နေပြည်တော်  ၂၀  မေ 

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေး တရားစွဲဆိုရေးလုပ်ငန်းကိုသာမက တားဆီးကာကွယ်ရေးနှင့် ပညာပေးရေးလုပ်ငန်း အပိုင်းများကိုပါ တစ်ပြိုက်နက်တည်း တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က ပြောကြားသည်။

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က ကော်မရှင်၏ နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်း လင်းဆွေးနွေးရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ဦးအောင်ကြည် က မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်ခြင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူအများအပြားတွင် ဓလေ့ စရိုက်သဖွယ် စွဲကပ်နေသည့် အကျင့်ဖောက်ပြန်မှုကို ပပျောက်စေရန် ပြုပြင်ပေး ရခြင်းဖြစ်သည့်အတွက် အပြစ်ရှိသူများကို တရားစွဲဆိုအရေးယူ ဆောင်ရွက်ရုံမျှဖြင့် ရည်မှန်းချက်များ မအောင်မြင်နိုင်ကြောင်း  ဆက်လက်ပြောကြားသည်။

 

”လွှတ်တော်ကိုယ်စားလှယ်တချို့ က တစ်ပါတီအုပ်ချုပ်ရေးစနစ်နိုင်ငံတွေမှာ လုပ်နေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်နည်းလုပ်ဟန်တချို့ကို နမူနာပေးပြီး ပိုမိုပြတ်သားစွာ လုပ်ဆောင်သွားဖို့ တိုက်တွန်းခဲ့တာရှိပါတယ်။  စေတနာကောင်းနဲ့ တိုက်တွန်းတာ ဖြစ်ပေမယ့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်တွေ မတူညီတဲ့အပြင် တရားစွဲဆိုရတဲ့ လုပ်ထုံးလုပ်နည်းတွေပါ မတူညီတဲ့အတွက် အသွင် ကူးပြောင်းဆဲ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံမှာ ပုံတူယူကျင့်သုံးဖို့ မသင့် တော်ဘူးလို့ ထင်ပါတယ်။ ဖွံ့ဖြိုးဆဲဒီမိုကရေစီနိုင်ငံတွေက အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ဆောင်ချက်တွေနဲ့ နှိုင်းယှဉ်သုံးသပ်မှုသာလျှင် ပိုမိုလက်တွေ့ကျပြီး အသုံးဝင် နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

 

 မြန်မာနိုင်ငံ၌ အသေးစားအဂတိလိုက်စားမှုများ မကျဆင်းရခြင်း၏ အဓိက အကြောင်းအရင်းတစ်ခုမှာ ရုံးဌာနများတွင် အရိုးစွဲနေသော ဌာနတွင်း အဂတိလိုက် စားမှု များကြောင့် ဖြစ်သည်မှာ သိသာထင်ရှားပြီး ကော်မရှင်၏ စစ်ဆေးတွေ့ရှိချက် များတွင် အောက်မှအထက်သို့ ပံ့ပိုးပေးမှုများလည်း တွေ့ရှိရကြောင်း၊  အောက်ခြေမှ အကျင့် ဖောက်ပြန်မှု ကျူးလွန်သည့်အခါ အထက်က စစ်ဆေးသည့် အရာရှိကြီးများ ကိုယ်တိုင် ဖြစ်ရပ်မှန်ကို ဖော်ထုတ်စစ်ဆေး အရေးယူရမည့် အစား ကျူးလွန်ခဲ့သော အပြစ်များကို ဖုံးဖိပြုပြင်ပေးခဲ့ပြီး ပေါ့လျော့အောင် ပြုလုပ်မှုများကိုလည်း တွေ့ရှိ အရေးယူခဲ့ရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

 

“ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ကော်မရှင်က သက်ဆိုင်ရာ ဌာနတွေကို လွှဲပြောင်းပေးတဲ့ တိုင်ကြားစာတွေအပေါ် ယုံကြည်မှု နည်းစေတဲ့ တကယ့်အကြောင်းအရင်းက ဌာနတွင်း အဂတိလိုက်စားမှုများကြောင့်လို့ ပြောလိုပါ တယ်။ ဒီအရာတွေဟာ အစိုးရဌာနတွေဘက်ကလည်း တာဝန်ယူ တာဝန်ခံမှုရှိစွာနဲ့ ကိုင်တွယ်ဖြေရှင်းပေးသင့်တဲ့ အချက်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

 

ထို့ပြင် ဦးအောင်ကြည်က အုပ်ချုပ်ရေးအပိုင်းတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း များအပိုင်းတွင်ဖြစ်စေ မိမိတို့လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်များအတွက် တာဝန်ယူမှု မရှိခြင်း၊ ပူးပေါင်းဆောင်ရွက်လိုသော ဆန္ဒမရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ရုံးလုပ်ငန်းစနစ်၊ မှတ်တမ်းထိန်းသိမ်းရေးစနစ်တို့အပေါ် တာဝန်ခံမှုစံနှုန်း နိမ့်ကျနေ ခြင်းသည်လည်း ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများတွင် ကြီးမားသည့် အဟန့်အတားများ ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

 

“ကျွန်တော့်အနေနဲ့ လုပ်ငန်းခွင်အခက်အခဲတချို့ကို အခုလိုရှင်းပြနေတာဟာ ကော်မရှင်ရဲ့ တာဝန်ရှိမှုကို ရှောင်လွှဲလိုလို့ မဟုတ်ပါဘူး။ ကိုယ်စားလှယ်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းပမာဏကို မှန်ကန်စွာ ချိန်ဆနိုင်ဖို့ ဖြစ်ပါတယ်။ ဒီတာဝန်ကို ယူထားပြီးပြီဆိုမှတော့ ဘယ်လောက်အခက်အခဲရှိရှိ ဖြစ်နိုင်တဲ့နည်းလမ်းအားလုံးကို အသုံးပြုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို စိတ်ဆန္ဒပြင်းပြစွာနဲ့ ဆက်လက်အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

 

ကျော်စောသတင်းဆိုသည်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃(ဂ) အရ အများပြည်သူအကြား ကျယ်ပြန့်စွာ ပျံ့နှံ့နေပြီး အဂတိလိုက်စားမှု ဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ဖြစ်သည့်အပြင် ယင်းအတွက် ခိုင်လုံသော အထောက်အထား ရှိမှသာ ကော်မရှင်ကပင် သတ်မှတ်ပေးနိုင်ခြင်းဖြစ်ပြီး ကော်မရှင် သည် အများပြည်သူအကြားတွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေသော သတင်းဖြစ်လာပါက အဆိုပါ သတင်းကို မျက်ခြေပြတ်မခံဘဲ စူးစမ်းလေ့လာမှု အမြဲပြုလုပ်လျက် ရှိနေပါ ကြောင်း ၎င်းကပြောသည်။

 

“ပျံ့နှံ့နေတဲ့သတင်းဟာ အဂတိလိုက်စားမှုမမြောက်ရင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ့ရှိပြီး အဂတိလိုက်စားမှုမြောက်ခဲ့ရင်တော့ ဥပဒေအရ ပျက်ပြယ် မှာ မဟုတ်တဲ့အပြင် ခိုင်လုံတဲ့အထောက်အထားတွေ ပိုမိုထွက်ပေါ်လာလေ့ရှိတာမို့ စိုးရိမ်စရာမရှိပါဘူး” ဟုကော်မရှင် ဥက္ကဋ္ဌ ကပြောကြားခဲ့သည်။

 

အဆိုပါ ကော်မရှင်၏နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးက ပါဝင်ဆွေးနွေးခဲ့ကြပြီး ယင်းအစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် ကော်မရှင်ဥက္ကဋ္ဌ၏ ပြန်လည် ရှင်းလင်းတင်ပြချက်ကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

 

အောင်ရဲသွင်၊ အေးအေးသန့်