၂၀ မေ
ကျွန်တော်ဟာ စာရေးရတာကို ဝါသနာပါလှတယ်။ အခွင့်အရေးရတိုင်းလည်း ရေးဖြစ်တယ်။ ပုံမှန်တော့ တစ်ပတ်တစ်ကြိမ် မြန်မာ့အလင်းသတင်းစာမှာ ဆောင်းပါးရေးဖြစ်တယ်။ အခုဆို ငါးနှစ်ကျော်လောက်ရှိပြီ။ အခုလိုရေးဖြစ်လို့လည်း ကျွန်တော့်ရဲ့အမြင်၊ ကျွန်တော့်ရဲ့အယူအဆ၊ အတွေးအခေါ်တွေ စာဖတ်ပရိသတ်တွေကို မျှဝေခွင့်ရခဲ့တယ်။
တစ်ခါတလေ မထင်မှတ်ဘဲ စာဖတ်ပရိသတ်က ကျွန်တော့်ကို လာနှုတ်ဆက်ရင် အလွန်ကျေနပ်မိတာ။ အထူးသဖြင့် လူငယ်တွေက လာပြောရင် ပိုပြီးဝမ်းသာမိတယ်။ လူငယ်တွေ စာဖတ်တာကို သိရလို့ပျော်ရပါတယ်။ တချို့က ကျွန်တော့်ကို မေးကြတယ်။ ဘယ်အချိန် စာရေးသလဲ၊ စာရေး ချင်စိတ်ပေါ်အောင် ဘယ်လိုကြိုးစားသလဲ။ ဒီမေးခွန်းတွေကို ကြားရရင် ကျွန်တော့်မှာ အခက်အခဲတွေ့ရတယ်။ ကျွန်တော့်မှာ စာရေးဖို့အချိန် သတ်မှတ်တာမရှိဘူး။ စိတ်ထဲပေါ်တာနဲ့ ရေးတာပါပဲ။ သတ်မှတ်တဲ့အချိန်မရှိသလို သတ်မှတ်တဲ့နေရာလည်း မရှိပါဘူး။ ရုပ်မြင်သံကြားကြည့်ရင်းလည်း ရေးဖြစ်တာပဲ။ အိမ်မှာ မိသားစုနဲ့ နားနေချိန်မှာလည်း စာရေးဖြစ်တယ်။ စိတ်ထဲမှာ ပေါ်လာတဲ့အကြောင်းအရာကို အာရုံပြုပြီး ရေးလိုက်တာ။
စိတ်မပါတဲ့အခါတော့ မရေးဖြစ်ဘူး။ သင်္ကြန်အပြီးကာလမှာ အလုပ်တွေက ရှုပ်နေတာမို့လည်း မရေးဖြစ်ပြန်ဘူး။သင်္ကြန်မတိုင်ခင်ကတော့ ကိုရီးယားနိုင်ငံရောက်နေတာမို့ မရေးဖြစ်ခဲ့ဘူး။
ကိုရီးယားသို့ ပထမခရီးစဉ်
ကိုရီးယားခရီးစဉ်အကြောင်း ပြည့်ပြည့်စုံစုံရေးဖို့ စဉ်းစားထားပေမယ့် အခုပဲတင်ပြပါ့မယ်။ ကျွန်တော် တောင်ကိုရီးယားကို အရင်တုန်းက နှစ်ကြိမ်ရောက်ခဲ့တယ်။ ပထမအကြိမ်က ကျန်းမာရေးဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်အနေနဲ့ ရောက်ခဲ့တာ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစီအစဉ်နဲ့ လေ့လာရေးသွားခဲ့တယ်။ စီစဉ်ပေးသူက ဆရာကြီးဒေါက်တာဦးကိုကို။ အခုတော့ ဆရာကြီးကဆုံးသွားပြီ။ ကျွန်တော့်ကို တောင်ကိုရီး ယားနဲ့ အင်ဒိုနီးရှားနိုင်ငံ နှစ်နိုင်ငံကို စေလွှတ်ခဲ့တယ်။ သွားတဲ့ ကိစ္စက ကျန်းမာရေးအာမခံ။ ဒီကိစ္စကို ကျွန်တော်က သိပ်စိတ် ဝင်စားတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အလွန်အရေးပါတဲ့အရာက ကျန်းမာရေးအာမခံပဲဖြစ်တယ်။
ညွှန်ချုပ်တာဝန်ယူစဉ်က “စရိတ်မျှပေး၊ ကျန်းမာရေး” အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တယ်။ ဒီအစီအစဉ်ကလည်း အာဖရိကနိုင်ငံတွေမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကောင်အထည်ဖော်တဲ့ပုံစံ။ ဒါပေမယ့် ဒီအစီအစဉ်က မလုံလောက်ကြောင်း သတိပြုမိတယ်။ အမှန်တော့ လိုတာက ကျန်းမာရေး အာမခံအစီအစဉ်။ ထိုင်းနိုင်ငံ ကျေးလက်ဒေသမှာ အကောင်အထည်ဖော်နေတဲ့ တစ်ကြိမ် ဘတ် ၃၀ စီမံချက်။ အဓိပ္ပာယ်က လူနာတစ်ဦး ဆေးရုံဆေးခန်းသွားရင် ကုန်ကျငွေ ဘတ် ၃၀ ပဲကုန်ကျခံရမှာ။ တစ်ဒေါ်လာပဲကုန်တဲ့သဘော။ မြန်မာငွေနဲ့ ဆို ကျပ် ၁၅၀ဝ လောက်။ တောင်ကိုရီးယားနိုင်ငံမှာ အကောင်အထည်ဖော်တဲ့ ကျန်းမာရေးအာမခံ အစီအစဉ်ကတော့ အလွန်ကျယ်ပြန့်လှပါတယ်။ ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လို့သာ လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါတယ်။
ကိုရီးယားမှာ KDI၊ မြန်မာမှာ KDI
ဒုတိယအကြိမ်ကတော့ သမ္မတဦးသိန်းစိန်လက်ထက်။ ဒီတုန်းက ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနဲ့အတူ သွား ရောက်ခဲ့ခြင်းဖြစ်တယ်။ အဓိကအကြောင်းကတော့ ကိုရီးယား နိုင်ငံရဲ့ နာမည်ကြီးလှတဲ့ Korea Development Institute (KDI) ပုံစံကို မြန်မာပြည်မှာ အကောင်အထည်ဖော်ဖို့၊ KDI ရဲ့ အောင်မြင်မှုကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခဲ့တယ်။ သမ္မတကြီးပတ်ချွန်ဟီး လက်ထက်။ ဒီတုန်းက ကိုရီးယားစစ်ပွဲ ပြီးချိန်၊ နိုင်ငံတိုးတက်မှုအတွက် ဘယ်လိုဆောင်ရွက်ဖို့ စဉ်းစားတဲ့အချိန် သမ္မတကြီးက နိုင်ငံခြားရောက်နေတဲ့ကိုရီးယားပညာရှင်တွေကို ဖိတ်ခေါ်ခဲ့တယ်။ ဒီဖိတ်ခေါ်မှုတွေကြောင့် အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ ကိုရီးယားပညာရှင် ၁၂ ဦး ပြန်ရောက်လာပြီး KDI ကို တည်ထောင်ခဲ့တယ်။ ဒီပညာရှင်တွေဟာ စီးပွားရေးပညာရှင်တွေ ဖြစ်ကြပြီး ကိုရီးယားနိုင်ငံ ဖွံ့ဖြိုးမှုစီမံချက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။ KDI ရဲ့ ထူးခြားချက်က စတင်အကောင်အထည်ဖော်ချိန်ကစပြီး ယနေ့အချိန်အထိ သမ္မတအဆက်ဆက် အပြောင်းအလဲတွေ ဖြစ်ပေမယ့် KDI ကတော့ ဆက်လက်တည်မြဲနေတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာ KDI ပုံစံကိုယူပြီး Myanmar Deve- lopment Institute(MDI) ကို စတင်ခဲ့တယ်။ ကိုရီးယား နိုင်ငံရဲ့ အကူအညီနဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်။
KDI ရဲ့ ထူးခြားချက်က ဒီအဖွဲ့ကို သမ္မတကြီးရဲ့ တိုက်ရိုက် စီမံမှုအောက်မှာထားခဲ့တယ်။ ဝန်ကြီးဌာနတစ်ခုမှာထားရင် လေးနက်မှုမရှိမှာ စိုးရိမ်တဲ့အတွက် MDI ကိုလည်း ရေရှည် ရပ်တည်နိုင်အောင် စီစဉ်သင့်တယ်။ အစိုးရအပြောင်းအလဲဖြစ် ပေမယ့် MDI ဆက်ပြီး လှုပ်ရှားနိုင်အောင် စဉ်းစားရတယ်။ KDI ရဲ့ ပညာရှင်တွေကို လုပ်ခလစာတွေ အများကြီးပေးပြီး တာဝန်ပေးခဲ့တယ်။ ကျွန်တော်တို့နိုင်ငံမှာ အခုလိုစဉ်းစားဖို့ ခက်ခဲမယ်ထင်တယ်။ အစိုးရဝန်ထမ်းနှုန်းထားနဲ့ အလုပ်လုပ် မယ့်သူတွေ ရှာဖွေဖို့ခက်မှာ။ နိုင်ငံအတွက် အနစ်နာခံပြီးလုပ် စေချင်တဲ့ဆန္ဒရှိပေမယ့် လက်တွေ့ကျဖို့ လိုလိမ့်မယ်ထင်တယ်။
