၁ ဇန်နဝါရီ
နှစ်သစ်ကူးပြီ။
နှစ်ဟောင်းတစ်နှစ် ကုန်ဆုံးခဲ့ပြီ။
၂၀၁၈ ဟူသည့် နှစ်ဟောင်းတစ်နှစ် ကုန်ဆုံးခဲ့ပြီး ၂၀၁၉ ဟူသည့် နှစ်သစ်တစ်နှစ်ဆီသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။
သာမန်အားဖြင့်ဆိုလျှင် ပြက္ခဒိန်အဟောင်းတစ်ခု ကုန်ဆုံးပစ်လွှင့်လိုက်ရပြီဖြစ်ပြီး ပြက္ခဒိန်အသစ်တစ်ခုကို စတင်အသုံးပြု ရတော့မည် ဟုဆိုရမည်သာ။ သို့သော်လည်း လူများစု၏ ရင်တွင်းမှာ ဒါက သာမန်အပြောင်းအလဲဟု မထားမိ။ နှစ်ဟောင်းတစ်ခု ကုန်ဆုံးပြီးနောက် နှစ်သစ်တစ်ခုကို စတင်ချိန်ဟု အလေးအနက် နှလုံးသွင်းမိကြပြီး နှစ်ဟောင်းက အမှားအယွင်းများကို ပြန်လည်စိစစ်ကာ နောက်တစ်ကြိမ် ထပ်မံမမှားရေး၊ လာမည့်နှစ်သစ်တွင် ပိုမိုကောင်းမွန်သည်များ ပိုမိုမှန်ကန်သည်များ တို့ကိုသာ ဂရုပြုကြံစည် ဆောင်ရွက်ရေးစသည့် အတွေးများ၊ ရည်မှန်း ချက်များဖြင့် ဆုတောင်းကြ သန္နိဋ္ဌာန်ပြုကြဖြင့် နှစ်ဦးကို ကြိုဆိုကြသည်။
အများအားဖြင့် နှစ်သစ်ကူး သန္နိဋ္ဌာန်များ ဆုံးဖြတ်ချက်များ ရည်မှန်းချက်များကို ပြည့်ဝစွာ အကောင်အထည် ဖော်နိုင်သည်ဟူ၍ မရှိလှသော်လည်း ရည်မှန်းချက်ထားခြင်း၊ သန္နိဋ္ဌာန်ပြုခြင်း၊ မှန်ကန်သော လုပ်ငန်းစဉ်များ ချသည်ဆိုခြင်းကပင်လျှင် အရေးကြီးသော နှစ်ဦးအဆုံးအဖြတ်များ မဟုတ်ပါလား။
လူတို့၏ သဘာဝအရ စိတ်ဆန္ဒနှင့် စိတ်စေတနာက ဦးစွာရှိဖို့က အရေးကြီးဆုံး။ သို့မှသာ ထိုရှိသည့် စိတ်ဆန္ဒနှင့် စိတ်စေတနာအတိုင်း ပြောဆိုပြုမူ လုပ်ဆောင်ဖို့အတွက် အခြေခံတွန်းအားဟူ၍ ဖြစ်လာသည် မဟုတ်ပါလား။
ထို့ကြောင့်ပင် မူလစဉ်းစားမျှော်မှန်းချက်၊ ဆုံးဖြတ်ချက်နှင့် သန္နိဋ္ဌာန် ပြုချက်တို့က မှန်ကန်သည့် စဉ်းစားမျှော်မှန်းချက်၊ လက်တွေ့နှင့် နီးစပ် သည့် စိတ်ကူးအိပ်မက်တို့ဖြစ်ရန် လိုအပ်သည် မဟုတ်ပါလား။ ယင်းသို့ အားဖြင့် အမှန်တကယ် လက်တွေ့ဆောင်ရွက်နိုင်ရေးအတွက် အင်အားကြီးမားသော တွန်းအားဖြစ်ပါမည်။
မြန်မာပြည်သူလူထုအဖို့မူ နိုင်ငံရေးအပြောင်းအလဲကြီးတစ်ခုကို မျှော်လင့်ကြပြီး ပြည်သူလူထုတို့၏ နေ့စဉ် စီးပွားရေး ဘဝများ ချောမွေ့ပြေလည်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတိုးတက်မြင့်မား ခိုင်မာရေး၊ ပြည်သူတို့ဘဝ လုံခြုံငြိမ်းချမ်းရေး၊ နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးတို့အတွက် စစ်မှန်သော အမှန်တကယ် ငြိမ်းချမ်းသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွန်းလာရေးက နှစ်ဦးနှစ်ကူးအတွက် အပြင်းပြဆုံး ဆုတောင်းဖြစ်ပါသည်။
မြန်မာပြည်သူလူထုကြီး၏ မျှော်မှန်းချက် ဆုမွန်များပြည့်ဝစေရေးအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ သတင်းနှင့် မီဒီယာ အစရှိသည့် အဓိကကျသော မဏ္ဍိုင်ကြီးများအားလုံး အင်အားပြည့်ပြည့်၊ အဂတိကင်းကင်း မတရားမှု ရှင်းရှင်းဖြစ်ကြစေ၊ ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ ဦးထိပ်ထားသည့် စိတ်စေတနာ၊ အမှန်တရားအတွက် ပြည်သူ့အတွက် လုပ်စရာရှိသည့် လုပ်ငန်းများကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ဆောင်ရွက်နိုင်သည့် သတ္တိနှင့်အင်အား၊ ပြည်သူလူထုနှင့် ပတ်သက်လျှင် သဘောထား နူးညံ့သက်ညှာစွာ ဆက်ဆံနိုင်ကြသည့် နှလုံးသားများဖြင့် ပြည်သူ့အတွက် ပြည်သူ့အတွက် ပြည်သူ့အတွက်သာဟူ၍ အမှန်တကယ် အားထုတ် ကြိုးပမ်းဆောင်ရွက်ကြသူများ ဖြစ်ကြပါစေဟု နှစ်သစ်ကူး ဆုမွန်ခြွေ အပ်ပါသတည်း။ ။
မြန်မာ့အလင်း