၂၇ မေ

တစ်ခါက ငြိမ်းချမ်းရေးစကားဝိုင်းတစ်ခုမှာ ကျောင်းသူတစ်ဦးက “ရိုးရိုးဘွဲ့ရတဲ့သူတွေက ဘွဲ့ရပြီးသွားရင် အလုပ်မရှိဘူးဆိုတာတွေ ဖြစ်လာတယ်။ တကယ်လက်တွေ့လည်း မလုပ်ရတဲ့အခါကျတော့  ကျွမ်းကျင်မှုမရှိဘူး။ ဘွဲ့ရရုံနဲ့  အပြင်လုပ်ငန်းမှာ အဆင်မပြေဘူးဖြစ်နေ တယ်” လို့ ထည့်သွင်းဆွေးနွေးသွားတာ ဖတ်လိုက်ရပါတယ်။ လူထုခေါင်းဆောင်က “အသက်မွေးဝမ်းကျောင်းပညာကို  အများကြီးအားပေးဖို့လိုပါတယ်။ အင်မတန် ပညာရေးစနစ်ကောင်းပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ဘွဲ့ရပြီးတော့ အလုပ်မရှိတဲ့ပြဿနာ၊ အလုပ်မရနိုင်တဲ့ ပြဿနာဖြစ်နေပါတယ်။  ကိုယ့်နိုင်ငံအတွက် လိုအပ်ချက်အရ ကိုယ့်ရဲ့သားသမီးတွေကို အသက်မွေးဝမ်းကျောင်းပညာသင်ဖို့ အားပေးစေချင်ပါတယ်။ ဘွဲ့ရပြီးတော့ တကယ်အလုပ်ရနိုင်မယ်ဆိုရင် ကောင်းပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားထားတဲ့ ပြည်သူပြည်သားများဟာ အသက်မွေးဝမ်းကျောင်းပညာ ကျောင်းပြီးတာနဲ့ တန်းပြီးတော့ အလုပ်ရဖို့ အလားအလာ အင်မတန်မှကောင်းပါတယ်” လို့ ဖြေကြားဆွေးနွေးသွားတာကိုလည်း ဖတ်လိုက်ရပါတယ်။

သက်မွေးပညာရေး

ကျွန်တော်တို့နိုင်ငံလို  ဖွံ့ဖြိုးဆဲနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ မောင်းနှင်အားဖြစ်တဲ့ အသေးစား  အလတ်စားစက်မှုလက်မှု လုပ်ငန်း (SMEs) တွေ ဖွံ့ဖြိုးဖို့နဲ့ အဲဒီလုပ်ငန်းတွေအတွက် လိုအပ်တဲ့ သက်မွေးပညာရေးကလည်း မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်ပါတယ်။  SMEs ဖွံ့ ဖြိုးတိုးတက်ဖို့၊  သက်မွေးပညာ ရေး၊ ဈေးကွက်ရရှိရေး၊ နည်းပညာနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်စတဲ့  အခြေခံအကြောင်းတရားတွေလည်း  ဟန်ချက်ညီညီဖွံ့ဖြိုးဖို့ လိုအပ်ပါမယ်။ 

နောက်တစ်ခုက  အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာ နဲ့အညီ  အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC)နဲ့အတူ အာဆီယံလွတ်လပ်သော   ကုန်သွယ်မှု  သဘောတူညီချက် (AFTA)အရ  လွတ်လပ်သော  လုပ်သားစီးဆင်းမှုလည်း အတူပါဝင်လာမယ်လို့ သိရပါတယ်။  ဒါကြောင့် အသိအမှတ်ပြု သက်မွေးပညာရေးနဲ့  ပြုစုပျိုးထောင်ပေးလိုက်တဲ့  ယှဉ်ပြိုင်နိုင်စွမ်းရည်ရှိသော  ကျွမ်းကျင်လုပ်သားတွေ  ရှိထားဖို့  မလွဲမသွေလိုအပ်မှာ ဖြစ်ပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုတာက နိုင်ငံရေးတည်ငြိမ်မှု၊ ဥပဒေခိုင်မာမှု၊  မြေ ၊ ရေ၊ လျှပ်စစ်နဲ့ ကျွမ်းကျင်လုပ်သားဈေးကွက်စတဲ့ Outsourcing လုပ်နိုင်တဲ့အခြေအနေတွေနဲ့    ပြည့်စုံမှ လာနိုင်မှာပါ။ ဒါကြောင့်   ကျွန်တော်တို့ လေ့ကျင့်ပျိုးထောင် ပေးရမယ့်  သက်မွေးပညာရေးကလည်း   နိုင်ငံတကာ  အသိ အမှတ်ပြုစံနှုန်းတွေနဲ့   ကိုက်ညီနေဖို့     လိုအပ်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် အင်ဂျင်နီယာလုပ်ငန်းတွေအတွက် နည်းပညာရှင်   (Technologist)   တွေကို   (Sydney Accord)၊ ကျွမ်းကျင်လုပ်သား      (Skilled Technicians)  တွေကို Dublin Accord စတဲ့စံနှုန်းတွေရှိသလို အခြားသက်မွေး ပညာရေးတွေမှာလည်း        အသိအမှတ်ပြုစံနှုန်းတွေနဲ့အညီ လေ့ကျင့်ပေးဖို့  လိုပါမယ်။    ဒါမှသာ    လုပ်သားဈေးကွက်မှာ နေရာရနိုင်မှာပါ။ သို့မဟုတ်ရင် အလုပ်ကြမ်းသမားအဖြစ်နဲ့သာ အသုံးပြုခံရနိုင်သလို     သူတို့ဆီက    ကျွမ်းကျင်လုပ်သားတွေ ခေါ်လာခဲ့ရင်        တားခွင့်မရှိတာ        သတိကြီးစွာထားသင့်ပါတယ်။

ဒါကြောင့်    သက်မွေးပညာရေးကိုလည်း    ပြည်တွင်း လုပ်သားဈေးကွက်ရဲ့   လိုအပ်ချက်၊   ရင်းနှီးမြှုပ်နှံလာနိုင်မယ့် လုပ်ငန်းအမျိုးအစားရဲ့   လိုအပ်ချက်တွေ၊  ဒေသလိုအပ်ချက်၊ နိုင်ငံလိုအပ်ချက်တွေနဲ့အညီ    လေ့ကျင့်ပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ သက်မွေးပညာရေးက သီအိုရီသဘောတရားထက် (Empirical For mula) တွေ Norms တွေနဲ့ ကျွမ်းကျင်မှု (Skill)ကို အသားပေးလေ့ကျင့်ပြီး ကျွမ်းကျင်မှုနဲ့ ကိုက်ညီတဲ့ လုပ်ငန်းခွင်မှာ  တိုက်ရိုက်အသုံးပြုတာဖြစ်ပါတယ်။   အခြေခံ အဆင့်မှာ  မြင့်မားနေတဲ့  ကျောင်းထွက်နှုန်းတွေကို   လူတိုင်းလက်လှမ်းမီနိုင်တဲ့  သက်မွေးပညာရေးနဲ့  လူ့စွမ်းအားအရင်း အမြစ်တိုးတက်အောင် စီမံဆောင်ရွက်သင့်ပါတယ်။ ဥပမာ - သာမန်      အလုပ်ကြမ်းသမားတစ်ဦးဟာ      သက်မွေးပညာ တစ်ရပ်ရပ်ကို  လက်လှမ်းမီစွာသင်ကြားခွင့်ရပြီး  အဲဒီပညာနဲ့ ဝင်ငွေအဆင့် အတန်အသင့်မြင့်မားလာစေမှသာ သူတို့မိသားစု ရဲ့  လူနေမှု၊    ကျန်းမာရေး  စောင့်ရှောက်မှုတွေ  တိုးတက်လာ စေမှာဖြစ်ပါတယ်။  

ဒီနေရာမှာ မိဘတွေအနေနဲ့ သားသမီးတွေရဲ့ လိုအပ်ချက်၊ မိသားစုအခြေအနေနဲ့ကိုက်ညီတဲ့ ပညာရေးစနစ်ကို အားပေးသင့်ပါတယ်။      ဥပမာ      စီးပွားရေးမပြေလည်တဲ့မိသားစုမှာ သားသမီးကို     ဘွဲ့ရဖြစ်စေချင်လို့    တက္ကသိုလ်ထားတယ်။စောစောက  ကျောင်းသူဆွေးနွေးသလို ဘွဲ့ရပေမယ့် အလုပ်မရဘူး။  ဒါဆိုရင် ကျောင်းထားတဲ့ရည်မှန်းချက်က ဘွဲ့ဓာတ်ပုံ ချိတ်ရုံထက်  မပိုနိုင်တော့ဘဲ  အကျိုးဆက်က ပညာအပေါ်တန်ဖိုး မထားတတ်တော့သလို ပညာရေးအပေါ် ယုံကြည်မှုအားနည်း လာစေတတ်တာ သတိမူသင့်ပါတယ်။

တက္ကသိုလ်ပညာရေး

ဆက်ပြီးတော့ မေးခွန်းထုတ်စရာက တက္ကသိုလ်ပညာရေးနဲ့ ပတ်သက်လို့ပါ။ ကျောင်းသူပြောသလို ဘွဲ့ရပေမယ့် အလုပ်မရ ဘူးဆိုတော့ တက္ကသိုလ်ပညာရေးကဘာလဲ၊ ဘယ်လိုလေ့ကျင့် ပေးလို့လဲ၊  ပညာဆိုတာ    အသုံးချမှုမရှိရင်    သတင်းအချက် အလက်အဖြစ်သာရှိတဲ့အတွက်      လက်တွေ့အသုံးချနိုင်မှုနဲ့ ယှဉ်တွဲပြီးသင်ရဲ့လား  စသဖြင့်  မေးစရာတွေပေါ်လာပါတယ်။ ဦးစွာ တက္ကသိုလ်ဆိုတာ တက္က (တွေးခေါ်မြော်မြင်ခြင်း)၊ သီလ (အလေ့အကျင့်)တို့ပေါင်းပြီး တွေးခေါ်မြော်မြင်နိုင်မှု၊ တီထွင်ဖန်တီး နိုင်မှုတွေကို  လေ့ကျင့်ပေးရာနေရာလို့  မှတ်သားရဖူးပါတယ်။

တက္ကသိုလ်ပညာရေးဆိုတာ  အမှားအမှန်  အကြောင်းအကျိုး၊ တွေးခေါ်မြော်မြင်နိုင်မှု၊  တီထွင်ဖန်တီးနိုင်မှု၊ ယှဉ်ပြိုင် နိုင်စွမ်းရည်တို့နဲ့ ပြည့်စုံတဲ့ နိုင်ငံသားကောင်းရဲ့ အရည်အသွေး (Qualities of Good Citizen) တွေ လေ့ကျင့်ပျိုးထောင် ပေးတဲ့ ပညာရေးလို့ ဆိုနိုင်ပါမယ်။ တွေးခေါ်မြော်မြင်နိုင်မှုဆိုရာ မှာ ဘက်စုံလွှမ်းခြုံသုံးသပ်နိုင်သော တွေးခေါ်နိုင်မှု (Critical Thinking)၊ တီထွင်ဖန်တီးနိုင်မှု  (Creativity) ၊  ပြဿနာ တစ်ရပ်ကို   အကောင်းဆုံးနည်းဖြင့်   ချဉ်းကပ်ဖြေရှင်းနိုင်မှု စွမ်းရည် (Problem Solving Skills) တွေလည်း ပါဝင်ပါတယ်။ ဒီနေ့ဘွဲ့ရများသာမက တက်ဆဲကျောင်းသား ကျောင်းသူများပါ        တွေးခေါ်မြော်မြင်သုံးသပ်နိုင်မှုအခြေအနေကို ဆန်းစစ်ကြည့်ရင်  တက္ကသိုလ်ပညာရေးရဲ့  အဆင့်အတန်းကို မှန်းဆလို့ရနိုင်မယ်လို့ ယူဆပါတယ်။

