ရန်ကုန် ၂၃ မေ
ရန်ကုန်တိုင်းဒေသကြီးတွင် ငါးသားဖောက်စခန်းသုံးခုနှင့် ပုစွန်သားဖောက်စခန်းတစ်ခုရှိရာ ထိုသားဖောက်စခန်းတို့မှ ငါးမွေးတောင်သူတို့အတွက် နှစ်စဉ်ပြည်ပဈေးကွက်ဝင် ငါးသားပေါက်များကို ဖြန့်ဝေပေးလျက်ရှိပြီး လှော်ကား ငါးသားဖောက်စခန်းမှ မျိုးစိပ်(၁၈)မျိုးကို ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
လှော်ကားစခန်းသည် မြန်မာနိုင်ငံတွင် ငါးသားဖောက်လုပ်ငန်းအကြီးဆုံး စခန်းဖြစ်သောကြောင့် ပြည်ပဈေးကွက်ဝင် ငါးတန်၊ ငါးမြစ်ချင်း၊ ရေချိုငါးမုန့်၊ ငါးခုံးမ၊ မျိုးစပ်ငါးခူ၊ ငါးပျဉ်မ၊ ငါးခေါင်းပွနှင မြက်စားငါးကြင်း၊ ငွေရောင်ငါးကြင်း အပါအဝင် မျိုးစိပ်(၁၈)မျိုးကို သားဖောက်ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ငါးသားဖောက်လုပ်ငန်းကို (၁၉၅၈)ခုနှစ်တွင် မြစ်ချောင်းများမှ သားပေါက်များကို ဖမ်းဆီး၍ သားဖောက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ဆေးထိုးသားဖောက် နည်းပညာမရရှိ၍ ငါးတောင်သူများ ပြည်ပမှ ငါးသားပေါက်များကို ဝယ်ယူမွေးမြူခဲ့ရပြီး (၁၉၆၂) ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ပညာရှင် ဒေါက်တာဂျွန်ထရီနှင့် မြန်မာနိုင်ငံမှ ပညာရှင်တို့ ပူးပေါင်ကာ ငါးဆေးထိုး သားဖောက်ခြင်းလုပ်ငန်းကို လှော်ကားစခန်းမှ စတင်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်သည်။
ငါးတန်၊ ငါးမြစ်ချင်းစုံတွဲကို ညပိုင်းတွင် ဆေးထိုး၍ လွှတ်ထားပြီး နံနက်ပိုင်းတွင် မျိုးဥများရရှိကာ (၁၂) နာရီအကြာတွင် ငါးမှုန်အကောင် အဖြစ်သို့ ပြောင်းလဲ၍ (၅)ရက် အကြာ၌ ငါးအကောင်ပေါက်အဖြစ်သို့ ရောက်ရှိကာ(၂၁)ရက် အကြာတွင် ရောင်းတန်းဝင် ငါးသားပေါက် အရွယ်သို့ ရောက်ရှိပြီဖြစ်သည်။ ယခုလပိုင်းတွင် ငါးမြစ်ချင်း အကောင်ပေါက် သိန်း(၂၀) ဖြန့်ဝေပေးပြီး ဖြစ်၍ ငါးမွေးတောင်သူတို့ လိုအပ်ချက်အတိုင်း မွေးမြူလိုသော ငါးအမျိုးအစားနှင့် အရွယ်အစားအလိုက် ထုတ်လုပ်လျက်ရှိသည်။
“ငါးမွေးတောင်သူတွေ လိုအပ်ချက်အတိုင်း ရောင်းချပေးပါတယ်။ သားပေါက်တစ်လက်မ အရွယ်၊ ဒါမှမဟုတ် ငါးမှုန်၊ သားပေါက်ပဲ လိုတယ်ဆိုရင် လိုအပ်သလို ဝန်ဆောင်မှုပေးပါတယ်။ တစ်လက်မ အရွယ်ကို တစ်ကောင်(၄)ကျပ် ရောင်းပါတယ်။ ငါးအမျိုးအစားလိုက် ဈေးကွဲပါတယ်။ မြက်စားနဲ့ ငါးခေါင်းပွက ဈေးမြင့်ပါတယ်။ မနှစ်က မန္တလေး ဈေကွက်ကို သားပေါက် တစ်ကောင်(၅)ကျပ်နဲ့ ပို့ရပါတယ်။ ငါးသိပ္ပံကျောင်းလည်း ဖွင့်ထားပြီဖြစ်တဲ့ အတွက် ကျောင်းဆင်းတဲ့ အခါမှာ တိုးတက်အောင်မြင်မှုတွေကို တွေ့မြင်ရမှာပါ။ နည်းပညာပိုင်းဆိုင် ရာ လိုအပ်ချက်တွေ ရှိပေမယ့် ဌာနအနေနဲ့ အကောင်းဆုံး ဆောင်ရွက်နေပါတယ်” ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက ပြောသည်။
ငါးတန်၊ ငါးမြစ်ချင်းနှင့် ပြည်ပဈေးကွက်ဝင် ရေထွက်ပစ္စည်းများကို မွေးမြူထုတ်လုပ်လျက် ရှိပြီး ဝယ်လိုအား ဦးမော့လာသော ငါးမြင်းကိုလည်း မွေးမြူထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းတွင် လှော်ကားနှင့် တွံတေး ငါးသားဖောက်စခန်း၊ ဧရာဝတီတိုင်းတွင် သလုပ်လှ စခန်းတို့တွင် ပြည်ပမှ ပညာရှင်များနှင့် ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လှော်ကားငါးဖောက်စခန်း၊ လေးထောင့်ကန် ငါးသားဖောက်စခန်း၊ တွံတေးငါးသားဖောက်စခန်းနှင့် ကျောက်တန်း ပုစွန်သားဖောက်စခန်း(ရေချို) ဟူ၍ သားဖောက်စခန်း လေးခုရှိပြီး (၁၉၅၈)ခုနှစ်တွင် မြန်မာနိုင်ငံ၌ လှော်ကားငါးသားဖောက်စခန်းကို စတင်ဖွင့်လှစ်ခဲ့ကာ (၁၉၈၀) ခုနှစ်တွင် လေးထောင့်ကန် ငါးသားဖောက်စခန်း ၊ကျောက်တန်းပုစွန်သားဖောက်စခန်းနှင့် ဧက(၁၃၀ဝ) ကျော်ရှိသော တွံတေး ငါးသားဖောက်လုပ်ငန်းကို (၁၉၈၀)နောက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် မြန်မာ့ရေလုပ်ငန်း ကာလမှ စတင်ဖွင့်လှစ်ခဲ့သော လှော်ကားငါးသားဖောက်စခန်းတွင် ငါးမြစ်ချင်းနှင့် ငါးတန်ကို အဓိက ငါးဖောက်ထုတ်လုပ်လျက်ရှိကာ ငါးမွေးတောင်သူတို့အတွက် မျိုးစိပ်ပေါင်း (၁၈) မျိုးကို သားဖောက်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ -သန်းစိုး