ရန်ကုန် ၂၁ မေ
စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မေ ၂၀ ရက်တွင် ကျရောက်သည့် (World Bee Day- 2019) ကမ္ဘာ့ပျားနေ့ အထိမ်းအမှတ်အဖြစ် ပထမအကြိမ် ပျားရည်ပြိုင်ပွဲနှင့် ပျားထွက်ပစ္စည်း ပြပွဲကို မေ ၂၀ ရက် နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက် ဘုရင့်နောင်လမ်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး ခြံဝင်းအတွင်း၌ ဆိုင်ခန်းပေါင်း (၁၀) ခန်းဖြင့် ခင်းကျင်းပြသခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ပျားမွေးမြူရေးလုပ်ငန်းအသင်း ပျားသုတေသနပညာရှင် ဒေါက်တာ လှိုင်မင်းဦးက "ဒီပွဲကျင်းပတာ ဒါပထမဆုံးအကြိမ်ပါ၊ ပျားရည်ဘယ်ကရသလဲ၊ ပျားကနေ ဘာပစ္စည်းတွေ ထွက်ရှိသလဲ၊ စနစ်တကျထုတ်လုပ်နိုင်စွမ်းရှိပြီး၊ ပြည်တွင်းထုတ်ကုန်အဖြစ် တစ်ပိုင်တစ်နိုင်ကနေ နိုင်ငံတကာ ပို့ကုန်အဖြစ် အသွင်ပြောင်းလဲလာမှုအတွက် ပြည်သူတွေကို ချပြခြင်လို့ မွေးမြူးရေးနှင့် ကုသရေး ဦးစီးဌာနလက်အောက်ရှိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပျားထုတ်လုပ်သူ လုပ်ငန်းရှင်တွေ ဖိတ်ခေါ်ပြီး ကမ္ဘာ့ပျားနေ့ကျရောက်တဲ့ မေလ ၁၉ ရက်မှာ ကျင်းပဖြစ်တာပါ။ နှစ်စဉ်ကျင်းပသွားဖို့လည်း ရည်ရွယ်ထားပါတယ်" ဟု ပြောသည်။

ပြိုင်ပွဲအဖြစ် ပျားရည်ထုတ်လုပ်မှု အရည်အသွေးကိုသာ ပြိုင်ပွဲအဖြစ် ပြုလုပ်နိုင်သေးကြောင်း ပြိုင်ပွဲ မစမီ ရက်သတ္တပတ်အလိုမှာ ဓါတ်ခွဲစမ်းသပ်မှု လုပ်ပြီးမှသာ စကာတင်လုပ်ငန်းရှင် (၁၀) ဦး ရွေးခဲ့၍ ထိုထဲမှ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ Hey Honey Beekeeping ကုပ္ပဏီမှ ထုတ်လုပ်သည့် "နေကြာရိုင်းပျားရည်" ထုတ်လုပ်သူ ဦးရန်နောင်မျိုးက ပထဆု၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ကောက်တွဲလေး ပျားမွေးမြူရေးလုပ်ငန်းမှ ထုတ်လုပ်သည့် "နေကြာပျားရည်" အမျိုးအစားက ဒုတိယဆု၊ ကရင်ပြည်နယ် သံတောင်ကြား ပျားရည်ထုတ်လုပ်သည့် ဧရာဝတီပျားမွေးမြူရေးလုပ်ငန်းမှ "ကြက်မောက်ပျားရည်" အမျိုးအစားက တတိယဆုအဖြစ် ချီးမြှင့်ရရှိခဲ့ကြောင်း သိရပါသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းပျားမွေးမြူရေးကဏ္ဍသည် ယခုအခါတွင် ဖွံ့ဖြိုးစ အဆင့်သာ ရှိနေသော်လည်း ပြည်ပနိုင်ငံများသို့ နှစ်စဉ်တန်ချိန် ၂၅၀ဝ နှင့် ၃၀ဝ၀ အကြား တင်ပို့နိုင်ပြီး ဂျပန်နိုင်ငံသို့ အဓိက တင်ပို့နေရကြောင်း မြန်မာနိုင်ငံ ပျားလုပ်ငန်းအသင်းမှ သိရသည်။
မြန်မာနိုင်ငံ ပျားလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးအောင်ခိုင်ထွေးက “မြန်မာ့ပျားရည်ကို လက်ရှိမှာ အဓိကတင်ပို့တာကတော့ ဂျပန်နိုင်ငံဖြစ်ပါတယ်။ ကနေဒါ၊ တရုတ်နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကိုလည်း ပို့ပါတယ်။ တစ်နှစ်ကို ပျားရည်တန်ချိန် ၂၅၀ဝ နှင့် ၃၀ဝ၀ အကြား ခန့်တင်ပို့ပါတယ်။ အချို့သောနှစ်တွေမှာ တင်ပို့မှုနည်းသွားတာတော့ ရှိတယ်။ ဒီပွဲမှစပြီး