေးပါရန် ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမ နေ့ကို မေ  ၂၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)