နေပြည်တော် ၂၁ မေ
ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အဓိကတာဝန် (၃)ရပ်ဖြစ်သည့် သတင်းအချက်အလက်ပေးခြင်း၊ အများပြည်သူအသိပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် အလုပ်များလုပ်ခြင်း၊ အများပြည်သူအတွက် ဖျော်ဖြေမှုများတင်ဆက်ပေးခြင်း ဟူသည့် အလုပ်များကို လုပ်ဆောင်ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနသည် အစိုးရနှင့် ပြည်သူအကြား ဆက်သွယ်ပေါင်းကူးပေးသည့် ဌာနဖြစ်ပါကြောင်း၊ ယင်းအလုပ်ကို လုပ်ဆောင်ရာတွင် ယနေ့ပြုလုပ်သည့် ဝန်ကြီးဌာနများ၏ သတင်းစာရှင်းလင်းပွဲသည်လည်း အစိုးရနှင့် အများပြည်သူအကြား ဆက်သွယ်ပေါင်း ကူးပေးသည့် အလုပ်တစ်ခုပင်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အလုပ်ကိုဆောင်ရွက်သကဲ့သို့ အခြားဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် အများပြည်သူနှင့် ထိတွေ့စေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ပါကြောင်း။
ထို့ပြင် မိမိတို့အနေဖြင့် အများပြည်သူအချင်းချင်းထိတွေ့ပြီး ပြောဆိုဆွေးနွေးဖလှယ်နိုင်ရန်၊ အများပြည်သူ၏ အသိအမြင်၊ အတွေးအခေါ်၊ အယူအဆနှင့် သဘောဆန္ဒများ ဖြန့်ချိနိုင်ရန်လည်း လုပ်ဆောင်လျက်ရှိပါကြောင်း။
ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဟူ၍ ဌာနလေးခုရှိပါကြောင်း။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ၎င်းတို့ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်သကဲ့သို့ ပုဂ္ဂလိက ရုပ်သံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်လည်း ဆောင်ရွက်ပါကြောင်း၊ အဓိကဆောင်ရွက်နိုင်သည်မှာ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း လုပ်ငန်းရှင် Content Provider (၅)ဦး လုပ်ခွင့်ရအောင် စီစဉ်ပေးနိုင်ခြင်းဖြစ်ပါကြောင်း၊ ၎င်းတို့သည် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း စတင်ပြီး မိတ်ဆက်ထုတ်လွှင့်ခြင်းများ လုပ်ဆောင်နေပြီဖြစ်ပါကြောင်း။
ပုဂ္ဂလိက ရုပ်သံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သည့် အစီအစဉ်တွင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဥပဒေ ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို မူကြမ်းပြင်ဆင်ခြင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
နည်းဥပဒေပြီးစီးပါက ဥပဒေနှင့် နည်းဥပဒေတွင် ပါဝင်သည့် ရုပ်သံကောင်စီကို ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ ရုပ်သံကောင်စီဖွဲ့စည်းပြီးပါက ရုပ်သံလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ရှိပါကြောင်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဥပဒေ၊ နည်းဥပဒေထွက်ရှိပြီးပါက ရေဒီယိုအတွက်လည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုလောလောဆယ်တွင် ရေဒီယိုနှင့် ပတ်သက်သည့် စမ်းသပ်အစီအစဉ်တစ်ခု ဖြစ်သည့် ရန်ကုန်မြို့အနီး ထန်းတပင်မြို့တွင် ခရေ FM ကို ဆောင်ရွက်နေပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်ရှိသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများအတွက် လမ်းဖွင့်ပေးသည့် အစီအစဉ်ဖြစ်ပါကြောင်း။
အလားတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့တိုင်း၊ ခရိုင်တိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာကြည့်တိုက်နှင့် ရုံးများ ဖွင့်လှစ်ထားပါကြောင်း၊ ယင်းစာကြည့်တိုက်နှင့် ရုံးများကို အသွင်ပြောင်းလဲနိုင်သလောက် ပြောင်းလဲပြီး အနှစ်သာရပိုင်းတွင်လည်း များစွာပြောင်းလဲနေပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ စာကြည့်တိုက်များကို ပြည်သူ့စာကြည့်တိုက်များဟု ခေါ်ဆိုကာ သတ်မှတ်ထားသည့် အချိန်တွင် မည်သူမဆို အခမဲ့ စာအုပ်ငှားရမ်းပေးနိုင်သည့် တာဝန်ကို ထမ်းဆောင်ပါကြောင်း။
သို့သော် ယခုခေတ်တွင် စာဖတ်သူများ နည်းပါးလာသဖြင့် စာဖတ်သည့်အလုပ် တိုးတက်လာအောင်၊ အသိပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်အောင် စာကြည့်တိုက်ကို စာဖတ်မည့်သူများထံ ရောက်အောင် ပို့သည့်စနစ်ကို တတ်နိုင်သလောက် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်နေမှုများ ရှိသကဲ့သို့ Shanti Volunteer Association နှင့် တွဲ၍လည်း ဆောင်ရွက်နေမှုများ ရှိပါကြောင်း။
ထို့ပြင် နိုင်ငံအတွင်း ဒီမိုကရေစီအလေ့အကျင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသည့် အလေ့အကျင့်၊ စနစ်တကျ ဆွေးနွေးငြင်းခုံသည့် အလေ့အထ၊ ဒီမိုကရေစီယဉ်ကျေးမှု အလေ့အထ ထွန်းကားရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနရုံးများကို Community Centre များအဖြစ် ပြောင်းလဲပြီး အများပြည်သူဆွေးနွေး နှီးနှောဖလှယ်နိုင်ရန်အတွက် လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ထိုအရာကို အစပျိုးဆောင်ရွက်သည့်အနေဖြင့် ဝါသနာရှင်အဖွဲ့များ၊ လူငယ်များဖြင့် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ စာဖတ်ဝါသနာပါသည့် လူငယ်များအတွက် စာဖတ်ဝိုင်းများ ဖွဲ့ပေးခြင်းနှင့် အနုပညာသမားများအတွက် အနုပညာဝိုင်းများ ဖွဲ့စည်းပေးထားပါကြောင်း။
