ရန်ကုန် ၂၅ မေ  


သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..လှမိုး


မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား ထူထောင်ရန် ပြင်ဆင်လျက်ရှိပြီး နိုင်ငံတော်အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုသည့် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေထံမှ သိရသည်။ 


ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပသည့် အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရကိုယ်စားလှယ်များပါဝင်သည့် (၁၃)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ 


ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှု ပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား ထူထောင်မလို့ပါ။ ကမ္ဘာ့နိုင်ငံ အသီးသီးက အသိအမှတ်ပြုအောင် နိုင်ငံတော်အနေနဲ့ အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရားကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တိုင်ကြားမှုယန္တရားကို ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ အခြားသော ဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီး ဘယ်လိုပုံစံ မျိုးလုပ်မယ် ဆိုတာကို အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေနဲ့ မူတည်ပြီးရေးဆွဲထားပါတယ်။ ဒီအစည်းအဝေးမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ အကြံဉာဏ်ကို ရယူပြီးဆွေးနွေးသွားမှာပါ။ ပြင်ဆင်ကာလပြီးပြီ ဆိုတာနဲ့  အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား စမှာဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) ဘက်ကတော့ ဒီကြားကာလထဲမှာ ပညာပေးတာတွေ၊ ဆွေးနွေးတာတွေ၊ ပြင်ဆင်တာတွေ အချိန်ယူလုပ်စေချင်ပါတယ်။ တိုင်ပင်ပြီးတော့ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထူထောင်ထားတဲ့ ယန္တရားမှာ ဝန်ကြီးဌာန အားလုံးပါပါတယ်။ ဘယ်ကိုတိုင်တိုင်အားလုံး စုပေါင်းဖြေရှင်းကြမှာပါ” ဟုပြောသည်။ 


အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရားတွင် အစိုးရဝန်ကြီးဌာနများအားလုံး ပါဝင်ပြီး အဆိုပါယန္တရားတွင် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ ပါဝင်နိုင်ရေးအတွက်လည်း ပြည်ထောင်စုဝန်ကြီးအား အကြံပြုထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောကြားသည်။ 


ဦးမောင်မောင်က “အဓမ္မစေခိုင်းတာနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနတွေပဲ မဟုတ်ဘဲ အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ ပါရင်သင့်တော်မယ်လို့ ဝန်ကြီးကို ပြောခဲ့ပါတယ်။ ILO သည် သုံးပွင့်ဆိုင်ယန္တရား ဖြစ်တော့ ကျွန်တော်တို့ဘက်ကလဲ ရင်ဆိုင်ဖြေရှင်းရမယ်အခါမျိုးဆိုရင် သုံးပွင့်ဆိုင်ယန္တရားနဲ့ ဖြေရှင်းရင် ပိုသင့်တော်မယ်လို့ ကျွန်တော်က အကြံပြုခဲ့ပါတယ်” ဟုပြောသည်။ 


အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရားတွင်  အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ ပါဝင်လာနိုင်ရေးအတွက် အစိုးရအနေဖြင့် မူအားဖြင့် သဘောတူထားပြီး နောင်တစ်ချိန်တွင် ပူပေါင်းဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း အဓမ္မခိုင်းစေမှုမျိုး မရောက်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ရှိသူများအား သင်တန်းများပို့ချ သင်ကြားပေးနေကြောင်း ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) ၏ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးက ဖြေကြားသည်။ 

 

1


    

ဦးမြင့်စိုးက “အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားမှာ အစိုးရကလဲ ကျွန်တော်တို့ အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ်တွေပါဖို့ မူအားဖြင့် သဘောတူထားတော့ နောင်တချိန် ဖော်ဆောင်ပြီးတဲ့အခါ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အလုပ်ရှင်ဘက်ကလဲ အဓမ္မခိုင်းစေမှုမဖြစ်အောင် အလုပ်ရှင်အဖွဲ့အစည်းတွေက ကိုယ့်ရဲ့စက်ရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ HR တွေ၊ မန်နေဂျာတွေကို သင်တန်းတွေပေးနေ၊ သင်ကြားပြသနေပါတယ်။ အတင်းအဓမ္မခိုင်းတာမှာ ဥပမာ-သူက အချိန်ပိုမလုပ်ချင်ဘူး။ ဒါကို အလုပ်ရှင်က အချိန်ပိုနှစ်ဆ ပေးထားတာပဲ ဆိုပြီး ခိုင်းလို့မရပါဘူး။ အတင်းအဓမ္မစေခိုင်းမှု မြောက်ပါတယ်။ သူ့သဘောနဲ့သူ ပြန်လို့ရပါတယ်။ ဒါမျိုးတွေလဲ ကျွန်တော်တို့က သင်ကြားပေးနေပါတယ်။ ကျွန်တော်တို့ အသိုင်းအဝိုင်းမှာ မပေါ်ပေါက်ဖို့ ကြိုးစားနေပါတယ်။ အဓမ္မစေခိုင်းတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တတွေ ပူးပေါင်းဆောင်ရွက်တာရှိပေမဲ့ နိုင်ငံတကာရဲ့ အမြင်မှာ ဒီလိုခိုင်းစေမှုတွေ ရှိသေးတယ်လို့ ပြောဆိုမှုတွေရှိနေကြတယ်။ သို့သော် အဲဒီပြောဆိုမှုတွေက ဘယ်ဒေသဘယ်နေရာဆိုတာ အတိအကျမရှိပါဘူး” ဟုပြောသည်။ 
    

မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်ကတည်းက ILO ၏ ပြဌာန်းချက် (၃)ခု (C182, MLC2006 နှင့် C185) ကိုလည်းကောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ပြဌာန်းချက် (CRC)၊ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုအားလုံးပပျောက်ရေး သဘောတူစာချုပ် (CEDAW) နှင့် အပြည်ပြည်ဆိုင်ရာ စီးပွာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများပဋိညာဉ် (International, Social and Cultural Right-ICESCR) တို့ကိုလည်းကောင်း အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ 


သတင်းစဉ်

 

1