မိတ္ထီလာ ၁ ဇန်နဝါရီ
မိတ္ထီလာခြေလျင်နှင့်တောင်တက်အဖွဲ့သည် ရွာငံမြို့နယ်အတွင်းရှိ အရှေ့မြင်၊ အနောက်မြင်တောင်နှင့် ဟိုပုံးမြို့နယ်အတွင်းရှိ မဲနယ်တောင် တောင်တက်ခရီးစဉ် နှစ်ခုတက်ရောက်ပြီးလျှင် ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီရေခဲတောင်ပေါ် အမြင့်ပေ ၁၁၉၂ပေ သို့ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
“မိတ္ထီလာခြေလျင်နှင့်တောင်တက်အဖွဲ့ရဲ့တစ်နှစ်တာ နောက်ဆုံးတောင်တက်ခရီးစဉ်တွေအဖြစ် ရွာငံမြို့နယ် အတွင်းမှာရှိတဲ့ အရှေ့မြင် အနောက်မြင်တောင် အမြင့် ၇၇၅၂ ပေ ကို ဇန်နဝါရီလ ၅ ရက်နေ့ တက်ရောက်မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာ ဟိုပုံးမြို့နယ်အတွင်းက မဲနယ်တောင်တန်းဒေသရှိ အမြင့်ပေ ၈ဝဝဝ ခန့်ရှိတဲ့ လွယ်မိုင်းတောင်ပေါ်ကို တက်ရောက်သွားမှာဖြစ်ပါတယ်။ အရှေ့မြင် အနောက်မြင်တောင်နဲ့ မဲနယ်တောင် တောင်တက်ခရီးစဉ် နှစ်ခုတက်ရောက်ပြီးရင် ပူတာမြို့နယ် အတွင်းမှာရှိတဲ့ ဖုန်ကန်ရာဇီရေခဲတောင် အမြင့် ပေ ၁၁၉၂ ပေကို တက်ရောက်မှာဖြစ်ပါတယ်။” ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့မှ ဖုန်ကန်ရာဇီ ရေခဲတောင်တက်ခရီး အတွေ့အကြုံရှိသူ ဒေါက်တာမြတ်မင်းက ပြောသည်။
မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့၏ တောင်တက်ခရီးစဉ်များကို United Pharma ကုမ္ပဏီက ပံ့ပိုးကူညီနေပြီး ဖုန်ကန်ရာဇီရေခဲတောင် တောင်တက်ခရီးစဉ်အတွက်လည်း အထူးပံ့ပိုး ကူညီမည်ဖြစ်သည်။ မိတ္ထီလာတောင်ခြေနှင့် တောင်တက်အဖွဲ့၏ အဓိကဆောင်ပုဒ်မှာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပါ၊ တောင်တက်ခရီးစဉ်တိုင်းတွင် မိမိတို့အဖွဲ့က မည်သည့် အမှိုက်မျိုးကိုမှ စွန့်ပစ်ခဲ့ခြင်း မရှိစေရ ဖြစ်သည်။ တောင်တက်ခရီးစဉ်တိုင်းတွင် အဖွဲ့ဝင်တိုင်း အရက်သေစာ မူးယစ်သောက်စားခြင်းမပြုရန် အဓိက တားမြစ်ထားပြီး တားမြစ်ချက်ကို မလိုက်နာပါက တောင်တက်အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်း ထုတ်ပယ်မည်ဖြစ်သည်။
တောင်တက်ခရီးစဉ် သွားရောက်သည့် ဒေသတိုင်းတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံလူနာများအား တောင်တက် အဖွဲ့ဝင်များထဲမှ ဆရာဝန်များက အခမဲ့ဆေးကုသမှုပေးခြင်း၊ အဖွဲ့မှ စုပေါင်းကောင်းမှုဖြင့် လှူဒါန်းငွေနှင့် လှူဒါန်းဒါနပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာခြေလျင် တောင်တက်အဖွဲ့တွင် အဖွဲ့ဝင် ၁ဝဝဝ ဦးကျော်ရှိပြီး တောင်တက်ခရီးစဉ်များတွင် တောင်တက် အဖွဲ့ဝင် ၁၄ဝ ဦး နှင့် ၂ဝဝ ဦး ဝန်းကျင်ခန့် အမြဲတမ်းလိုက်ပါတက်ရောက်ကာ ၂ဝ၁၈ ခုနှစ်၌ ပုပ္ပါးတောင်၊ ဆင်တောင်၊ မြင်းမထိတောင်၊ ပြက္ခရွေတောင်၊ စိန်ခနောက် မြခနောက်တောင်တို့ကို တက်ရောက်ခဲ့သည်။၂ဝ၁၉ နှစ်ဆန်းပိုင်းတွင် အရှေ့မြင်အ နောက်မြင်တောင်၊ မဲနယ်တောင် နှင့် ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ်များကိုဆက်လက် တက်ရောက်ကာ နွေရာသီကာလတွင် အဖွဲ့တောင်တက်ခရီးစဉ်များကို ရပ်နားထားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - ချမ်းသာ (မိတ္ထီလာ) ၊ ဓာတ်ပုံ - ဒေါက်တာမြတ်မင်း