ထို့ပြင် အစိုးရပိုင်းဖြစ်သည့် ဌာနအသီးသီးတွင် တာဝန်ယူထားသည့် ပုဂ္ဂိုလ်များနှင့် ပြည်သူများနှင့် ထိတွေ့ပြီး ဆွေးနွေးပြောဆိုသော Public Talk (ပြည်သူ့စကားဝိုင်း) အစီအစဉ်များ ပြုလုပ်ပေးထားပါကြောင်း၊ ပြည်သူ့စကားဝိုင်းများတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာ ခေါင်းစဉ်တစ်ခုကို ရွေးချယ်ပြီး ထိုခေါင်းစဉ်ကို ဆွေးနွေးပြောဆိုရန်အတွက် သက်ဆိုင်ရာ နယ်မြေဒေသမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုမှ တာဝန်ရှိသည့် အရာရှိတစ်ဦးဦး သို့မဟုတ် ထိုကဏ္ဍတွင် ဆောင်ရွက်သည့် NGO အရပ်ဖက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ဦးဦးပါဝငါလေ့ရှိပါကြောင်း၊ ထိုလေးငါးဦးက ဦးဆောင်ဆွေးနွေးပြီး ပြည်သူကမေးသည့် မေးခွန်းများကို ပြန်လည် ဆွေးနွေး ဖြေကြားပါကြောင်း၊ ထိုအရာသည် မိမိတို့ တိုင်းပြည်တွင် ဒီမိုကရေစီ အလေ့အကျင့် ထွန်းကားလာရန် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပါကြောင်း။
ကျေးလက်ဒေသတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းများ ကျင်းပပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် စကားဝိုင်းအလေ့အကျင့် စတင် ပျိုးထောင် ခဲ့ပါကြောင်း၊ ပြည်သူကြားတွင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးသည့် ဆွေးနွေးပွဲများကို ယခုမှ စတင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အများစိတ်ဝင်စားသည့် ခေါင်းစဉ်များ၊ ဦးဆောင်ဆွေးနွေးသည့်သူများက ပြောလာသည့်ခေါင်းစဉ်များ၊ ပရိသတ်ထဲမှ နောက်ထပ်ခေါင်းစဉ်များ၊ ရပ်ရွာအတွက် အရေးကြီးသည့်ကိစ္စများကို ဆွေးနွေးနေပါကြောင်း၊ လေ့ကျင့်ပျိုးထောင် ပေးနေခြင်းဖြစ်ပြီး ပြည်သူ့စကားဝိုင်းပေါင်း တစ်ထောင်ကျော်ခန့် ပြုလုပ်ပြီးဖြစ်ပါကြောင်း။
အများပြည်သူအကြားတွင် ဆွေးနွေးသကဲ့သို့ ပညာရှင်အသိုင်းအဝိုင်းတွင်လည်း ဆွေးနွေးသည့် အလေ့အထရရှိအောင် ဆောင်ရွက်နေသည်များလည်းရှိပါကြောင်း၊ ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် ဆွေးနွေးပွဲများ၊ စကားဝိုင်းများ၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်းများ ရှိသကဲ့သို့ မကြာမီ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များလည်း ရှိပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွဲ့စည်းထားသည့် သုတေသနအဖွဲ့မှ ဦးဆောင်၍ ဆွေးနွေးပွဲကျင်းပသည်များလည်း ရှိပါကြောင်း၊ ထိုဆွေးနွေးပွဲများကို အခြေခံ၍ စာစောင်များ ပုံမှန်ထုတ်ဝေနေသည်များလည်း ရှိပါကြောင်း၊ ကမ္ဘာရေးရာစာစောင်၊ မြန်မာ ရေးရာစာစောင်၊ တိုင်းရင်းသားရေးရာ စာစောင်ဟူ၍ ရှိပြီး ထိုစာစောင်များကို အခြေခံ၍ ဆွေးနွေးပွဲများ ကျင်းပနေပါကြောင်း၊ ကမ္ဘာနှင့် မြန်မာဆက်စပ်သည့် အနေအထားများကို အခြေခံသည့် ဆွေးနွေးပွဲများလည်း ကျင်းပရန်ရှိပါကြောင်း။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် နိုင်ငံတော်အစိုးရ၏ စာရွက်စာတမ်းများ၊ ပြန်တမ်းများပုံနှိပ်ခြင်း အစိုးရဝန်ကြီးဌာနများ၏ စာရွက်စာတမ်းများ၊ ရွေးကောက်ပွဲများ၊ ရန်ကုန်တွင် ကျင်းပသည့် စည်ပင်ရွေးကောက်ပွဲ မဲစာရင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ပေးခြင်း ဆောင်ရွက်နေသလို လာမည့်ရွေးကောက်ပွဲတွင်လည်း ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ မဲလက်မှတ်များ ရိုက်နှိပ်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။
ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်ခြင်းကိုလည်း ဆောင်ရွက်နေပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ၃၅ သန်းပုံနှိပ်ခဲ့ပြီး ယခုနှစ်တွင် ၃၉ သန်း ပုံနှိပ်ရမည်ဖြစ်ပါကြောင်း၊ ပုံနှိပ်သည့်ပမာဏသည် ပြင်ပစာအုပ်ထုတ်ဝေရေးလုပ်ငန်းများ ထုတ်ဝေနေသည့် အရေအတွက်ထက် ပိုမိုများပြားပါကြောင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက အခြားထုတ်ဝေနေသည်များလည်း ရှိပါကြောင်း၊ စာပေဗိမာန်မှ စာအုပ်ထုတ်ဝေရေး၊ စာပေဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ဆောင်ရွက်နေသည်များလည်း များစွာရှိပါကြောင်း။
နောက်ထပ် ဌာနတစ်ခုမှာ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဖြစ်ပါကြောင်း၊ ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာဆိုသည့် မြန်မာသတင်းစာများနှင့် ဂလိုဘယ်နယူး လိုက်အော့ဖ်မြန်မာ အင်္ဂလိပ်သတင်းစာထုတ်ဝေနေပြီး Myanmar Digital News ဆိုသည့် Online သတင်းစာ ထုတ်နေပါကြောင်း။
ထိုသတင်းစာများသည် အစိုးရနှင့်ပြည်သူကြား ဆက်သွယ်ပေါင်းကူးသည့် အလုပ်သို့မဟုတ် သတင်းပြန်ကြားသည့်အလုပ်ကို အဓိကလုပ်ပါကြောင်း၊ အစိုးရဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများ၏ ဆောင်ရွက်ချက်များကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးနေပါကြောင်း၊ လွှတ်တော်များက ဆောင်ရွက်နေပုံများ၊ လွှတ်တော်များ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဖော်ပြနေပါကြောင်း၊ လွှတ်တော်နှင့် ပတ်သက်သည့် သတင်းတင်ပြပုံများကို ပိုမိုစိတ်ဝင်စား ဖွယ်ဖြစ်အောင် ပြောင်းလဲတင်ပြရန် မိမိတို့စဉ်းစားနေသလို လွှတ်တော်ဖက်ကလည်း အကြံဉာဏ်ရယူရန် ညှိ်နှိုင်းထားပါကြောင်း၊ ဆိုလိုသည်မှာ မဏ္ဍိုင်(၃)ရပ်၏ ဆောင်ရွက်ချက်များကို မိမိတို့အနေဖြင့် တင်ပြပေးနေပါကြောင်း။
