ကင်ရှာဆာ ၁ ဇန်နဝါရီ

 

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ (ဒီအာရ်ကွန်ဂို)တွင် ကာလအတန်ကြာ ရွှေ့ဆိုင်းထားသည့် သမ္မတ ရွေးကောက်ပွဲပြန်လည် ကျင်းပခဲ့ကြောင်းနှင့် သမ္မတလောင်း ရွေးချယ်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မကြာသေးမီက မဲပေးခဲ့ကြောင်း သိရသည်။ 

 

ယခုကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် ဒီအာရ်ကွန်ဂိုနိုင်ငံတွင် ပထမဆုံးအကြိမ် ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းကျ အာဏာလွှဲ ပြောင်းပေးမည့် ရွေးကောက်ပွဲဖြစ်လာရန် မျှော်လင့်ထားကြောင်း သိရသည်။ 

 

ထို့အပြင် အခြားတစ်ဖက်မှ ကြည့်လျှင်လည်း ရွေးကောက်ပွဲ မငြိမ်သက်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။ နိုင်ငံအရှေ့ဘက်ခြမ်းတွင် အီဘိုလာ ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့လာမည့် အခြေအနေကြောင့် လူတစ်သန်းခန့်ကို မဲပေးခွင့် ပိတ်ပင်ခဲ့ရကြောင်း သိရသည်။ 

 

လက်ရှိ သမ္မတ ဂျိုးဇက် ကာဘီလာက ရွေးချယ်ထားသည့် သမ္မတလောင်းသည် ယခင် ပြည်ထဲရေးဝန်ကြီး အီမန်နျူရယ် ရာမာဇာနီရှာဒါရီ ဖြစ်ကြောင်းသိရပြီး ၎င်းကို ဥရောပသမဂ္ဂက အရေးယူ ဒဏ်ခတ်မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။ 

 

၎င်းနှင့်အပြိုင် အဓိက အတိုက်အခံ ကိုယ်စားလှယ် နှစ်ဦးက တော့မာတင် ဖာယူလူနှင့် ဖီးလစ်ဇ်ရှီရှက်ကီဒီ ဖြစ်ကြောင်း သိရသည်။ 

 

ဒီအာရ်ကွန်ဂိုပြည်သူ သန်း ၄၀ ခန့်သည် ကွန်ပျူတာ စနစ်ကို အသုံးပြုပြီး ပထမဆုံး အကြိမ် မဲပေးခွင့် ရရှိခဲ့သည်။ မဲရလဒ် လိမ်ညာခံရမှုများ ရှိနိုင်သည်ဆိုကာ အတိုက်အခံများဘက်က စိုးရိမ်နေကြောင်း သိရသည်။ 

 

အေအက်ဖ်ပီ