ရန်ကုန် ၂၂ မေ
မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၇)ကြိမ်မြောက် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုတွေ့ဆုံပွဲသည် (၂၇)ကြိမ်မြောက် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၂၆)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက်အားလုံးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါပြန်ကြားချက်များတွင် လုံးဝပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်များ ရှိသကဲ့သို့ တစ်ချို့အချက်များသည် အချိန်ယူ၍ ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပါကြောင်း။
တစ်ချို့ ဆက်လက်ဖြေရှင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း လုပ်ငန်းကော်မတီ(၅)ရပ်က တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ၍ဆွေးနွေးပွဲ (Public-Private Dialogue) များ ပြုလုပ်ကာ ပြီးပြတ်သည်အထိ အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင် တည်ရှိပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက်အောင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (မေလ ၃ ရက်အထိ) ကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၂၀ ဒသမ ၄၉၁) ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ်အလားတူ ကာလထက် အမေရိကန်ဒေါ်လာ (ဝ ဒသမ ၅၂၃)ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အဆိုပါကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ (၂၀ ဒသမ ၄၉၁)ဘီလီယံတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ (၁၇ ဒသမ ဝ၇၃) ဘီလီယံ ပါဝင်သည့်အတွက် (၈၄ ရာခိုင်နှုန်း)အထိ ပါဝင်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နဝမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေ ၂ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ Ease of Doing Business Ranking တိုးတက်စေရေးလုပ်ငန်းအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးခဲ့ပါကြောင်း။
နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုုင်သဖြင့် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးအရေးယူမှု (၅၁၂)ကြိမ်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၉ ဒသမ ၁၁၃ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကိုသာမက ကုန်သွယ်ရေးကဏ္ဍကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ အဆိုပါအချက်ကို အခြေပြုပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ကုန်သွယ်ရေးကို အထောက်အကူပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုလည်း ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များအရ ၂၀၁၉ ခုနှစ်၊ မတ်လအထိ ခွင့်ပြုပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်သည် (၁၅၄၉)ခု ရှိသည်ကို တွေ့ရှိရပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းပြီး ခေတ်နှင့်လျော်ညီသည့် ဥပဒေပြဋ္ဌာန်းခြင်း၊ လုပ်ထုံးလုပ်နည်း ပိုင်းဆိုင်ရာများတွင် ဖြေလျှော့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး တစ်ဘက်တွင်လည်း ၎င်းတို့ကို သိရှိနားလည်စေရန်အတွက် အစိုးရဘက်နှင့် ပုဂ္ဂလိက နှစ်ဘက်စလုံးအတွက် အလုပ်ရုံဆွေးနွေးပွဲများကို အခါအားလျော်စွာ ပြုလုပ်ပေးလျက်ရှိပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုတစ်ခုတွင် နိုင်ငံ၏ စီးပွားရေး၊ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ (၃)မျိုးလုံးအပေါ် ကောင်းမွန်သည့် သက်ရောက်မှုရှိမှသာလျှင် ပြည့်စုံပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါကြောင်း၊ ယခုလို သုံးမျိုးသုံးဖလှယ်ပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှုများ ရရှိလာအောင် အစိုးရဘက်မှ ကြိုးစားနေသကဲ့သို့ လုပ်ငန်းရှင်များ ဘက်ကလည်း မိမိတို့လုပ်ငန်းမှ နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေနှင့် လူမှုစီးပွားဘဝတို့အပေါ် ကောင်းမွန်သည့် သက်ရောက်မှုများ ရှိလာနိုင်စေရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့် ဆွေးနွေးမည့် ကဏ္ဍများနှင့်သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြီးစီးမှုအခြေနေ၊ ပို့ကုန်များပိုမို တင်ပို့နိုင်ရေးနှင့် တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုအခြေအနေ၊ ပြည်ပနိုင်ငံများသို့ ပဲနှင့်ဆန်များ တင်ပို့ရောင်းချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပပြီးစီးမှုအခြေအနေ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများနှင့် စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် စက်မှုဇုန်များ အဆင့်မြှင့်တင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေနှင့် ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနေသူရိန်၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ဆန်းဦးတို့က သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်