၁ ဇန်နဝါရီ
ယနေ့သည် ခရစ်နှစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်၊ နှစ်သစ်တစ်နှစ်သို့ ကူးပြောင်းရောက်ရှိသော နေ့ဖြစ်သည်။ ၂၀၁၈ ခုနှစ်သည် နှစ်ဟောင်းတွင် ကုန်လွန်ကျန်ရစ်ပြီး ၂၀၁၉ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းရောက်ရှိသောနေ့ဖြစ်သည်။ နှစ်သစ်တွင် စိတ်သစ်၊ ကိုယ်သစ်ဖြင့် မင်္ဂလာရှိသော နှစ်သစ်၊ တိုးတက်ကောင်းမွန်သော နှစ်သစ်ဖြစ်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
နှစ်သစ်သို့ ကူးပြောင်းခြင်းသည် အချိန်ရာသီစက်ဝန်းအရ သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုအစဉ်ဖြစ်သည်။ သင်္ခါရလောက သဘောတရားအရ အဟောင်း၊ အဟောင်းတို့ချုပ်ငြိမ်း၍ အသစ်၊ အသစ်တို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဖြစ်ခြင်း၊ ပျက်ခြင်းတို့သည် လောကနိယာမတရား၊ သင်္ခါရတရားသာ ဖြစ်သည်။ အချိန်ကာလတို့သည် ဤသို့ပင် မရပ်မနား ဖြစ်ပေါ်ပြောင်းလဲနေမည်သာဖြစ်သည်။
အချိန်ကာလသည် လူတို့ကိုမစောင့်၊ သူ့အချိန်နှင့်သူ အဟောင်း၊ အဟောင်းတို့ အလျင်အမြန်ချုပ်ငြိမ်း၍ အသစ်၊ အသစ်တို့သည် စဉ်ဆက်မပြတ် ရောက်ရှိလာမည်သာဖြစ်သည်။ ထို့ကြောင့် အချိန်က လူကိုမစောင့်၊ လက်ရှိအချိန်ကာလ အတွင်းမှာပင် ကောင်းသောပြုဖွယ်ကိစ္စ အဝဝတို့ကို အလျင်အမြန်ပြီးမြောက်အောင် လုပ်ဆောင်ကြဖို့သာဖြစ်သည်။ တန်ဖိုးမဲ့ အချိန်ဖြုန်းနေမိပါက အချိန်ကုန်လွန်ခြင်းနှင့်အတူ မိမိတို့၏ဘဝများသည်လည်း အချည်းနှီး ကုန်ဆုံးသွားမည်သာ ဖြစ်သည်။
ထို့ကြောင့် မိမိတို့၏ မျက်မှောက်ရောက်ရှိနေသော အချိန်ကာလကို တန်ဖိုးရှိစွာဖြင့် ဖြတ်သန်းကြရမည်ဖြစ်သလို ကုန်ဆုံးသွားသောအချိန် ကာလများအတွင်း မိမိတို့၏ဘဝ၊ မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏ လောကကို မည်သို့တန်ဖိုးရှိအောင် နေထိုင်လုပ်ကိုင်ခဲ့သည်၊ တန်ဖိုးမရှိအောင် နေထိုင်လုပ်ကိုင်ခဲ့ကြသည်ကို ပြန်လည်ဆန်းစစ် သုံးသပ်ကြည့်ရန်လည်း လိုအပ်သည်။ ဆင်ခြင်သုံးသပ်သည်ဆိုရာ၌ မိမိတို့အနာဂတ်ကို ပိုမိုကောင်းမွန်အောင် သင်ခန်းစာယူကာ ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားနိုင်ရန်အတွက် ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီ ဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော် ကုန်ဆုံးခဲ့သည့် ကာလအတွင်း လွတ်လပ်ရေးနှင့်ထိုက်တန်သောနိုင်ငံ၊ လွတ်လပ်သောနိုင်ငံသားများနှင့် တူတန်သောဘဝများကို ဖန်တီးတည်ဆောက်ခဲ့ကြခြင်းရှိ၊မရှိ ပြန်လည်သုံးသပ်ကြည့်ရန်ဖြစ်သည်။ လူ့သက်တမ်း တစ်ခုစာမျှကြာမြင့်ခဲ့သည့် ကာလအတွင်း လူတိုင်းလူတိုင်းသည် တန်ဖိုးရှိသော လူ့ဘဝများကို ဖန်တီးတည်ဆောက်နိုင်ခဲ့ကြမည်ဆိုလျှင် ယနေ့ကာလတွင် လောက နိဗ္ဗာန်ကြီးပင် ပေါ်ထွန်းနေလောက်ပြီ။
လောကနိဗ္ဗာန်ကို တည်ဆောက်နိုင်ရန်မှာ ဗြဟ္မစိုရ်တရားလေးပါး၊ လောကပါလတရားများနှင့်အညီ ကျင့်ကြံနေထိုင်မှသာ တည်ဆောက်နိုင်မည်ဖြစ်သည်။ လူတစ်ဦးချင်းအနေဖြင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနများကို လျှော့ချကာ တစ်ဦးနှင့်တစ်ဦး မေတ္တာစိတ်ထားဖြင့် ပေါင်းသင်းဆက်နွှယ် ဆက်ဆံနေထိုင်ခြင်းဖြင့်သာ ကောင်းမွန်သော လောကကို တည်ဆောက်နိုင်မည်ဖြစ်သည်။
လူတို့သည် သာမန်ပုထုဇဉ်မျှသာဖြစ်၍ အမှားနှင့်ကင်းနိုင်ကြမည် မဟုတ်ချေ။ အမှားကိုပြင်ပြီး အမှန်သို့ရောက်အောင် ပြုပြင်ပြောင်းလဲ နိုင်ဖို့သာ လိုရင်းဖြစ်သည်။ သို့သော် လူတို့သည် လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာနများကို ပါးလျားသည်ထက်ပါးလျားအောင် လျှော့ချနိုင်ခြင်း မရှိချေ။ ဒေါသ၊ လောဘ၊ မာန်မာနတို့နှင့် စစ်ခင်းနေကြသဖြင့် အမုန်း သံသရာမှာ အဆုံးမသတ်နိုင်အောင် ဖြစ်နေကြသည်။ ကွဲကြပြဲကြနှင့် ငြိမ်းချမ်းသာယာသော လူ့ဘောင်လောကကို တည်ဆောက်နိုင်ရန် အလှမ်း ဝေးနေသည်။
သို့ဖြစ်ရာ တရွေ့ရွေ့ကုန်ဆုံးနေသော အချိန်ကာလတွင် ပိုမိုကောင်းမွန်သော လူ့ဘောင်လောကကို တည်ဆောက်နေရသည့် မိမိတို့ နိုင်ငံအနေဖြင့် ၂၀၁၉ နှစ်သစ်သို့ရောက်ရှိချိန်တွင် နှစ်ဟောင်းမှ မပြောင်းလဲသေးသော မိမိတို့၏စိတ်များကို နှစ်သစ်တွင် ပြောင်းလဲလာအောင် ကြံဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သော လူ့ဘောင်လောကသစ်ကို တည်ဆောက်ကြရန် ဆန္ဒပြုပါသည်။ ။
ကြေးမုံ