KDI ကို လေ့လာရင်း ထူးခြားချက်နောက်တစ်ခုတွေ့ရပြန်တယ်။ ဒီအဖွဲ့အစည်းနဲ့တွဲဖက်ပြီး KDI School ကျောင်းကို တည်ထောင်ထားတယ်။ ကျောင်းလို့ခေါ်ပေမယ့် အမှန်တော့ ဘွဲ့လွန်သင်တန်းပေးတဲ့တက္ကသိုလ်။ ကျွန်တော်က ကျောင်းဆရာမို့ ဒီကျောင်းကို ပိုပြီးစိတ်ဝင်စားတယ်။ မြန်မာ ပြည်မှာလည်း MDI သူ တည်ထောင်ဖို့ စီစဉ်ခဲ့တယ်။ အခုတော့အခြေအနေတွေက ပြောင်းလဲသွားပြီမို့ ပရိသတ် တစ်ယောက်အနေနဲ့သာ သုံးသပ်နိုင်တာ။
တတိယအကြိမ်ရောက်ရှိခြင်း
တတိယအကြိမ် ရောက်လာခဲ့တာက Korea Foundation အစီအစဉ်နဲ့။ နိုင်ငံအသီးသီးက ပညာရှင်တွေ၊ အစိုးရ အရာရှိကြီးတွေကို ကိုရီးယားနိုင်ငံကို ခြောက်ရက်တာ ဖိတ်ကြားပြီး သူတို့နိုင်ငံရဲ့ လုံခြုံရေး၊ နိုင်ငံရေးအခြေအနေတွေကို ရှင်းပြ၊ တင်ပြတဲ့အစီအစဉ်။ တစ်ဖက်ကလည်း ဖိတ်ကြားခြင်း ခံရသူတွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ်တွေ့ချင်တဲ့သူ၊ သွားချင် တဲ့ရုံး၊ ကျောင်းတွေ သွားခွင့်ပေးတယ်။ ဒီတစ်ခေါက်မှာ ကျွန်တော်နဲ့အတူ နိုင်ငံပေါင်း ၁၇ နိုင်ငံက ဖိတ်ကြားခြင်းခံရသူ ၁၈ ဦးက အရှေ့တောင်အာရှနိုင်ငံတွေအနက် မြန်မာပြည်နဲ့ မလေးရှားက တစ်ဦးစီ။ တောင်အမေရိကနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံတွေက စုံလှတယ်။ ဒုတိယဝန်ကြီးတွေ၊ ညွှန်ချုပ်တွေ၊ ပါမောက္ခတွေ ပါဝင်တယ်။ တောင် ကိုရီးယားမြို့တော် ဆိုးလ်မြို့ကို တိုက်ရိုက်လေယာဉ်ခရီးရှိတာမို့ ခရီးကလွယ်တယ်။ သန်းခေါင်ချိန် ရန်ကုန်ကထွက်ပြီး နောက်တစ်နေ့မနက်ကျတော့ ဆိုးလ်မြို့ကိုရောက်တယ်။ လေယာဉ်ကွင်းမှာ လာကြိုတဲ့သူနဲ့တည်းခိုမယ့် ဟိုတယ်ကို ခရီးထွက်ခဲ့တယ်။ ဟိုတယ်က ကြယ်ငါးပွင့်မို့ ခမ်းနားတယ်။ ဈေးကြီးမှာပါပဲ။ ပထမနေ့မှာ နားခွင့်ရတယ်။ ဒုတိယနေ့မှာ တော့ Korea Foundation ရုံးချုပ်ကိုသွားကြပြီး ဥက္ကဋ္ဌလုပ်သူက လုံခြုံရေး၊ နိုင်ငံရေးအခြေအနေကို ရှင်းပြတယ်။ သိတဲ့အတိုင်း အခုချိန်မှာ တောင်နဲ့မြောက်ကိုရီးယားရဲ့ ဆက်ဆံမှုအခြေအနေတွေဟာ အလွန်သိမ်မွေ့ပြီး ရှုပ်ထွေးနေတဲ့အချိန်၊ အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ နောက်ဆုံးဆွေးနွေးမှုတွေ ပျက်ခဲ့တာမို့ အခြေအနေတွေက စိုးရိမ်စရာ။
ကိုရီးယားနိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစပြီး နှစ်ခြမ်းကွဲခဲ့တယ်။ ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ မြောက်ကိုရီးယားနိုင်ငံဖြစ်လာပြီး အမေရိကန်နိုင်ငံရဲ့ အကူအညီနဲ့ တောင်ကိုရီးယားနိုင်ငံ ရပ်တည်ခဲ့တယ်။ တောင်ကိုရီးယားဟာ အခုချိန်မှာ အလွန်တိုးတက်တဲ့၊ အောင်မြင်တဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်နေပြီ။ ဝင်ငွေအဆင့်အတန်းဟာ အလွန်မြင့်မားတယ်။ အနောက်နိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံပုံစံ။ ဒါပေမယ့် မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုပြဿနာက ယခုချိန် အထိ ခပ်တင်းတင်း။
နေ့လယ်စာကို ကိုရီးယားစားသောက်ဆိုင်တစ်ဆိုင်မှာ ကျွေးမွေးဧည့်ခံတယ်။ ညဘက်မှာ မြန်မာနိုင်ငံရဲ့ သံအမတ်ကြီးနဲ့ Yonsei တက္ကသိုလ်က ပါမောက္ခတွေ တည်ခင်းတဲ့ညစာစား ကြတယ်။ ကျွန်တော်ကကိုယ်ပိုင် အစီအစဉ်နဲ့ Kyuns Yee တက္ကသိုလ်မှာ ဟောပြောပွဲတစ်ရပ်လုပ်ဖြစ်တယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တွေအကြောင်း။ မြန်မာနိုင်ငံရဲ့ သံအမတ်ကြီးနဲ့ စီးပွားရေး တာဝန်ခံလည်း တက်ရောက်ကြတယ်။ ပရိသတ်တွေက ၁၅၀ ကျော်။ စိတ်ဝင်တစားနဲ့ မေးခွန်းတွေ မေးကြတယ်။
စစ်မဲ့ဒေသမှာ လည်ပတ်ခွင့်ရခဲ့
တက္ကသိုလ်ကြီး အလွန်ခမ်းနားလှတာ။ ဘွဲ့နှင်းသဘင်ခန်းမ က လူ ၅၀ဝဝ ကျော်ဆံ့တာ။ ကျွန်တော့်ကို KDI ကို ပို့ပေးတယ်။ အရင်တစ်ခေါက်က သိခဲ့သူတွေနဲ့ ပြန်တွေ့ရတယ်။ ကျေနပ်တာက KDISchool မှာ ပါရဂူဘွဲ့ယူဖို့ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသူ သုံးဦး၊ ကျောင်းသား နှစ်ဦးတို့နဲ့ တွေ့ ခွင့်ရတာ။ သူတို့တစ်တွေက ဘွဲ့ရပြီးတဲ့အချိန် မြန်မာပြည် ပြန်ပြီး MDI မှာ တာဝန်ယူကြမှာ။ သူတို့ရဲ့တင်ပြချက်တွေကို နားထောင်ပြီး ကျွန်တော်အားပေးခဲ့တယ်။ ခရီးစဉ်မှာ အထူးခြားဆုံးက မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်စပ် စစ်မဲ့ဒေသကို လေ့လာခွင့်ရတာဖြစ်တယ်။ ဒီနယ်စပ်ဒေသက နာမည်ကြီး ရုပ်မြင်သံကြားအစီအစဉ်တွေမှာ အမြဲမြင်တွေ့ နေရတယ်။ နယ်စပ်ဒေသဖြစ်တာမို့ လုံခြုံရေးဟာအပြည့်။ သံဆူးကြိုးတွေ ကာထားသလို မိုင်းဗုံးတွေလည်း ထောင်ထားတာမြင်ရတယ်။
ဒါပေမယ့် ဒီနေရာကို ကမ္ဘာလှည့်ခရီးသည်တွေအတွက် စီစဉ်ဆောင်ရွက်ထားတာကို အံ့ဩစရာတွေ့ရတယ်။ ထုံးစံ အတိုင်း ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ အမှတ်တရလက် ဆောင်ပစ္စည်းအရောင်းဆိုင်တွေအပြည့်။ မြောက်ကိုရီးယားက တူးထားတဲ့ ဥမင်လိုဏ်ခေါင်းထဲလည်း သွားခဲ့တယ်။ အတော်လေးပင်ပန်းတာ။ ရောက်ဖူးအောင်သာသွားခဲ့တာ။
ဒီတစ်ခေါက် သွားခဲ့တာ အရင်အခေါက်တွေနဲ့ မတူတဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ မိတ်ဆွေအသစ်တွေလည်း ရခဲ့တယ်။ ကိုရီးယားနိုင်ငံရဲ့ တိုးတက်ဖွံ့ ဖြိုးမှုပုံစံကိုလည်း သုံးသပ်ခွင့်ရခဲ့ပါတယ်။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်