နေပြည်တော် ၂၃ မေ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အားပြုလုပ်ကိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ရေးသည် အလွန်အရေးကြီးသည့် အားလျော်စွာ သီးနှံများကြီးထွား အထွက်တိုးမှုကို အဟန့်အတားဖြစ်စေမည့် အန္တရာယ်များမှ ကာကွယ်နိုင်ရေးသည် အထူးဂရုပြု ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါသည်။
အဟန့်အတားဖြစ်စေသည်ဟုဆိုရာ၌ သဘာဝဘေး၊ ပိုးမွှားတို့၏ဘေးနှင့် တိရစ္ဆာန်တို့၏ အန္တရာယ်များ စသည့် ဘေးအားလုံးပါဝင်ပါသည်။
မိုးခေါင်၊ လေပြင်းတိုက်၊ အခါမဟုတ်မိုးရွာ၊ ရေကြီးရေလျှံ အစ ရှိသည့် သဘာဝဘေးအ္တရာယ်များ၊ ရွှေခရု၊ ကြွက်မျိုးစုံ၊ လယ်ပုစွန် အစ ရှိသည့် တိရစ္ဆာန်တို့၏ အန္တရာယ်များနှင့် ငမြှောင်တောင်၊ ဆစ်ပိုး၊ ရွက်ဝါ ဗိုင်းရပ်စ်ပိုး အစရှိသည့် ပိုးမွှားနှင့် မှိုတို့၏ အန္တရာယ်များက စိုက်ပျိုးရေး တောင်သူတို့အတွက် ထိခိုက် ဆုံးရှုံးမှုများစွာကို ဖြစ်စေပါသည်။
မကြာသေးမီကဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသီးများ ကြွေခြင်း၊ လေပြင်းတိုက်ခတ်မှု ဖြစ်ခြင်းတို့ကြောင့် ဖရဲခင်းပျက်စီးခဲ့ရမှု၊ သရက်သီးများ ကြွကျပျက်စီးရမှုတို့သည် တောင်သူတို့အတွက် လွန်စွာ ထိခိုက်ဆုံးရှုံးနစ်နာမှုများ ဖြစ်ခဲ့ရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် စပါးခင်းများကို ရွှေခရုများကိုက်ဖြတ်မှုကြောင့် လည်းကောင်း၊ ဒေသအတော်များများ၌ လယ်ပုစွန်များ ညှပ်ဖြတ်ဖျက်ဆီးမှုကြောင့် စပါးအထွက်လျော့နည်းမှုများသည် လည်းကောင်း စိုက်ပျိုးရေးသမားတို့အတွက် နစ်နာမှုများစွာ ဖြစ်ခဲ့ရသည်။ ယင်းသို့ဖျက်ဆီးကြကုန်သော အန္တရာယ်များလှသည့်တိရစ္ဆာန်များထဲတွင် ကြွက်တို့၏ဘေးမှာ ထိတ်လန့်ဖွယ် ကောင်းလောက် အောင်ဖြစ်ပါသည်။ ပဲခင်း၊ စပါးခင်း၊ ပြောင်းခင်း၊ နေကြာခင်းတို့သာမက မီးဖိုချောင် သီးနှံများကိုပါ ဖျက်ဆီးစားသောက်ကြလေရာ တောင်သူတို့အလွန်စိတ်ညစ်ရသည့် အန္တရာယ်များ ဖြစ်ရပါသည်။
အထက်ပါ ဘေးအန္တရာယ်မျိုးစုံတို့၏ရန်ကို ထိထိရောက်ရောက်ကာကွယ်နိုင်မှသာ တောင်သူတို့လည်း ဝင်ငွေ တိုး နိုင်ငံသားတို့လည်း ချောင်လည်ပါလိမ့်မည်။
သဘာဝဘေးဟူသည် တားဆီးရန် လွယ်လှသည် မဟုတ်သော်လည်း တတ်အားသမျှကြိုးစားကာကွယ်ကြရန် လိုပါမည်။ စိုက်ခင်းများတွင်လေကာပင်များ စိုက်ပျိုးပေးခြင်း၊ လိုအပ်သလို တမံတုတ်ခြင်း၊ လယ်ကြား မြောင်းများဖော်ခြင်း စသည်တို့ဖြင့် လေပြင်းနှင့် ရေကြီးနစ်မြုပ်မှုကိုအတော်အသင့်ကာကွယ်နိုင်မည် ဖြစ်ပါ သည်။
ပိုးမွှားအန္တရာယ်အတွက် သဘာဝနည်း၊ ဓာတုနည်းတို့ဖြင့် ကာကွယ်ဆေးကုသဆေးများပေါ်ပေါက်နေပြီဖြစ်ရာ သက်ဆိုင်ရာက အမှန်အကန်ဖြစ်အောင် စိစစ်ပေးခြင်း၊ သုံးစွဲရာတွင် စနစ်တကျဖြစ်အောင် ပညာပေးခြင်း၊ ကူညီထိန်းကွပ်ပေးခြင်းတို့ဖြင့် သက်သာအောင် ဆောင်ရွက်နိုင်မည်ဟုမြင်ပါသည်။
တိရစ္ဆာန်တို့၏ အန္တရာယ်များအတွက်မူ ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းစုံကို ပြင်ဆင်စီမံသင့်ပါသည်။ သက်ဆိုင်ရာ တို့က ကူညီပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ပညာပေးခြင်းတို့လိုအပ်ပါမည်။ ကြွက်များ ခိုအောင်း နိုင်သည့် ချုံများ၊ ရိုးပြတ်များကို ရှင်းလင်းခြင်း၊ ဆေးဝါးများ၏ အကူအညီဖြင့်ဖြစ်စေ၊ လူအားဖြင့်ဖြစ်စေ ရှာဖွေရှင်းလင်းခြင်း၊ ကြွက်နှင့်အဖျက်တိရစ္ဆာန်များကို သဘာဝအားဖြင့် ရှင်းလင်းပေးသည့် လင်ကောင်ပိုး ငှက်များ၊ လင်းမြွေများ စသည်တို့ကို သီးနှံကွင်းများတွင် ကျက်စားစေ ခြင်းတို့က ထိရောက်သော ကာကွယ်မှု များဖြစ်ပါမည်။ လင်းမြွေများကိုအစုအဝေးနှင့် သတ်ဖြတ်စားသုံးခြင်း၊ ပြည်ပသို့ တရားမဝင်ပို့ခြင်း၊ လင်ကောင် ပိုးလိုငှက်များကို ငှက်ဆိုးအဖြစ် အယူသီးကာသတ်ဖြတ်ကြခြင်းတို့ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပေးခြင်းဖြင့် ကြွက်နှင့် အချို့သော တိရစ္ဆာန်တို့၏ အန္တရာယ်များက ကာကွယ်ပေး နိုင်မည်ဖြစ်ပါသည်။
စိုက်ပျိုးသီးနှံထွက်ရေးကို အန္တရာယ်ပြုနေသည့် ဘေးအမျိုးမျိုးကိုရင်ဆိုင်နေရသည့် အခြေအနေတွင် ကြိုတင် ကာကွယ်ရေးနည်းစနစ်များကို သက်ဆိုင်ရာက စနစ်တကျပြင်ဆင်ခြင်း၊ စီမံခန့်ခွဲကူညီပေးခြင်းတို့ဖြင့် တောင်သူများ၏ အထွေထွေအခက်အခဲများ ကျော်လွှားနိုင်မည်၊ နိုင်ငံ့ဝင်ငွေတိုးရေးကိုလည်း အားဖြည့်ပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကြေးမုံ