မြောက်ဦး ၁ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် အတွင်းရှိ အထင်ကရ ဘုရားစေတီ၊ ပုထိုးတော်များဖြစ်သည့် သျှစ်သောင်းပုထိုးတော်၊ ထုက္ကန်သိမ်ပုထိုးတော်၊ အံတော်သိမ်၊ ရတနာပုံ စေတီနှင့် မာရ်ငါးပါး ဘုရာများသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ အများပြည်သူ ရုံးပိတ်ရက်များတွင် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့နောက် မြောက်ဦးမြို့ရှိ အထင်ကရ ဘုရား၊ စေတီပုထိုးတော်များကို မြန်မာပြည်အနှံ ရပ်နီး/ရပ်ဝေးမှ ဘုရားဖူးဧည့်သည်များက စင်းလုံးငှား မော်တော်ယာဉ်များ၊ စင်းလုံးငှားမော် တော်ဘုတ်များဖြင့်လည်းကောင်း လာရောက်ဖူးမျော်ကြသူများ၊ ပြည်ပမှ နိုင်ငံခြားသား ကမ္ဘာလှည့် ဧည့်သည်များမှ စိတ်ပါဝင်စားစွာလာ ရောက်လေ့လာကြည့်ရှုကြသည်။
ဆက်လက်၍ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝရာ မြောက်ဦးမြို့၊ ရန်အောင်ဇေယျ ပုထိုးတော်(ခေါ်) သျှစ်သောင်း ပုထိုးတော်ကြီး အတွင်းရှိ သဲကျောက်နံရံများ၌ ထွင်းထုထားသည့် (၅၅၀)ဇာတ်နိပါတ်တော်လာ ရခိုင်ရိုးရာယဉ်ကျေးမှု ကျောက်ဆစ်အနုပညာ ဗိသုကာလက်ရာများ၊ ပန်းတမော့ကျောက်ဆစ်လက်ရာများ၊ ဆံထုံးတော် ဆင်ယင်ထုံးဖွဲ့ပုံ အဆင့်ဆင့်နှင့် ဘောင်းတော် ဆင်ယင်ပုံ အဆင့်ဆင့်တို့ကို ဘုရားဖူး ဧည့်သည်များမှ လာရောက် ဖူးမျှော်ကြည်ညိုကြသည်။ ထို့နောက် ရှေးဟောင်းသမိုင်းဝင် အထင်ကရစေတီများဖြစ်သော မင်္ဂလမာရ်အောင်၊ ရတနာ့မာရ်အောင်၊ သက္ကျမာရ်အောင်၊ ဇိနမာရ်အောင်နှင့် လောကမာရ်အောင်၊ ရှေးဟောင်း သုတေသနပြတိုက် အတွင်း၌ ခင်းကျင်း ပြသထားသော ရခိုင်အသုံးအဆောင်ပစ္စည်းများ၊ ကျောက်စာများ၊ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ၊ငွေဒင်္ဂါးပြားများနှင့် တူရိယာ ပစ္စည်းများ၊ ရခိုင်ဘုရင် ထီးနန်းစိုက်ခဲ့ရာ နန်းတော်ရာကုန်းများသို့ လှည့်လည်ကာ သွားရောက်ဖူးမျှော်သူ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များဖြင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
မြောက်ဦး(ခရိုင်ပြန်/ဆက်)