နေပြည်တော် ၂၇ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro Maruyama အား ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သားများ ဂျပန်နိုင်ငံသို့ စေလွှတ်နိုင်ရေး အတွက် မြန်မာ-ဂျပန် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့မှု၊ ဂျပန်နိုင်ငံ၌ ပညာသင်ကြားနိုင်ရေးအတွက် မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသား/ ကျောင်းသူများ ရွေးချယ်ပေးမှု၊ ဂျပန်နိုင်ငံရှိ ဟိုတယ်လုပ်ငန်း များတွင် မြန်မာလုပ်သားများ အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်နေမှု၊ ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားများ စေလွှတ်နိုင်ရေးအတွက် အခြေ ခံကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်၍ စာမေးပွဲများကျင်းပ စစ်ဆေးကာ ရွေးချယ်ဆောင်ရွက်သွားမည့်အစီအစဉ်၊ မြန်မာနိုင်ငံ၌ e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ ကျွမ်းကျင်လုပ်သားများ စေလွှတ်ရေးနှင့် e-ID စနစ် လုပ်ငန်းများတွင် ဂျပန်နိုင်ငံမှ ပူးပေါင်းပါဝင်ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေးအခြေ အနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)