ယှဉ်ပြိုင်နိုင်မှုစွမ်းရည်   (Competency)   ဆိုတာက တွေးခေါ်သုံးသပ်နိုင်၊ တီထွင်ဖန်တီး  အသုံးချနိုင်သော ပညာ (Knowledge)၊ ကျင့်ဝတ်သိက္ခာပြည့်စုံပြီး ကောင်းမွန်သော စိတ်သဘောထား (Attitude)နဲ့ လက်တွေ့ကျွမ်းကျင်နှံ့စပ်မှုရှိခြင်း (Skills)တို့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ (၂၁) ရာစု ရဲ့  ဘဝရှင်သန်မှုစွမ်းရည်  (Life Skills) ကို  ညွှန်းဆိုရာမှာ စွမ်းဆောင်ရည် (Capacity)၊ ယှဉ်ပြိုင်နိုင်စွမ်းရည် (Competency)၊ ပူးပေါင်းဆောင်ရွက်နိုင်မှု (Collaboration) နဲ့ ယဉ်ကျေးမှု (Culture) တို့ကို မဖြစ်မနေလိုအပ်ချက်တွေအဖြစ် သတ်မှတ်တာကို လေ့လာတွေ့ရှိရပါတယ်။

အလားတူ နိုင်ငံသားကောင်းရဲ့ အရည်အသွေး (Quali-ties of Good Citizen) မှာ ဥပဒေကို လိုက်နာခြင်း၊ လူ ့အဖွဲ့ အစည်းအတွက်    မိမိအစွမ်းရှိသမျှ    ကြိုးပမ်းအားထုတ်ခြင်း၊ ပြည်သူတို့  စောင့်ထိန်းအပ်သော  ကျင့်ဝတ်တာဝန် (Civic Duties)  များကို  ဆောင်ရွက်ခြင်း၊  နိုင်ငံနှင့်      နိုင်ငံသားတို့ အပေါ် ချစ်မြတ်နိုးခြင်း၊ အခြားသူများ၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားတတ်ခြင်း၊  ရိုးသားဖြောင့်မတ်မှုရှိခြင်း၊ စိတ်ရှည်သည်းခံတတ်ခြင်း၊  တာဝန်ယူမှု    တာဝန်ခံမှုရှိခြင်း၊ စိတ်ဓာတ်သတ္တိပြည့်ဝခြင်းနှင့်      စည်းကမ်းရှိခြင်းတို့      ပါဝင် ကြောင်း လေ့လာမှတ်သားရပါတယ်။

မျက်မှောက်ခေတ် အသုံးပြုနေတဲ့ ရလဒ်အခြေပြု ပညာရေးစနစ်  (Outcome Based Education) မှာ လေ့လာ သင်ယူခြင်းရဲ့    မျှော်မှန်းရလဒ်   (Learning Outcome) (၈) ချက်ရှိပါတယ် –

(၁) Knowledge   (ပညာရပ်တစ်ခုကို     မှတ်မိတဲ့ အဆင့်၊  လွှမ်းခြုံသုံးသပ်နားလည်တဲ့      အဆင့်၊ လက်တွေ့အသုံးချနိုင်တဲ့အဆင့်၊ ဆန်းစစ်သုံးသပ် နိုင်တဲ့အဆင့်၊ တီထွင်ဖန်တီးနိုင်တဲ့  အဆင့်တို့နှင့် ပြည့်စုံသော ပညာဗဟုသုတ)

(၂) Practical / Technical Skill (လက်တွေ့ကျွမ်းကျင်တတ်မြောက်မှုစွမ်းရည်)

(၃) Social Responsiveness & Respon-sibility (လူမှုပတ်ဝန်းကျင်အတွက် တာဝန်သိ မှု/ တာဝန်ယူမှု)

(၄) Professionalism, Values, Attitudes, Ethic (အသက်မွေးနိုင်မှုစွမ်းရည်၊ တန်ဖိုးထား တတ်မှု၊ စိတ်နေသဘောထား၊ ကျင့်ဝတ်လိုက်နာ စောင့်ထိန်းမှု)

(၅) Critical Thinking & Scientific Approach (ဘက်စုံခြုံငုံသုံးသပ်တွေးခေါ်နိုင်မှုနှင့် လက်တွေ့ကျကျ စနစ်တကျချဉ်းကပ်တတ်မှု)

(၆) Communication & Team Skill (ထိ ရောက်အကျိုးရှိသော     ပြောဆိုဆက်ဆံနိုင်မှု စွမ်းရည်နှင့် အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက် နိုင်မှုစွမ်းရည်)

(၇) Management & Entrepreneurship Skill (စီမံခန့်ခွဲမှုနှင့် စွန့်ဦးတီထွင်နိုင်မှုစွမ်းရည်)

(၈) Lifelong Learning & Information Management (တစ်သက်တာလေ့လာသင်ယူ လိုသော  အလေ့အကျင့်ရှိမှုနှင့် သတင်းအချက် အလက်များကို   ဆန်းစစ်သုံးသပ်စီမံခန့်ခွဲနိုင်မှုစွမ်းရည်) တို့ ဖြစ်ပါတယ်။

ရလဒ်အခြေပြုပညာရေးစနစ်   (Outcome Based Education)မှာ  ပညာရပ်ဆိုင်ရာ  သင်တန်းတစ်ခုဖွင့်ရင် ဖွင့်ရတဲ့ ရေရှည်ရည်မှန်းချက် (Programme Educational Objectives)      ရှိရပါတယ်။      အဲဒီရည်မှန်းချက်ကလည်း လုပ်သားဈေးကွက်ရဲ့လိုအပ်ချက်၊    နိုင်ငံရဲ့လိုအပ်ချက်၊  နိုင်ငံ တကာစံနှုန်းတွေနဲ့  ကိုက်ညီမှုရှိဖို့   လိုအပ်ပါတယ်။ ဒါမှသာ ဘာတွေကိုသင်ရမလဲ၊ ဘာတွေကို ကျွမ်းကျင်အောင် ဘယ်လို လေ့ကျင့်ပေးရမလဲ၊     ဘယ်လိုသင်ကြားနည်းစနစ်နဲ့  သင်မလဲ၊ ဘယ်လို အကဲဖြတ်နည်း (Assessment Method) တွေနဲ့ အကဲဖြတ်မလဲဆိုတာတွေ  အစီအစဉ်တကျ  ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

ပညာဖြင့်အသက်မွေးခြင်း

ပညာရဲ့ ဖွင့်ဆိုချက်ဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေတဲ့   ဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲနေတာ လေ့လာသိရှိရပါတယ်။    ပညာရပ်အချင်းချင်း      ဆက်နွှယ်နေမှုသဘောတွေ၊ ပညာရပ်တွေကို ပေါင်းစပ်ပြီး  လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်မှု   (Multi-disciplinary Application)  တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ (၂၁)ရာစုမှာ Industry 4.0 ဖြစ်တဲ့ (Smartization)ကို စတုတ္ထလှိုင်းအဖြစ် ပြောင်းလဲနေသလို ပညာရေးကလည်း  Education 4.0 အဖြစ်   တီထွင်ဖန်တီး မှုခေတ် (Innovation & Value Creation)ကို ပြောင်းလဲနေပြီ ဖြစ်ပါတယ်။

တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေ၊ ပညာရပ်အချင်းချင်း ဆက်နွှယ်နေတာတွေ၊ လက်တွေ့ နယ်ပယ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ  တီထွင်ဖန်တီးပြီး  အသုံးချနိုင်မှသာ   ပညာဟာ ရှင်သန်နေမှာဖြစ်တယ်။ သိတာတတ်တာတစ်ခုတည်း (ဘွဲ့လက် မှတ်ကိုသာ) အသေဆုပ်ကိုင်ထားရင်၊ သက်မွေးပညာရေးလို ဒီပညာရပ်ကိုသင်   ဒီပညာနဲ့ဆိုင်တဲ့အလုပ်သာ စောင့်မျှော်နေ တဲ့သူတွေအဖြစ် လေ့ကျင့်ပေးထားရင်   ဘွဲ့ရပေမယ့်  အလုပ်လက်မဲ့ဖြစ်မှာ  အသေအချာပါပဲ၊  အသုံးမဝင်တဲ့ပညာရယ်လို့ မရှိပါ။ အသုံးချနိုင်မှုစွမ်းရည်သာရှိရင် ပညာဖြင့်အသက်မွေးနိုင်မှာ  ဖြစ်ပါတယ်။  နိုင်ငံတော်ဘက်က  တက္ကသိုလ်ပညာရေးကို အသက်မွေးနိုင်မှုထက်ပိုပြီး    နိုင်ငံတည်ဆောက်ရေးအတွက် ဦးဆောင်စီမံခန့်ခွဲနိုင်မယ့်         နိုင်ငံသားကောင်းတွေအဖြစ် မျှော်လင့်ပျိုးထောင်ပေးရမှာဖြစ်ပါတယ်။

ဒါကြောင့်  ကျွန်တော်တို့ Educator   များကိုယ်တိုင် ရလဒ်အခြေပြုပညာရေးစနစ်နဲ့အညီ        လေ့ကျင့်ပေးနိုင်ဖို့၊ ကိုယ်တိုင်က  ပညာရပ်ကိုလက်တွေ့နယ်ပယ်နဲ့ချိတ်ဆက်ပြီး အသုံးချနိုင်မှု တစ်နည်းအားဖြင့် ပညာရပ်ရဲ့အသုံးဝင်မှု၊ အရေးပါမှုကို လေ့လာသိရှိနိုင်ဖို့၊ လက်တွေ့အသုံးချနိုင်တဲ့ သုတေသန(Applied Research)  တွေ  ဆောင်ရွက်နိုင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။  တစ်ဖက်က SMEs  တွေ အတွက်လည်း အထောက်အကူပြုနိုင်ပါမယ်။ သင်ထောက်ကူပစ္စည်း မပြည့်စုံလို့ဆိုပြီး ညည်းနေမယ့်အစား သီအိုရီကို လက်တွေ့အသုံးချနိုင်တဲ့ (Project Based Lear ning) နဲ့  သင်ကြားလေ့ကျင့်ပေး နိုင်ရင် ကလေးတွေ ပိုမိုနားလည်ရုံသာမက အသုံးချနိုင်စွမ်းပါ ရှိလာနိုင်မှာ    ဖြစ်ပါတယ်။ Project Based Learning သင်ကြားမှုက ရလဒ်အခြေပြုပညာရေးနဲ့ ကိုက်ညီမှုရှိပါတယ်။ ပညာဖြင့်      အသက်မွေးနိုင်ရေးအပြင်        နိုင်ငံသားရဲ့တန်ဖိုး (Value of Citizen)ကို  မြှင့်တင်ပေးနိုင်တဲ့ တက္ကသိုလ်ပညာ ရေးစနစ်ဖြစ်ဖို့ သတိမူသင့်ပါကြောင်း တင်ပြပါရစေ။   

ဒေါက်တာကြည်လွင်(လေကြောင်းနှင့်အာကာသ)