တစ်နှစ်ကို တန်ချိန် ၃၀ဝ၀ မက တင်ပို့နိုင်လိပ်မယ်လို့ ယုံကြည်ပါတယ်။ အဓိကကတော့ နိုင်ငံတကာရဲ့ ပျားရည်ဈေးကွက် အတက်အကျပေါ်မူတည်ပြီး ပြောင်းလဲတာတော့ရှိတာပေါ့။ မြန်မာ့ပျားရည်ကို နိုင်ငံတကာက သိအောင် နိုင်ငံတကာပြပွဲတွေအထိ ပြသဖို့က လောလောဆယ်မှာ နည်းနေသေးတယ်။ မြန်မာနိုင်ငံမှာ အရည်အသွေးပြည့်ဝတဲ့ ပျားရည်တွေ ရှိနေပါလားဆိုတာ သိရအောင် နိုင်ငံတကာ ပျားပြပွဲတွေနဲ့ ပျားရည်ဈေးကွက်အထိ ထိုးဖောက်နိုင်အောင် ပြည်တွင်းပျား ထုတ်လုပ်သူတွေနဲ့ သွားရောက်ပြသနိုင်ဖို့အထိ အစီအစဉ်တွေရှိပါတယ်" ဟုပြောသည်။
ပျားရည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် ကနဦး သုတေသန စစ်ဆေးခြင်းပြုရာတွင် ဂျာမနီနိုင်ငံ၏ စံသက်မှတ်ချက်အတိုင်း သုတေသနစစ်ဆေးမှုများ ပြုလုပ်ပြီး ခွင့်ပြုချက်ရရှိမှသာ တင်ပို့ခွင့်ရရှိကြောင်း သိရသည်။ ယင်းသည် လက်ရှိတင်ပို့နေသော အရှေ့တောင်အာရှ ပျားဈေးကွက်သို့သာ တင်ပို့ခွင့်ရရှိမည်ဖြစ်သည်။ ဥရောပ EU နိုင်ငံများသို့ တင်ပို့ခွင့် မရရှိသေးကြောင်း ထိုသို့ တင်ပို့နိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ NRP ကို ရေးဆွဲနေကြောင်း လာမည့်နှစ်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်း သို့မှသာ EU နိုင်ငံများသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
"ပျားမွေးမြူ ထုတ်လုပ်ရေးလုပ်ငန်းက ပုံမှန် ကုန်ရောင်း/ကုန်ဝယ် လုပ်သလိုတော့ မလွယ်ဘူးပေါ့ကွယ်။ ဒါပေမယ့်လဲ စထုတ်တာကနေ နောက်ဆုံးတင်ပို့တဲ့အထိ စိတ်ရှည်ရှည်နဲ့ ကြိုးစားပြီး လုပ်ဆောင်ဖို့လိုတယ်။ စိတ်ဝင်စားသူ ပျားမွေးမြူသူတွေအတွက် စနစ်တကျ ပျားမွေးမြူတဲ့နည်းစနစ်တွေကို သိရအောင် မွေးမြူနိုင်အောင်ပေါ့။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သင်တန်းတွေပို့ချ ပေးနေတာတွေရှိတယ် ဒါတွေကနေလည်း ဆက်သွယ်လေ့လာနိုင်ပါတယ်" ဟု ဥက္ကဋ္ဌ ဦးအောင်ခိုင်ထွေး က ထပ်မံပြောသည်။
ပြည်တွင်းပျားမွေးမြူရေးသည် လက်ရှိတွင် ဖွံ့ဖြိုးစအဆင့်တွင်သာ ရှိနေပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်၊ နေပြည်တော်၊ ရှမ်းတို့တွင် အဓိက မွေးမြူနေကြကြောင်း သိရသည်။ ပျားရည်အပြင် ပျားကော်၊ ပျားဝတ်မှုံ၊ ပျားဖယောင်းနှင့် အခြားသော Royal Jelly စသော ပျားထွက်ပစ္စည်းများစွာ ရှိနေသော်လည်း ပြည်တွင်း၌ ပျားရည်ကိုသာ အဓိထား ထုတ်နိုင်သေးကြောင်း သိရသည်။ ပျားရည်ကို စစ်/မစစ်နှင့် စားသုံးသူအတွက်အဓိက အရည်အသွေး ပြည့်မပြည့်သိရှိရန် သုတေသန စစ်ဆေးချက်များမှသာ အတိအကျ သိနိုင်ကြောင်း မိရိုးဖလာနည်းများစွာ ရှိသော်လည်း သုတေသန စစ်ဆေးတိုင်းတာချက်သာလျင် အဓိကကျကြောင်း ထိုစစ်ဆေးချက်များ တိုင်းတာချက်များ အပြည့်အဝရှိမှသာ နိုင်ငံတကာသို့ တင်ရောင်းချနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပျားလုပ်ငန်းအသင်းမှ သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး