ရန်ကုန် ၂၂ မေ 

 


ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်များဦးစီးဌာန  ရန်ကုန်ရုံးခွဲ၌ ကျင်းပသည်။ 

 


အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးကြည်မင်းက ယနေ့တွင် နိုင်ငံတကာနှင့် ပြည်တွင်းပညာရှင်များက ညှိနှိုင်းဆွေးနွေးပြီး ၂၀၁၉ စက်တင်ဘာလတွင် အပြီးရေးသားတင်ပြရမည့် “Nomination Dossier (Draft) အဆိုပြုစာ(မူကြမ်း) အချိန်မီပြီးစီးနိုင်ရေးနှင့် အမွေအနှစ်ဒေသတွင်း Management Plan ရေးဆွဲခြင်း လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ရန်၊ သက်ဆိုင်ရာကော်မတီ၊ ပညာရှင်များနှင့် ဆပ်ကော်မတီအသီးသီးအား တိုက်တွန်းလိုပါကြောင်း၊ ပံ့ပိုးကူညီသည့် တရုတ်ပြည်သူသမ္မတနိုင်ငံနှင့် အီတလီနိုင်ငံတို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ 

 


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က “ပထမအပိုင်းက အမျိုးသားအမွေအနှစ်အနေနဲ့ ပုဂံကို အမျိုးသားအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားပါတယ်။ မြောက်ဦးကိုလည်း အခု အမျိုးသားအမွေအနှစ်အဖြစ် ဥပဒေအရသတ်မှတ်ဖို့ တင်ပြထားပါတယ်။ တစ်ဆက်တည်းမှာပဲ ကမ္ဘာ့အမွေအနှစ်အဆင့်ဝင်ရင် နိုင်ငံတကာကသိလာမယ်၊ နိုင်ငံတကာခရီးသွားဝဘ်ဆိုက်၊ UNESCO ဝဘ်ဆိုက်တွေမှာ ထည့်သွင်းဖော်ပြခံရရင် ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာမယ်။ အလားတူပဲ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာကပိုမိုသိရှိပြီးတော့ ထိန်းသိမ်းရေးလုပ်ငန်းတွေမှာလည်း ပညာရှင်တွေနဲ့ အထောက်အကူပစ္စည်းတွေ ပညာရပ်ဆိုင်ရာတွေရော ရလာနိုင်တယ်။ အဖက်ဖက်က အကျိုးရှိတဲ့အတွက် ကမ္ဘာ့အမွေအနှစ်အဖြစ် တင်ပြဖို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အခု တင်သွင်းဖို့ ၇၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးပါပြီ။ ဇူလိုင်လကုန်မှာ ရာနှုန်းပြည့်ပြီးစီးမှာပါ။ ကမ္ဘာ့အမွေအနှစ်စင်တာက သတ်မှတ်ထားတဲ့ ဒီနှစ် စက်တင်ဘာ ၃၀ မှာ တင်သွင်းနိုင်မယ်ဆိုရင် ရှေ့နှစ်ထဲမှာ လာရောက်စစ်ဆေးမယ်၊ ၂၀၂၁ ခုနှစ်မှာ ရနိုင်မှာဖြစ်ပါတယ်” ဟုပြောသည်။ 

 


ထို့နောက် UNESCO မှ ကျွမ်းကျင်ပညာရှင် Ms Shikha Jain နှင့် Mr Kai Weise တို့က မြောက်ဦးယဉ်ကျေးမှုဒေသ ထိန်းသိမ်းရေးစီမံကိန်း ရေးဆွဲဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပုဂံမြို့၊ ပျူမြို့၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရှေးဟောင်းမြို့ တည်ဆောက်ပုံများနှင့် နှိုင်းယှဉ်ကာ မြောက်ဦးယဉ်ကျေးမှုဇုန် နယ်နိမိတ်သတ်မှတ်ရေးနှင့် မြေယာစီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူထုစီမံခန့်ခွဲရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ ခရီးသွားစီမံခန့်ခွဲရေးလုပ်ငန်းစဉ် ၈ ချက်နှင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအရ ဆောင်ရွက်ရေး၊ အသိပညာပေးရေး၊ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့များအကြား သတင်းအချက်အလက် ဖလှယ်ရေးနှင့် ရှေ့ဆောင်ရွက်မည့် မဟာဗျူဟာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။ 

 


ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး ဦးကျော်အေးသိန်းက မြောက်ဦးဒေသရေ ရှည်စီမံခန့်ခွဲရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ ဒေသခံများအကျိုးစီးပွား ဖြစ်ထွန်းရေးတို့ကို  ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးနေပြီး၊  ယခုရေးဆွဲနေသည့် “Nomination Dossier (Draft) နှင့် Management Plan ပါ အချက် ၈ ချက်အား အခြေခံပြီး မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ Master Plan ဖြစ်လာနိုင်ကြောင်း ပြောကြားသည်။ 

 


အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်တိုး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ အီတလီနိုင်ငံမှ AICS ၊ World Bank ၊ UNESCO နှင့် ပြည်တွင်း ပြည်ပမှ ပညာရှင်များကော်မတီ၊ ဆပ်ကော်မတီများမှ ကော်မတီဝင်ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာမှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်မြောက်ဦး ဒေသအမွေအနှစ် ချစ်မြတ်နိုးကြသူများ တက်ရောက်ဆွေးနွေးကြသည်။  

 


သတင်းစဉ်