နောက်တစ်ခုမှာ အများပြည်သူအကြား၊ နိုင်ငံအနှံ့အပြားနှင့် ကမ္ဘာတွင်ဖြစ်ပျက် နေသည့်ကိစ္စများကို အများပြည်သူကို အသိပေးနိုင်ရန်အတွက် သတင်းစာများက ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ နည်းပညာပြောင်းလဲလာသည့်အတွက် ပုံနှိပ်မှ အီလက်ထရောနစ် မီဒီယာဘက်ကို ရွှေ့ပြောင်းလာပါကြောင်း၊ ပုံနှိပ်မီဒီယာ ကျဆင်းနေပြီး အွန်လိုင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်လာပါကြောင်း၊ ထိုကာလတွင် မိမိတို့သည်လည်း ပုံနှိပ်တွင် ရပ်တန့်မနေဘဲ အွန်လိုင်းမီဒီယာသို့ ပြောင်းလဲနိုင်ရန် ကြိုးစားနေပါကြောင်း၊ ထို့ကြောင့် Myanmar Digital News ကို ပြီးခဲ့သည့်နှစ်မှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုကဏ္ဍကိုလည်း ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်ရှိပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုသော၊ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သော၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော၊ လူထုလူတန်းစားအသီးသီးကို တိုက်ရိုက်၊ သွယ်ဝိုက်၊ တစ်ဆင့်ခံ နည်းလမ်းများနှင့် ဝင်ငွေများစီးဝင်မည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သော မီးခိုးမထွက်သည့် စက်ရုံ လုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူခဲ့ရာမှ ယနေ့အထိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားဧည့်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်များပြားစွာ ဝင်ရောက်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းမှ အကျိုးရလဒ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသခံများ ပျံနှံ့ရရှိခံစားနိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်းကော်မတီကို ၂၀၁၉ ခုနှစ် မတ် ၃ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁၅) ခုကို ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ကြိုတင်ဆောက်လုပ်ခွင့်အမိန့်၊ ဟိုတယ်လုပ်ငန်းလိုင်စင်ဆိုင်ရာ အမိန့်၊ တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်ဆိုင်ရာအမိန့်၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ဆိုင်ရာအမိန့်၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်ဆိုင်ရာ အမိန့် စသည့် အမိန့်(၅)မျိုးကို ၂၀၁၉ ခုနှစ် မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအကြောင်း ထိရောက်စွာ မြှင့်တင်ကြော်ငြာရေးအတွက် အဓိက မဟာဗျူဟာချမှတ်ပြီး တွန်းအားပေးဆောင်ရွက်နေသော Digital Marketing လုပ်ငန်းများကို ဝန်ကြီးဌာနတွင် ၂၀၁၉ ခုနှစ် ဧပြီ ၁၀ ရက်ကတည်းက စတင်ဆောင်ရွက်နေပါကြောင်း။
www.tourism.gov.mm Website ကို ၂၀၁၉ ခုနှစ် ဧပြီ ၁၀ ရက်မှ စတင်၍ Web Design အသစ်ဖြင့် လွှင့်တင်ခဲ့ပြီး Social Media Platform များတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် မြှင့်တင်ကြော်ငြာပေးမည့် ခရီးစဉ်ဒေသများ၊ ခရီးသွား ဆွဲဆောင်မှုများအကြောင်းကို Posts များ၊ Photos များ၊ Videos များကို နေ့စဉ် လွှင့်တင်ဖော်ပြပေးလျက် ရှိပါကြောင်း။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို ရည်မှန်းထားသည့် ဈေးကွက်နိုင်ငံများသို့ ပိုမိုကျယ်ပြန့်စွာ ရောက်ရှိစေရန်အတွက် Paid Marketing Campaign များဖြစ်သော Google Marketing နှင့် Social Media Marketing လုပ်ငန်းများအား ၂၀၁၉ ခုနှစ်၊ ဧပြီလမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထိုကဲ့သို့ Digital Marketing Campaing ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ပိုမိုမြှင့်တင်နိုင်ခြင်း၊ နိုင်ငံ၏ ကောင်းသတင်းများကို Social Media Accounts မျိုးစုံတွင် နည်းလမ်းအမျိုးမျိုးအသုံးပြု၍ ထိရောက်စွာ မြှင့်တင်ကြော်ငြာနိုင်ခြင်း၊ ခရီးသွားလုပ်ငန်း၏ အဓိကရည်မှန်းဈေးကွက်နိုင်ငံများသို့ ပိုမိုထိရောက်စွာ ဆွဲဆောင်ကြော်ငြာပေးနိုင်ခြင်းနှင့် အခြားနိုင်ငံများမှ Online User များမှ လာရောက်ကြည့်ရှုမှု ပိုမို များပြားလာစေပြီး မြန်မာနိုင်ငံအကြောင်း ပိုမိုနားလည်သိရှိစေရာ လာရောက်လည်ပတ်လိုသောစိတ်များ ဖြစ်ပေါ်စေခြင်း စသည့်အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါကြောင်း။
လက်ရှိဆောင်ရွက်လျက်ရှိသော Google နှင့် Social Media တို့တွင် ပြုလုပ်လျက်ရှိသည့် Paid Marketing Campaign များအပြင် YouTube တွင် Video Campaigns များ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း။
