ဗန်းမောက် ၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် စက်တောကုန်းရိုးကျေးရွာ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် မင်းတုန်းမင်းကြီးနှင့် မိဖုရားခေါင်ကြီး စင်္ကြာဒေဝီတို့ လှူဒါန်းထားသော နန်းတွင်းအသုံးအဆောင် ပစ္စည်းများကို ထိန်းသိမ်းကာ ပြတိုက်တစ်ခု ဖွင့်လှစ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ပြတိုက်ဖြစ်မြောက်ရေး နာယက ဦးမောင်သောင်း၏ ပြောကြားချက်အရ သိရသည်။
''ပြတိုက်ဖြစ်မြောက်ရေးကို ဆရာတော်ရဲ့ သားတပည့်လူငယ်တွေကို ကော်မတီဖွဲ့ပြီး လုပ်ထားတယ်၊ အခုလက်ရှိသူတွေနဲ့ နောင်လာနောင်သားတွေ သိရှိမြင်တွေ့ခွင့်ရအောင် ပြခန်းစီစဉ်ဖို့ ဆရာတော်ကို လျှောက်လိုက်တယ်၊ သုတေသနအဖွဲ့ကလည်း ဒီမှာမဖြစ်နိုင်ဘူးဆိုရင်လည်း သူတို့ကို လှူပါလို့အလှူခံတယ်၊ ပထမတော့ ဆရာတော်နဲ့ညှိပြီး နိုင်ငံတော်အစိုးရကို လှူမယ်လို့ သဘောမျိုးရှိခဲ့ပေမယ့် ပတ်ဝန်းကျင် ပုဂ္ဂိုလ်တွေက သဘောမတူကြဘူး။ ဒီမှာပဲပြတိုက်တစ်ခုဖွင့်လှစ်ထားရှိဖို့ သဘောတူကြတာနဲ့ ကျေးရွာကပြည်သူတွေနဲ့တိုင်ပင်ပြီး ဆရာတော်ဆီမှာ ခွင့်တောင်းပြီး ပြတိုက်ဆောက်ဖို့လုပ်ခဲ့တယ်၊ ကျေးရွာရဲ့စီးပွားရေး အခြေအနေကြောင့် မတတ်နိုင်လို့အလှူခံပြီးလုပ်နေတယ်၊ ပစ္စည်းတွေကိုတော့ စက်တောကုန်းရိုးကြီး ကျေးရွာက မဟာဂန္ဓာရုံ ကျောင်းတိုက်မှာ ထိန်းသိမ်းထားတယ်'' ဟု ပြတိုက်ဖြစ်မြောက်ရေး နာယက ဦးမောင်သောင်းက ပြောသည်။
အဆိုပါကျောင်းတိုက်တွင် မိဖုရားခေါင်ကြီး စင်္ကြာဒေဝီတို့ လှူဒါန်းထားသော ကျောက်စီမလ္လိကတန်ဆာ၊ ထီးဖြူနှစ်လက်၊ ထီးရိုးတစ်ခု၊ ရွှေရေစာတိုက်၊ ရွှေရေးပဋိကတ်တော်တိုက်များ၊ တစ်ကြောင်း စာချွန်တော်များ၊ ပေစာများ၊ မင်းတုန်းမင်းကြီး လှူဒါန်းထားသော ကြွေထွေးခံခွက် နှစ်ခု၊ တိုးနယား ရုပ်ထုတစ်ခု၊ ဒေါင်းပုံစံရေးဆွဲထားသော လိုက်ကာတစ်ခု၊ ဆင်စွယ်များပါသည့် သစ်သားဗီရို နှစ်လုံး၊ အခြားပစ္စည်းများကို ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)