နေပြည်တော် ၁၈ မေ
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မေ ၁၃ ရက်မှ ၁၇ ရက်ထိ ကျင်းပသည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် ညီလာခံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ညီလာခံကို ၂၀ဝ၇ ခုနှစ်မှစ၍ (၂)နှစ်လျှင်တစ်ကြိမ် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၌ အလှည့်ကျ ကျင်းပလျက်ရှိပြီး ယခု အစည်းအဝေးသို့ နိုင်ငံပေါင်း (၁၈၂)နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း (၄၀ဝ၀)ကျော် တက်ရောက်ခဲ့သည်။
ယခုနှစ်ကျင်းပသည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် ညီလာခံတွင် ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများ အပါအဝင် ဝန်ကြီးအဆင့် တံခါးပိတ်ဆွေးနွေးပွဲများ၊ High Level Dialogues များ၊ အလုပ်သဘော ဆွေးနွေးပွဲများ၊ side events များ တက်ရောက်ခြင်း၊ မိတ်ဖက်နိုင်ငံများမှ အဆင့်မြင့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ဆောင်ရွက်နေမှု အခြေအနေနှင့် နိုင်ငံတကာမှ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ညီလာခံဒုတိယနေ့တွင် ဒုတိယဝန်ကြီးဦးစိုးအောင်သည် ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးရေးအတွက် မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားသည်။
ဒုတိယဝန်ကြီးသည် ဝန်ကြီးအဆင့်အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက် (၂၀၁၇) တွင် ပါဝင်သည့် ဦးစားပေးကဏ္ဍ (၃၂)ခု၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံနေသည့် စိန်ခေါ်မှုနှင့် အောင်မြင်မှုများ၊ စောင့်ကြည့်အကဲဖြတ်ခြင်းအတွက် ဆောင်ရွက်နေမှုများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး/ လိုက်လျောညီထွေဖြစ်စေရေး ဆောင်ရွက်မှုများနှင့် သဘာဝဘေး လျော့ပါးရေးအတွက် ဒုတိယသမ္မတများ ဦးဆောင်သည့် နိုင်ငံတော်အဆင့်ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအရ ဦးစားပေးဆောင်ရွက်နေမှု အခြေအနေများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြသကဲ့သို့ အခြားနိုင်ငံများ၏ အတွေ့အကြုံများ တင်ပြဆွေးနွေးရာတွင်လည်း ပါဝင်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ၂၀၁၉ ခုနှစ်အတွက် အာဆီယံဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကိုယ်စား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံပူးတွဲ ကြေညာချက် တစ်စောင်ကိုလည်း ဒုတိယဝန်ကြီးက ညီလာခံတွင် ဖတ်ကြားတင်ပြခဲ့သည်။
ယခုကဲ့သို့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် ညီလာခံသို့ မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်ခြင်းကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအကောင် အထည်ဖော်ရာတွင်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှု အန္တရာယ်များအား ရင်ဆိုင်ဖြေရှင်းရာတွင်လည်းကောင်း အတူတကွ ပူးပေါင်းအဖြေရှာနိုင်ခြင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ပြဿနာဖြေရှင်းမှုနည်းလမ်းများနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ နိုင်ငံတကာမှ အကြံဉာဏ်များ၊ အတွေ့အကြုံကောင်းများကို မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစဉ်များတွင် ပြန်လည်ပေါင်းစပ် အသုံးပြုနိုင်ခြင်း၊ မြန်မာနိုင်ငံ၏ သဘာဝဘေးလျော့ပါးရေးအတွက် မူဝါဒများနှင့် လုပ်ငန်းစဉ်များ စနစ်တကျ ချမှတ်အကောင်အထည်ဖော်မှု အခြေအနေများအား ကမ္ဘာ့နိုင်ငံများသို့ ရှင်းလင်းဆွေးနွေးနိုင်ခြင်း၊ နည်းပညာနှင့် စွမ်းအားအရင်းအမြစ် အကူအညီပေးလိုသည့် မိတ်ဖက်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။
သတင်းစဉ်