ခရီးသွားဧည့်သည်များနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၌ လုပ်ကိုင်ဆောင်ရွက် နေသူများအတွက် အထောက်အကူများစွာပေးနိုင်မည့် www.travel myanmar.com.mm (Tourism Web Portal) ကို မကြာမီ လွှင့်တင်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်ဂိတ်များဖြစ်သည့် (တာချီလိတ်- မယ်ဆိုင်) (မြဝတီ- မဲဆောက်) (ကော့သောင်း- ရနောင်း) (ထီးခီး- ဖူနာရွန်) နယ်စပ်ဂိတ်များကို ၂၀၁၃ ခုနှစ် သြဂုတ် ၂၄ ရက်တွင် အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက်ပေါက်အဖြစ် ဖွင့်လှစ်နိုင် ခဲ့ပါကြောင်း၊ မြန်မာ- အိန္ဒိယနယ်စပ် ဂိတ်များဖြစ်သည့် (တမူး- မိုရေး) (ရိခေါဒါရ်- ဇိုခေါသာ) နယ်စပ်ဂိတ်များအား ၂၀၁၈ ခုနှစ် သြဂုတ် ၈ ရက်တွင် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ ထွက်ပေါက်အဖြစ် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
ခရီးသည် ပိုမိုလာရောက်ရန်အတွက် ရှမ်းပြည်နယ်တွင် တောင်ကြီး- ကျိုင်းတုံ- တာချီလိတ် လမ်းကြောင်း Permission Tour များ သွားလာနိုင်ရေး သဘောတူခွင့်ပြု၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း။
မွန်ပြည်နယ်တွင် ဘီးလင်းမြို့နယ်အတွင်း တောင်ကြီးကျေးရွာအနီးရှိ ကေလာသတောင်၊ မဲလံကျေးရွာအနီးရှိ ကျောက်ပိဘုရားနှင့် ကျောက်တံခါးစေတီ၊ သထုံမြို့ နယ်အတွင်း နန်းခဲရပ်ကွက်ရှိ မြသပိတ်စေတီ၊ သံဖြူဇရပ်မြို့ရှိ ဝဲကလိ ရေပူစမ်း၊ ပငဆားကွင်း၊ သေမင်းတမန်ရထား လမ်းပြတိုက်၊ မဟာမိတ်စစ်သင်္ချိုင်း၊ ကျိုက္ခမီ ရေလယ်ဘုရားနှင့် စက်စဲကမ်းခြေတို့ကို ခရီးသည်ပိုမိုလာရောက် ဆောင်ရွက်ခဲ့ပါကြောင်း။
အလားတူ ကယားပြည်နယ်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါကလော်ဒူကျေးရွာအနီးရှိ ဒေါကလော်ဒူနှင့် တနီးလာလဲကျေးရွာ၊ ငွေတောင် ကျေးရွာအုပ်စုရှိ ငွေတောင်ကျေးရွာ၊ ပန်ပက်ကျေးရွာ အုပ်စုရှိ ပန်ပက်ရွမ်းကူ၊ ပန်ပက်ဆောင်းလူး၊ ပန်ပက် ပယ်မဆောင်၊ ပန်ပက်ကတဲကူနှင့် ပန်ပက်ဒေါကီး ကျေးရွာများ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့တို့ကို ခရီးသွား ပိုမိုလာရောက်ရန် ဆောင်ရွက်ခဲ့ပါကြောင်း။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ခွင့်ပြုခဲ့သည့် နိုင်ငံများ၏ ဗီဇာကိစ္စနှင့် ပတ်သက်၍ ထပ်မံပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ရက်မှ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ တစ်နှစ်သက်တမ်းတိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၁၈ ခုနှစ်တွင် ခရီးသွား (၃ ဒသမ ၅၅) သန်းလာရောက်ပြီး ၂၀၁၇ ခုနှစ်တွင် (၃ ဒသမ ၄၄) သန်း လာရောက်သဖြင့် (ဝ ဒသမ ၁၁) သန်း တိုးတက်ကာ (၃ ဒသမ ၁၅) ရာခိုင်နှုန်း တိုးတက်မှုရှိပါကြောင်း။
လေကြောင်းလိုင်း၊ အပျော်စီးသင်္ဘောနှင့် နယ်စပ်ဝင်ပေါက်များမှ Passport Visa ဖြင့် ဝင်ရောက်သူများမှာ ၂၀၁၈ ခုနှစ်တွင် (၁ ဒသမ ၃၉) သန်းရှိပြီး၊ ယခင် ၂၀၁၇ ခုနှစ်တွင် (၁ ဒသမ ၃၆) သန်းရှိသဖြင့် နှိုင်းယှဉ်ပါက (၂ ဒသမ ၅၈) ရာခိုင်နှုန်း တိုးတက်လာပါကြောင်း။
နယ်စပ်ဒေသများတွင် (Border Pass Entry Permit တို့ဖြင့်) လာရောက်မှုအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ (၂ ဒသမ ၁၅) သန်းရှိပြီး ယခင် ၂၀၁၇ ခုနှစ်တွင် (၂ ဒသမ ဝ၈) သန်း ရှိသဖြင့် နှိုင်းယှဉ်ပါက (၃ ဒသမ ၅၂) ရာခိုင်နှုန်း တိုးတက်လာပါကြောင်း။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ (၁ ဒသမ ၅) သန်းကျော်ရှိပြီး ၂၀၁၈ ခုနှစ် အလားတူ (၄) လတွင် (၁ ဒသမ ၂၃) သန်းခန့် လာရောက်သဖြင့် (၂၃) ရာခိုင်နှုန်း တိုးတက်ပါကြောင်း။
လေကြောင်းလိုင်း၊ အပျော်စီးသင်္ဘောနှင့် နယ်စပ်ဝင်ပေါက်များမှ Passport Visa ဖြင့် ဝင်ရောက်သူများမှာ ၂၀၁၉ ခုနှစ်၊ ဧပြီလအထိတွင် (ဝ ဒသမ ၆၅) သန်းရှိပြီး ယခင် ၂၀၁၈ ခုနှစ်တွင် (ဝ ဒသမ ၅) သန်း ရှိသဖြင့် နှိုင်းယှဉ်ပါက (၃၀) ရာခိုင်နှုန်းကျော် တိုးတက်လာပါကြောင်း။
နယ်စပ်ဒေသများတွင် (Border Pass Entry Permit တို့ဖြင့်) လာရောက်မှုအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ (ဝ ဒသမ ၈၅) သန်းကျော်ရှိပြီး ယခင် ၂၀၁၈ ခုနှစ် အလားတူ (၄)လတွင်(ဝ ဒသမ ၇၃) သန်းခန့်ရှိသဖြင့် နှိုင်းယှဉ်ပါက (၁၇) ရာခိုင်နှုန်း တိုးတက်လာပါကြောင်း။
ခရီးသွားလုပ်ငန်း ဥပဒေအသစ် မပြဌာန်းမီကာလ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့ရာ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၁၁၄) လုံးနှင့် (၄၁၈၉) ခန်း၊ ခရီးလှည့်လည် ရေးလိုင်စင် (၁၁၉) ဦး၊ ဧည့်လမ်းညွှန် (၃၉၈) ဦး ခွင့်ပြုခဲ့ပါကြောင်း။
ယခုလိုင်စင် ထုတ်ပေးမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ဦးစီးသည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကုမ္ပဏီများက ဥပဒေအမိန့်များနှင့်အညီ လိုင်စင်ထုတ်ပေးခြင်း၊ ရုပ်သိမ်းခြင်း၊ သက်တမ်းတိုးခြင်းများကို သက်ဆိုင်ရာ ပြည်တွင်း အခွန်ဦးစီးဌာနတွင် သက်ဆိုင်သည့်အခွန် ပေးဆောင်ပြီးလျှင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ လုပ်ငန်းများပိုမိုလျင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါကြောင်း။
လူထုအခြေပြုခရီးသွားလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံတစ်ရပ်အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဝိုင်းဝန်းကူညီမှုဖြင့် ကျေးရွာလူထု၏ သဘောထားနှင့် သဘောတူညီမှုတို့ဖြင့် ၂၀၁၆ ခုနှစ်မှစတင်၍ စမ်းသပ်စီမံကိန်း (၆) ခုဖြင့် ဆောင်ရွက်လုပ်ကိုင်ခဲ့ရာ ယနေ့အခါတွင် လူသိပိုမိုများပြားပြီး စိတ်ဝင်စားလာသော ခရီးသွားလုပ်ငန်းတစ်ရပ် ဖြစ်လာသည်နှင့်အမျှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ဆက်လက်၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း။
လူထုအခြေပြုခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေရသည့် အဓိကရည်ရွယ်ချက်များမှာ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နစ်နာစေမည့် ဘေးထွက်ဆိုးကျိုးများမရှိစေဘဲ ဒေသခံပြည်သူလူထုများ၏ဝင်ငွေ၊ လူနေမှုအဆင့်အတန်း၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လုပ်ပိုင်ခွင့်များ၊ ဝန်ဆောင်မှု အရည်အသွေးများ၊ အသိပညာဗဟု သုတများစသည်တို့ကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ပြီး အဆိုပါ ခရီးသွားလုပ်ငန်းမှ ဖြစ်ထွန်းရရှိလာမည့် အကျိုးကျေးဇူးများကိုလည်း ဒေသခံပြည်သူများ ခံစားကြစေရန်ဖြစ်ပါကြောင်း။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်း အမျိုးအစားပေါင်း (၁၅)မျိုးအား အကြိမ်ပေါင်း (၁၄၀)ဖြင့် သင်တန်းသားဦးရေ (၁၄၀၆၂) ဦးအား မွေးထုတ်ပေးခဲ့ပါကြောင်း။
ဧည့်လမ်းညွှန်များသည် မြန်မာနိုင်ငံ၏ သံတမန်များဖြစ်ပြီး အရည်အသွေးရှိသည့် ဧည့်လမ်းညွှန်များကို မိမိတို့ဝန်ကြီးဌာနအောက်ရှိ ခရီးသွားသင်တန်းကျောင်းမှ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ တစ်နှစ်တာကာလအတွင်း ဧည့်လမ်းညွှန် (၁၉၁)ဦး၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(၉၁၆)ဦးကို သင်ကြားပေးနိုင်ခဲ့ပါကြောင်း။
ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်မည့် ခရီးသွားလုပ်ငန်းပင်မစီမံကိန်း (Tourism Master Plan) (၂၀၂၀-၂၀၂၅ အထိ) ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေးဆွဲသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ဝန်ကြီးဌာန၏ အနာဂတ်မျှော်မှန်းချက်မှာ “နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သည့် သစ်တောသယံဇာတ၊ သတ္တုသယံဇာတ၊ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်သယံဇာတများကို လက်ရှိနှင့်အနာဂတ် နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံးအတွက် အကျိုးအရှိဆုံးဖြစ်အောင် စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်သွားရန်” ဖြစ်ပါကြောင်း။
ထိုအနာဂတ် ရည်မှန်းချက်ရရှိရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ရည်ရွယ်ချက် (၃)ရပ်အဖြစ် နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန်၊ သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်ရေးအတွက် ရေရှည်တည်တံ့စေသောနည်းလမ်းဖြင့် နိုင်ငံတော်၏ သဘာဝသယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေး၊ ထိခိုက်ပျက်စီးမှုများတတ်နိုင်သမျှ လျော့နည်းသက်သာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ဟန်ချက်ညီညီ သဟဇာတရှိရှိ ဖြစ်စေရန်တို့ကိုချမှတ်၍ နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အပံ့ပြုရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုအခြေအနေမှာ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ထုတ်ပြန်ခဲ့သည့် သစ်တောဖုံးလွှမ်းမှုဆန်းစစ်လေ့လာခြင်း (၂၀၁၅) အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာသည် ၂၀၁၅ ခုနှစ်တွင် စုစုပေါင်း ၁၁၂၁၂၇ စတုရန်းမိုင်ဖြစ်၍ နိုင်ငံအကျယ်အဝန်း၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိပါကြောင်း၊ (FAO) မှ သစ်တောဖုံးလွှမ်းမှုဆန်းစစ်လေ့လာခြင်းကို ငါးနှစ်လျှင် တစ်ကြိမ်ထုတ်ပြန်ပါကြောင်း။
ထို့ကြောင့် သစ်တောသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့ရေးနှင့် ထိန်းသိမ်းကာကွယ်ရေးအတွက် တစ်နှစ်တာကာလအတွင်း ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော ၂၆ ခုနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ၃ခု၊ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ လက်ရှိအချိန်အထိ ဖွဲ့စည်း/သတ်မှတ်ပြီးစီးမှုမှာ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော (၁၂၂၄)ခု၊ ဧရိယာ (၄၂၃၁၂၇၇၃) ဧက၊ နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၃၁ ရာခိုင်နှုန်းနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေ(၄၃)ခု၊ ဧရိယာ (၉၇၄၀ဝ၇၉ ဒသမ ၄၂)ဧက၊ နိုင်ငံဧရိယာ၏ ၅ ဒသမ ၈၃ ရာခိုင်နှုန်းကို သတ်မှတ်ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ သစ်တောများတည်ထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်း (၁၉) ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ပိုင်စိုက်ခင်း (၃၀၈၉၂) ဧက တည်ထောင်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် နှစ်စဉ်တောထွက်ပမာဏ၏ ကျွန်း ၅၅ ရာခိုင်နှုန်းနှင့် သစ်မာ ၃၃ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် နှစ်စဉ်တောထွက်ပမာဏ၏ကျွန်း ၃၉ ရာခိုင်နှုန်းနှင့် သစ်မာ ၂၇ ရာခိုင်နှုန်း သာထုတ်လုပ်ခဲ့ပြီး သစ်တောစိုက်ခင်းများမှ ကျွန်းထုတ်လုပ်ခြင်းကို ၂၀၁၈-၂၀၁၉ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း။
သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်လာစေရေး၊ သဘာဝတောများအတွင်း သစ်တောပြုစုထိန်းသိမ်းခြင်း၊ ကုန်းမြေများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ကျွန်းတန် (၁၀ဝ၀ဝ)၊ သစ်မာ(၃၀ဝ၀ဝ၀)၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကျွန်းတန် (၈၀ဝ၀)၊ သစ်မာ (၂၅၀ဝ၀ဝ)နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကျွန်းတန် (၆၀ဝ၀) နှင့် သစ်မာ (၂၂၀ဝ၀ဝ)ကို အချိုးကျလျှော့ချထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ အရှိန်အဟုန်မြှင့်စွာ ဆောင်ရွက်နိုင်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ငန်းအဖွဲ့များနှင့် ခရိုင်လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ တတိယ(၁) နှစ်တာကာလအတွင်း ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဧရိယာ ဧက (၉၀ဝ၀ဝ) ကျော်၊ အသုံးပြုအဖွဲ့ (၈၂၇) ဖွဲ့၊ အဖွဲ့ဝင် (၁၅၉၇)ဦး တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ယခုအစိုးရသစ်ကာလ ၃နှစ်တာ ကာလအတွင်း အသုံးပြုသူအဖွဲ့ ၂၃၈၁ ဖွဲ့နှင့် အဖွဲ့ဝင် ၄၈၁၂၂ ဦးပါဝင်သော ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော ဧရိယာ(၃၂၁၃၆၈) ဧက တည်ထောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ဒေသခံပြည်သူလူထု၏ နေ့စဉ်ဘဝအခြေခံ လိုအပ်ချက်တစ်ရပ်ဖြစ်သည့် ဝါး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပုဂ္ဂလိက ဝါးစိုက်ခင်းတည်ထောင်မှုများကိုလည်း အခုအစိုးရ ကာလထဲတွင် တိုးမြှင့်ခွင့်ပြုပေးလျက်ရှိရာ ယခင်ကပုဂ္ဂလိက ဝါးစိုက်ခင်း ဧက(၄၀ဝ)ကျော် သာရှိခဲ့ပြီး လက်ရှိအချိန်တွင် ဧက(၁၈၀ဝ)ကျော်အထိ တည်ထောင်ခွင့် ပြုပေးထားကာ ဧက (၁၆၀ဝ)ကျော် တည်ထောင်စိုက်ပျိုးပြီးဖြစ်ပါကြောင်း။
သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်သစ်များ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး တတိယ (၁) နှစ်တာကာလအတွင်း တရားမဝင် သစ်တန်ချိန် (၄၄၈၃၀)တန်၊ တရားခံ (၅၁၉၂)ဦး၊ ယာဉ်/ယန္တရား (၃၃၇၇)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစ၍ ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် မတ်လကုန်အထိ စုစုပေါင်းတရားမဝင်သစ် (၇၄၇၇ ဒသမ ၅၆၇၅)တန်၊ တရားခံ (၈၂၉)ဦး၊ ယာဉ်/ယန္တရား (၄၅၉)စီးကို ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ ထိုသို့ တိုးတက်ဖမ်းဆီးရမိခဲ့ခြင်းသည် ဒေသခံပြည်သူလူထု၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ ပီပီပြင်ပြင် ပူးပေါင်းဆောင်ရွက်မှုနှင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးမှုတို့အရ ဖြစ်ကြောင်းကို အသိအမှတ် ပြုပြောကြားလိုပါကြောင်း။
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် စွမ်းအားမြှင့်မီးဖိုများ သုံးစွဲခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ သုံးစွဲခြင်း၊ စိမ်းလန်းစိုပြည်ရေးသစ်ပင်များ စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း စသောအချက်များကို အခြေခံ၍ ကျေးရွာအတွင်း ဆောင်ရွက်ခြင်း၊ နီးစပ်ရာကျေးရွာများသို့ ထပ်ဆင့်စည်းရုံးပေးခြင်းများနှင့်အတူ ဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုကောင်းသော ကျေးရွာများကို စံပြကျေးရွာများ ထူထောင်ဆောင်ရွက်ခဲ့ရာတတိယ (၁)နှစ်တာကာလအတွင်း စံပြကျေးရွာပေါင်း(၅၃)ရွာ လျာထားဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မြန်မာ့သစ်လုပ်ငန်းသည် သစ်ထုတ်လုပ်ငန်းများလျှော့ချခြင်း၊ ပဲခူးရိုးမအား သစ်ထုတ်ခြင်း ၁၀နှစ်အနားပေးခဲ့ခြင်းတို့ကြောင့် ဌာနမှအနားပေးဆင်များ၊ ဝန်တင်ဆင်များဖြင့် ဆင်ဝန်ထမ်းများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ဌာနဝင်ငွေ တစ်ဖက်တစ်လမ်းမှ တိုးတက်ရရှိစေရန်၊ ပြည်သူများဆင်နှင့်ပတ်သက်၍ အသိပညာ ဗဟုသုတများရရှိစေရန်နှင့် ပြည်သူများအပန်းဖြေနိုင်မည့်နေရာများ ပေါ်ထွက်လာစေရန်အတွက် ဆင်ထိန်းသိမ်းစောင့် ရှောက်ခြင်းကို အခြေခံသော Elephant Conservation Based Tourism (ECBT) ဆင်စခန်းများအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စ၍ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ တတိယ(၁) နှစ်တာကာလအတွင်း ခရီးသွားဆင်စခန်း (၈)ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သဖြင့် ယခုအခါခရီးသွား ဆင်စခန်း (၂၀) ခုရှိပြီဖြစ်ပါကြောင်း၊ လုပ်ငန်းသဘောသဘာဝ ကိုက်ညီသောနေရာများတွင် ခရီးသွားဆင်စခန်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
