မက္ကဆီကိုစီးတီး ၁ ဇန်နဝါရီ
မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ဂျာလစ် စကိုပြည်နယ် ဇာပိုပန်မြို့တွင် မကြာသေးမီက လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများအနက် အရွယ်မရောက်သေးသူ ကလေးငယ်တစ်ဦး ပါဝင်ကြောင်း မြို့ပြကာကွယ်ရေးဌာနက ပြောခဲ့သည်။
နှစ်ထပ် လူနေအိမ်တစ်လုံးကို မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး သေဆုံးသူများမှာ မီးလောင်ကျွမ်းခြင်း သို့မဟုတ် မီးခိုးများ အလွန်အကျွံ ရှူရှိုက်မိခြင်းကြောင့်ဖြစ်ကြောင်း ကနဦး လေ့လာမှုများအရ သိရသည်။
မီးလောင်မှု ဖြစ်ပွားချိန်တွင် ပေါက်ကွဲသံကြားရကြောင်း မီးလောင်မှု ဖြစ်ပွားရာ အနီးတွင် နေထိုင်သူများက ပြောကြားခဲ့သည်။ မီးလောင်မှုသည် မီးဖိုခန်းအတွင်း ဓာတ်ငွေ့ ပေါက်ကွဲမှုမှ ဖြစ်နိုင်ကြောင်း မြို့ပြကာကွယ်ရေးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ မီးလောင်သည့် အကြောင်းရင်းကို သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။ မက္ကဆီကို နိုင်ငံတွင် ယခုရက်ပိုင်း မီးလောင်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း၊ ဒီဇင်ဘာ ၂၉ ရက်က မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ပူဘလာပြည်နယ် ခရစ်စမတ် ဈေးပွဲတော်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် ဒီဇင်ဘာ ၂၈ ရက်ကလည်း မက္ကဆီကိုစီးတီး အရှေ့တောင်ဘက်ရှိ လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး လူခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဆင်ဟွာ