မန္တလေး ၁ ဇန်နဝါရီ

 

မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့မှ ကြီးမှူး၍ (၇၂)နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ် တိုင်းရင်းသားလူမျိုးစုများမိတ်ဆုံပွဲကို ဒီဇင်ဘာ ၃၁ ရက် ညနေ ၆နာရီက မန္တလေးမြို့  ချမ်းအေးသာစံမြို့နယ် ၃၅လမ်း၊ ၆၆လမ်းနှင့် ၆၇လမ်းကြား ရှမ်းတိုင်းရင်းသားများ အသင်း(မန္တလေး)တွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားလူမျိုးများ မိတ်ဆုံပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တိုင်းရင်းသားလူမျိုးစုများ၏ရိုးရာအကများဖြင့်ဖျော်ဖြေတင်ဆက်သည်။

 

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်များ၊  မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်နှင့်အဖွဲ့ ဝင်များ၊တိုင်းရင်းသား လူမျိုးစု(၁၇)ဖွဲ့မှတိုင်းရင်းသားများ၊ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

 

မောင်ပြည်သူ(မန္တလေး)