ရန်ကုန် ၂၀ မေ
၂၀၁၉ ခုနှစ် နွေရာသီ၌ အပူရှိန်မြင့်မားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ သောက်သုံးရေကန် စုစုပေါင်း(၂၄)ကန် ခန်းခြောက်ပြီး အဆိုပါ ခန်းခြောက်မှုကြောင့် သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေသော ဒေသခံပြည်သူများထံ နေ့စဉ် သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။ ယနေ့ နံနက်က သောက်သုံးရေကန် ခန်းခြောက်မှုကြောင့် ရေရှားပါးပြတ်လပ်နေသည့် သပြေကုန်းကျေးရွာ၌ သောက်သုံးရေများ ပေးလျက်ရှိသည်။

မြို့နယ်အတွင်း ရေရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာန ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အတွင်းရှိ အဖွဲ့အစည်းများ၊ AG Resources Myanmar Co.,Ltd. နှင့် ရှင်သန်ရေးကူညီမှုအသင်းတို့မှ သောက်သုံးရေပြတ်လပ်သော ရပ်ကွက်နှင့် ကျေးရွာများသို့ ဧပြီ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ရေဂါလန် စုစုပေါင်း (၁၁) သိန်းကျော် ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာနမှ သိရသည်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသော ဒလမြို့နယ်၌ နွေရာသီ ကာလအတွင်း ရေပြတ်လပ်မှုနှင့်ရေရှားပါးမှုကို ကြုံတွေ့နေဆဲဖြစ်သည့် ဒေသတစ်ခုပင်ဖြစ်သည်။ ဒေသခံပြည်သူများ၏ သောက်သုံးရေအတွက် လိုအပ်မှုမှာ တစ်နှစ်ထက်တစ်နှစ် တိုးလာလျက်ရှိသည်။ ၂၀၁၈ခုနှစ် နွေရာသီ ရေရှားပါးမှုနှင့် နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ် နွေရာသီ၌ သောက်သုံးရေကန်များ ခန်းခြောက်မှုနှင့် ရေရှားပါးမှုမှာ တစ်နှစ်ထက်တစ်နှစ် ပို၍တိုးပွားလာကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ဒလမြို့နယ်၌ မြို့ပေါ်ရပ်ကွက်(၂၄)ရပ်ကွက်တွင် မြေသားရေကန်(၁၂၄) ကန်၊ ကျေးရွာအုပ်စု (၂၃) အုပ်စု ကျေးရွာပေါင်း (၅၄) ရွာတွင် မြေသားရေကန် (၂၀၅) ကန် စုစုပေါင်း ရေကန်ပေါင်း (၃၂၉)ကန် ရှိသည်။
မြို့နယ်အတွင်း အိမ်ခြေ(၃၇၂၂၅)၊ အိမ်ထောင်စု(၃၉၃၆၀)၊ အသက်(၁၈)နှစ်အောက် (၄၇၇၅၇)ဦး၊ အသက်(၁၈)နှစ်အထက် (၁၁၅၁၃၆)ဦး၊ လူဦးရေစုစုပေါင်း(၁၆၂၈၉၃) ကျော် နေထိုင်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဒလမြို့နယ်၌ နှစ်စဉ် သောက်သုံးရေရှာပါးမှုကို ရင်ဆိုင်ကြုံတွေ့နေမှုနှင့် ပတ်သက်၍ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေရီစိုးက “ကျွန်မတို့ မြို့နယ်မှာ ရွှေ့ပြောင်းနေထိုင်တဲ့ လူဦးရေက တစ်နှစ်ထက်တစ်နှစ် အရမ်းများလာတယ်၊ အခြေခံလူတန်းစားတွေ အများဆုံးနေထိုင်တဲ့ ဒေသတစ်ခုဖြစ်တဲ့အတွက် သောက်သုံးရေကန်များက ရပ်ကွက်/ကျေးရွာတွေမှာ နည်းပါးလျက်ရှိတာကြောင့် ရေရှားပါးမှုကို နွေရာသီရောက်တိုင်း ကြုံတွေ့နေရတဲ့ မြို့တစ်မြို့လည်း ဖြစ်တယ်၊ သောက်သုံးရေကို သိုလှောင်သိမ်းဆည်းနိုင်တဲ့ ရေလှောင်ကန်တွေ နည်းပါးသေးတာကို မြင်တွေ့ရတယ်၊ ကျေးရွာတွေမှာ ရေပိုက်လိုင်းတွေနဲ့ သုံးရေကို ဖြန့်ဝေပေးနိုင်မှု မရှိသေးဘူး၊ AG Resources Myanmar Co.Ltd လို ရေသန့်စက်ရုံတွေ လာရောက်ပြီး ရင်းနှီးမြှုပ်နှံသင့်တယ်၊ ဈေးနှုန်းသက်သာစွာနဲ့ ပြည်သူတွေထံ ပေးဝေသင့်ပါတယ်၊ ဒေသခံပြည်သူတွေရဲ့ သောက်သုံးရေ အခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့၊ ရေရှည်ရေရှားပါးပြတ်လပ်မှု ကင်းဝေးစေမှာ ဖြစ်ပါတယ် ” အကြံပြု ပြောကြားခဲ့သည်။
AG Resources Myanmar Co.Ltdမှ ဆာပါချောင်းကျောင်းစုရပ်ကွက်၌ ယာယီရေသန့်စက်ရုံ တည်ဆောက်ပြီး မြစ်အတွင်းရှိ ရေများကို စုပ်ယူ၍ ရေသန့်စင်စက်ဖြင့် အဆင့်ဆင့်သန့်စင်ပြုလုပ်ပြီး PH7 အဆင့်ရှိသော သောက်သုံးရေသန့်ကို မြို့နယ်အတွင်းရှိ ရေရှားပါးပြတ်လပ်သော ရပ်ကွက်နှင့်ကျေးရွာများသို့ ဧပြီလ ၅ ရက်နေ့မှ စတင်ပြီး မေလ ၁၀ ရက်နေ့အထိ ရေဂါလန် စုစုပေါင်း (၂၅၄၄၀ဝ) ကို ဖြန့်ဝေလှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာန မှ နေ့စဉ် ရေဖြန့်ဖြူးလျက်ရှိသော တွံတေးမြို့နယ် ရေပေးဝေရေးစခန်းမှ တစ်ရက်လျှင် ရေဂါလန် ၁ ဒသမ ၂သန်းရရှိပြီး မြို့ပေါ်ရှိ ရပ်ကွက်များသို့ တစ်ရက်လျှင် (၁၈)နာရီ ဖြန့်ဝေပေးလျက်ရှိသည်။ အဝီစိတွင်း(၁၃)တွင်း၊ ၁၀လက်မရှိ ရေချိုစုတွင်း(၅)တွင်း၊ ဂါလန်(၁၂၀ဝ)ဆံ့ အုတ်ရေကန်(၂၇)ကန်နှင့် ဂါလန်(၁၀ဝ၀) ဆံ့ ကွန်ကရစ်ကျောက်ဂွေ(၂၀) တို့ကို ရပ်ကွက်များ၌ ထားရှိပြီး သောက်သုံးရေများကို ဖြန့်ဝေပေးလျက်ရှိသည်။ ထို့အတူ မြို့နယ်ရေပေးဝေရေးစခန်းရှိ သောက်ရေသန့်စင်စက်မှ တစ်ရက်လျှင် ရေဂါလန်(၅၀ဝ၀) ထွက်ရှိသော ရေသန့်အား ဒေသခံပြည်သူများထံ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။ ကျေးရွာများသို့ ရေပိုက်လိုင်းများဖြင့် တပ်ဆင်ဖြန့်ဝေပေးနိုင်မှု မရှိကြောင်း သိရသည်။
စာရေးသူတို့၏ ဒလမြို့နယ်၌ ရေတွင်းတူးလျှင် ရေချိုမထွက်ဘဲ ရေငန်များသာ ထွက်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။ မိုးရာသီတွင် ရေကန်များ၌ ရေကို သိုလှောင်ပြီး ဆောင်းရာသီအကုန် နွေရာသီနှင့် မိုးဦးကျကာလ အထိ ပြန်လည်သုံးစွဲရသောကြောင့် နှစ်စဉ်နှစ်တိုင်း နွေရာသီကာလတွင် ရေကန်များ ခန်းခြောက်ကာ သောက်သုံးရေ ရှားပါးမှုကို ယနေ့တိုင် ကြုံတွေ့နေရဆဲ ဒေသတစ်ခုဖြစ်သည်။
အနာဂတ်တွင် ဒလမြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများ၏ သောက်သုံးရေဖူလုံစေရန်၊ ရေရှားပါးပြတ်လပ်မှု ကင်းဝေးစေရန်၊ ရေကို စနစ်တကျပိုမိုသိုလှောင်နိုင်ရန် အခြေခံအဆောက်အအုံများနှင့် ရေသန့်စင်စက်ကြီးများ တည်ဆောက်ပေးနိုင်ပါက နွေရာသီရောက်တိုင်း ရေရှားပါးပြတ်လပ်မှုဒုက္ခမှ ကင်းဝေစေမည် ဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)