သတ္တုကဏ္ဍတွင် မြန်မာ့သတ္တုတွင်းနည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လုပ်ကွက်အသစ် လျှောက်ထားမှုများကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်မှစတင်၍ ယာယီဆိုင်းငံ့ထားခဲ့ပြီး နည်းဥပဒေများ ထုတ်ပြန်ပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်မှစ၍ လုပ်ကွက်အသစ်လျှောက်ထားမှုများကို ပြန်လည်လက်ခံ၍ စိစစ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် မေလမှစတင်၍ သတ္တုဖြစ်ထွန်းမှုရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခွင့်ပြုမိန့်ထုတ်ပေးထားသည့် ဓာတ်သတ္တုလုပ်ကွက်များအား မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ခွင့်ပြုမိန့်နှင့် စာချုပ်ပါစည်းကမ်းချက်များအတိုင်း လိုက်နာမှု ရှိ/ မရှိ စိစစ်ရန်နှင့် သတ္တုတူးဖော်မှု လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများလျော့နည်းစေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အလေးအနက်ထား လုပ်ဆောင်ရန် လိုအပ်လာသည့်အတွက် ဝန်ကြီးဌာန ပူးပေါင်းကွင်းဆင်းစစ်ဆေးရေးအဖွဲ့ (၁၂)ဖွဲ့ဖြင့်လုပ်ကွက်များအား စစ်ဆေးနိုင်ခဲ့ကာ မြန်မာ့သတ္တုတွင်းနည်းဥပဒေ (၂၀၁၈) ကို ထုတ်ပြန်ပြီးနောက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့အား သတ္တုတွင်းဦးစီးဌာနမှဦးဆောင်သည့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့ (၉)ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်း၍ ၂၀၁၈ ခုနှစ် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှစတင်၍ စစ်ဆေးလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မတ်လအထိ လုပ်ကွက် (၃၅၄)ကွက်အား ကွင်းဆင်းစစ်ဆေးနိုင်ခဲ့ပါကြောင်း။
EITI တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် မြန်မာနိုင်ငံ၏ EITI အစီရင်ခံစာကို ဒုတိယအကြိမ် (၂၀၁၄-၂၀၁၅)ဘဏ္ဍာနှစ်နှင့် တတိယအကြိမ် (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်တို့အတွက် သတ္တုကဏ္ဍ၊ ကျောက်မျက်ကဏ္ဍတို့မှ နိုင်ငံတော်အတွက် ရရှိသည့် အခွန်ဘဏ္ဍာ အချက်အလက်များအား ၂၀၁၈ ခုနှဏ် မတ် ၃၀ရက်တွင် နိုင်ငံတကာ EITI ဘုတ်အဖွဲ့ထံသို့ တင်ပြထားပြီးဖြစ်ပါကြောင်း။
နိုင်ငံတကာ EITI စံနှုန်းအရ ပြည်သူများ အချက်အလက်ရယူနိုင်သောစနစ်ကို အကောင်အထည်ဖော်ရန်နှင့် နိုင်ငံတော်အတွက် ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုကိုသေချာစေခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လာနိုင်ခြင်း၊ အရပ်ဖက်အဖွဲ့အစည်းများ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို တိုးတက်စေမည်ဖြစ်ခြင်း စသည့်တို့ကိုရည်ရွယ်ပြီး Mineral Cadastre စံနစ်ကို တည်ဆောက်နေပါကြောင်း၊ Mineral Cadastre စံနစ် အောင်မြင်စေရန် ဝန်ကြီးဌာနမှ Pre Cadastre Working အား ဝန်ကြီးဌာနရှိ အရာထမ်း/ အမှုထမ်းစုစုပေါင်း (၁၁)ဦးဖြင့် ဖွဲ့စည်းပြီး သတ္တုနှင့် ကျောက်မျက်တူးဖော်ရေးလိုင်စင်တို့၏ အချက်အလက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း အပိုင်းတွင် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်များအတွင်း ဒေသန္တရ ဘူမိဗေဒမြေပုံရေးဆွဲခြင်းကို ဧရိယာ (၂၇၇၉ ဒသမ ၅) စတုရန်းကီလိုမီတာကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဂန့်ဂေါ၊ ထီးလင်း၊ ပေါက်နှင့်ပုလဲ၊ ကနီ၊ မင်းကင်းဝန်းကျင်ဒေသများတွင် ကျောက်မီးသွေး တိုးချဲ့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ(သ-၄)အဆင့် ကျောက်မီးသွေး တန်ချိန် (၁ ဒသမ ၂၈)သန်းမက်ထရစ်တန် တွက်ချက်နိုင်ခဲ့ပါကြောင်း။
ဖယ်လ်စပါလ်(ကြွေကျောက်) အနေဖြင့် မန္တလေးတိုင်းဒေသကြီး အင်တိုင်းသာ၊ သန်းတောဒေသဝန်းကျင်တွင် အသေးစိတ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နမ့်ခမာ (ချောင်းသာ)ဝန်းကျင် ဒေသတွင် ကျောက်စိမ်းထွက်ရှိကြောင်း သတင်းပေးမှုအရ ပဏာမကွင်းဆင်းလေ့လာရေးကို ဆောင်ရွက်ခဲ့ပြီး ကျောက်စိမ်းဖြစ်ထွန်းနိုင်မှုရှိသော Conglomerate bed ကို 2.5 km ခန့် ဖော်ထုတ်ခဲ့ပြီး ယခုအခါ အသေးစိတ် စမ်းသပ်တိုင်းတာရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ဂရက်ဖိုက်ရှာဖွေစမ်းသပ် တိုင်းတာရေးလုပ်ငန်းအနေဖြင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင် ကြက်စောင်းတောင်ဝန်းကျင်တွင် ဂရက်ဖိုက် စမ်းသပ်တိုင်းတာရေးလုပ်ငန်းများနှင့် လွန်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခုအခါ (၁၂)ကျင်းမြောက်လွန်ကျင်းကို တူးဖော်ပြီးဖြစ်ပါကြောင်း။
၂၀၁၈ ခုနှစ် ဇွန်လတွင် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲနှင့် နိုဝင်ဘာလတွင် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ် ငွေဖြင့်ရောင်း ချပွဲတို့ကို ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံခြားငွေဖြင့်ရောင်းချသည့်ပြပွဲမှ ကျောက်စိမ်း၊ ကျောက်မျက်အတွဲပေါင်း (၄၃၂၉)တွဲ၊ တန်ဖိုးယူရို (၃၃၃ ဒသမ ၂၈) သန်းနှင့် မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲမှ ကျောက်စိမ်း၊ ကျောက်မျက် အတွဲပေါင်း (၁၈၂၃)တွဲ၊ တန်ဖိုးကျပ် (၂၈၆၆၁ ဒသမ ၃၅)သန်း ရရှိခဲ့ပါကြောင်း၊ (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲအား ၂၀၁၉ ခုနှစ် မတ်လ(၁၁)ရက်မှ (၁၉)ရက်အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း။
မြန်မာ့ပုလဲရောင်းချပွဲအား ပြည်ပတွင်(၁)ကြိမ်၊ ပြည်တွင်းတွင် (၂)ကြိမ် စုစုပေါင်း(၃)ကြိမ် ရောင်းချခဲ့ရာ ဟောင်ကောင်နိုင်ငံတွင် ပြုလုပ်သည့် ပုလဲရောင်းချပွဲတွင် ပုလဲအတွဲပေါင်း (၂၉၈)တွဲ၊ ပုလဲလုံးရေ (၆၈၃၀၃)လုံး၊ အလေးချိန် (၄၈၅၅၇ ဒသမ ၇) မိုမီ၊ ပြည်တွင်းမြန်မာ့ ပုလဲရောင်းချပွဲတွင် ပုလဲအတွဲပေါင်း(၄၁၀)တွဲ၊ ပုလဲလုံးရေ (၁၇၉၃၂၇)လုံး၊ အလေးချိန် (၁၁၈၀၄၁ ဒသမ ၃၅)မိုမီ၊ တင်ပြရောင်းချရငွေ လျာထားချက် ကျပ် (၁၁၈၆၃ ဒသမ ၁၆၄)သန်းဖြစ်ပြီး အမှန်ရငွေမှာကျပ် (၁၃၇၅၇ ဒသမ ၄၄၇) သန်းဖြစ်၍ ၁၁၅ ဒသမ ၉၇ ရာခိုင်နှုန်းရရှိခဲ့ပါကြောင်း။
