ကျောက်မြောင်း ၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့နယ် ဆယ်ပင်ကျွန်းကျေးရွာအတွင်းရှိ ဧရာဝတီမြစ်လယ် ကျွန်းပေါ်တွင် ပြုလုပ်ထားသည့် ရွှေကျွန်းသာ အပန်းဖြေစခန်းကို ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရွှေကျွန်းသာ အပန်းဖြေစခန်းသို့ ဖွင့်ပွဲနေ့တွင် လာရောက်လည်ပတ်သည့် သူများကို ဝင်ကြေးအနေဖြင့် ငွေကျပ် ၁၀၀၀ ကောက်ခံကြောင်းနှင့် နှစ်သစ်ကူးကို ကြိုဆိုရန် လာရောက်မည့် သူများကိုမူ ဝင်ကြေးအပါအဝင် လူတစ်ဦးလျှင် ကူးတို့ခ အသွား၊ အပြန်ပါ ငွေကျပ်ကျပ် ၈၀၀၀ ကောက်ခံကြောင်း၊ ယင်း ငွေကျပ် ၈၀၀၀ ကျပ်မှာ သောင်ပြင်ထမင်း၊ သောင်ပြင်ဟင်း အဖြစ် ငါးမာလာ နှင့် အရံဟင်း သုံးမျိုး၊ ဝိုင်၊ ဒေသထွက်ခေါင်ရည်၊ ငါးကင် တို့ဖြင့် ပြန်လည် ဧည့်ခံကျွေးမွေးသွားမည့်အပြင် ခေတ်ပေါ် တေးဂီတစသည့် အပန်းဖြေစရာ အစုံအလင်ဖြင့် ဧရာဝတီမြစ်လယ်က ကျွန်းပေါ်တွင် ပျော်ပျော်ရွှင်ရွှင် နှစ်သစ်ကူးကို ကြိုဆိုရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးခရီးသွားဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင် ဦးမင်းထင်က ပြောသည်။
ရွှေကျွန်းသာ အပန်းဖြေစခန်း၌ သဘာဝ သဲသောင်ပြင်ပေါ်တွင် ဒေသခံ ပညာရှင်များ ပြုလုပ်ဖန်တီးထားသည့် သဲပန်းပု၊ ရေပေါ်စက်ဘီး၊ မြင်းစီး၊ စသည့် အပန်းဖြေစရာ များစွာကို ပြုလုပ်ဆောင်ရွက်ထားပြီး ထပ်မံ၍လည်း အပန်းဖြေစရာများစွာကို ဖြည့်တင်းဆောင်ရွက်ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်၊ ဝန်ဆောင်မှု သဘောတရားများ ဖြန့်ဝေပေးရန်၊ စိုက်ပျိုးမြေအဖြစ် သုံးမရသည့် သဲသောင်ပြင်ကို အများပြည်သူ ပျော်ရွှင်စေရန်၊ တံငါလုပ်ငန်းအ စားထိုး ဝင်ငွေရရှိရေးလုပ်ငန်းအဖြစ် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ပါဝင်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေကျွန်းသာ အပန်းဖြေစခန်းကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်း မြို့ကြား ဧရာဝတီမြစ်လယ်က ကျွန်းပေါ်တွင်ပြုလုပ်ထားခြင်းဖြစ်သဖြင့် စဉ့်ကူးမြို့မှ ကူးတို့မော်တော်ဖြင့် လည်းကောင်း၊ကျောက်မြောင်းမြိုမှ ကူးတို့မော်တော်ဖြင့် လာရောက်နိုင်ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)