ဖားကန့်ဒေသ၏ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ လုပ်ငန်းများအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၉၉/၂၀၁၈ ဖြင့် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ အဆိုပါအဖွဲ့က လုပ်ငန်းအဖွဲ့ခွဲ (၆)ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ဖားကန့်ဒေသ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ အသက်မွေးဝမ်းကြောင်း သင်တန်းပေးရေးနှင့် အလုပ်အကိုင်ရှာဖွေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်သမ္မတရုံး၏ နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီး၏ ညွှန်ကြားချက်အရ နိုင်ငံပိုင်ပုလဲစခန်းနှင့် ပြည်တွင်း၊ ပြည်ပပုလဲစခန်း (၅)ခုသို့ ၂၀၁၈ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှစ၍ ခရီးသွားများအား နေ့ခြင်းပြန် လာရောက်လေ့လာ ခွင့်ပြုခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ နိုင်ငံခြားသား (၆၉)ဦး၊ မြန်မာနိုင်ငံသား (၁၈၆)ဦး၊ စုစုပေါင်း (၂၅၅)ဦး လာရောက်လေ့လာခဲ့ပြီး ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ (၂၂၅၉ ဒသမ ၅၀)နှင့် မြန်မာကျပ်ငွေ (၃၂၂၄၆၅၆) ရရှိခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် သတင်းမီဒီယာများက ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပုဂ္ဂလိကသတင်း မီဒီယာသမားများ တရားစွဲဆိုခံမှုများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ သဘောထားအမြင်နှင့် ကူညီဆောင်ရွက်ပေးခဲ့မှု၊ ယင်းကိစ္စအပေါ် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ သဘောထားမှတ်ချက် အခြေအနေ၊ လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးနေစဉ် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ခဲ့မှုအခြေအနေ၊ အများပြည်သူ သိပိုင်ခွင့်ဥပဒေ ရေးဆွဲပြီးစီးမှု အခြေအနေ၊ နိုင်ငံပိုင်သတင်းစာများအား ထုတ်လုပ်မှုကုန်ကျစရိတ် ကာမိစေရန် ဈေးနှုန်းတိုး မြင့်သတ်မှတ်ဆောင်ရွက်ပေးသကဲ့သို့ ပုဂ္ဂလိကသတင်းမီဒီယာများနှင့် သတင်းစာများ ရေရှည် ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ၊ မြန်မာအလင်း သတင်းစာနှင့် ကြေးမုံသတင်းစာနှစ်စောင်ကို တစ်စောင်တည်းပေါင်း၍ ထုတ်ရန် အစီအစဉ် ရှိ မရှိ၊ နိုင်ငံပိုင်သတင်းစာများတွင် ပုဂ္ဂလိကကြော်ငြာများကို ရာခိုင်နှုန်းတစ်ခုအထိ လျော့ချသတ်မှတ်ပေးရန် အစီအစဉ်ရှိ မရှိ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် ပုဂ္ဂလိက သတင်းမီဒီယာသမားများ၊ သတင်းမီဒီယာလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် အစီအစဉ် ရှိ မရှိ၊ သတင်းရယူရေးဆောင်ရွက်ရာတွင် ပုဂ္ဂလိကသတင်းမီဒီယာ သမားအား ခွဲခြားဆက်ဆံခံရမှုအပေါ် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများကို ပြည်သူ့ဝန်ဆောင်မှုအဖြစ် ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ မေးမြန်းကြသည်။
ထို့အတူ သတင်းမီဒီယာများက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ပုဂံဒေသကို ယူနက်စကို စာရင်းဝင်ရန် ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် မြောက်ဦးဒေသို့ နိုင်ငံခြား ခရီးသွားဧည့်သည်များ ဝင်ရောက်မှု နည်းပါးလာမှုအပေါ် ဖြေရှင်းဆောင်ရွက်သွားမည့် အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကြောင့် ခရီးသွားလုပ်ငန်းများအပေါ် ထိခိုက်မှု အခြေအနေ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာလေကြောင်းလိုင်းများ ထပ်မံဖွင့်လှစ် ပေးရန်အစီအစဉ်ရှိ မရှိ၊ လက်ရှိတွင် ခရီးသွားလုပ်ငန်း တိုးတက်လာသော်လည်း တရုတ်နိုင်ငံသားများ ဝင်ရောက်လာမှုကြောင့် ဇီးရိုးဘတ်ဂျက်ဖြစ်ပေါ်မှု၊ အင်းလေးဒေသတွင် ဟိုတယ်များ ဖွင့်လှစ်ဆောင်ရွက်နေမှုအပေါ် ဝန်ကြီးဌာနမှ ကန့်သန့်ထိန်းသိမ်း ဆောင်ရွက်နေမှုကိစ္စများနှင့်စပ်လျဉ်း၍ မေးမြန်းကြသည်။
အလားတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ တတိယ (၁)နှစ်တာကာလ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိန်းလမ်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးနေသည့် အဖွဲ့အစည်းများအား ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ မိုးထိမိုမိတွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍ အစိုးရနှင့် ကုမ္ပဏီကြား ညှိနှိုင်းဆောင်ရွက်မှုနှင့် အရေးယူဆောင်ရွက်မှု၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ကွက်ခွင့်ပြုမိန့်ရရှိသည့် ကုမ္ပဏီများမှ သစ်ပင်များအား အပြောင်ခုတ်လဲမှုနှင့် မအောင်မြင်သည့် ပုဂ္ဂလိကပိုင် စိုက်ခင်းများနှင့်စပ်လျဉ်း၍ ကုမ္ပဏီများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ ဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ကျော်မျိုးထွန်း၊ နန္ဒာဟန်