နေပြည်တော် မေလ ၂၇
ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် အဆင့်မြင့်ညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်ကျောက်ဟွိုင်တို့က ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှ ရခိုင်ပြည်နယ်တွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ အဆီယံမှပူးပေါင်း ပါဝင်ရန်ဆုံးဖြတ်ခဲ့မှု အားကျေးဇူး တင်ရှိပါ ကြောင်း၊ အာဆီယံ ထိပ်သီးအစည်းအဝေး၏ဆုံးဖြတ်ချက်နှင့်အညီ အာဆီယံ အတွင်းရေးမှူးချုပ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်သို့ ကွင်းဆင်းလေ့လာနိုင်ခဲ့ခြင်း၊ အာဆီယံဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသော အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ [ASEAN Emergency Response and Assessment Team (ASEAN-ERAT)] သည် ၂၀၁၉ ခုနှစ်၊ မတ်(၄) ရက်မှ (၁၃) ရက်အထိ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ငါးခူရပြန်လည်လက်ခံ ရေးစခန်းနှင့် လှဖိုးခေါင် ကြားစခန်းတို့တွင် ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ကနဦး လိုအပ်ချက် ဆန်းစစ်လေ့လာမှုများပြုလုပ်ခဲ့ပြီး တွေ့ရှိချက်အစီရင်ခံစာ ပြုစုခဲ့ခြင်းတို့သည် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများပင်ဖြစ်ပါကြောင်း။
ASEAN-ERAT အဖွဲ့၏ ကနဦး လိုအပ် ချက်ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာ သည် ရခိုင်ပြည်နယ်ရှိ မြေပြင်တွင် အမှန်တကယ် ဖြစ်တည်တွေ့ရှိချက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ပြန်လည်လက်ခံရေး ဆောင်ရွက်ရန်အစီ အစဉ်များကို အစိုးရကစနစ်တကျဆောင်ရွက်ထား ရှိသည်ကိုတွေ့ရှိရကြောင်း၊ ပြန်လည်လက်ခံ ရေးအစီအစဉ်သည် အဆင့်သင့်အနေထားတွင်ရှိ ကြောင်း၊ အခြေအနေအမှန် သိရှိအောင် သက်သေပြုပြသနိုင်ခဲ့ပါကြောင်း၊ ယခု ကနဦးလိုအပ် ချက် ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တင်ပြရန်စီစဉ်ထားရှိပါကြောင်း၊ ရခိုင်ပြည်နယ်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)မှ အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သော ဒုတိယအကြိမ်အဆင့်မြင့် ညှိနှိုင်းအစည်းအဝေးတွင် ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ဆွေးနွေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်ကျောက်ဟွိုင် က ၂၀၁၈ ခုနှစ်အတွင်း အာဆီယံသည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ လုပ်ငန်း များစွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာတွေ့ရှိချက်ပါ အကြံပြုချက်အား ပူးပေါင်းအကောင်အထည် ဖော်မည်ဖြစ်ပါကြောင်း၊ ထို့အတူ ပြီးပြည့်စုံသော ဆန်းစစ်လေ့လာမှုကိုလည်း ပြန်လည် လက်ခံ ရေးစတင်သည့် အချိန်တွင် ဆက်လက်ဆောင်ရွက် မည်ဖြစ်ပြီး၊ ကနဦးလေ့လာတွေ့ရှိချက် များကို အကောင်အထည်ဖော်ရာတွင် အစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အာဆီယံသည် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ သဘာဝဘေးစီမံခန့်ခွဲမှု အတွက်လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management–AHA Centre) က ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာ အား ရှင်းလင်းတင်ပြသည်။
အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က ASEAN-ERAT အဖွဲ့မှဆောင်ရွက်ခဲ့သော ကနဦး လိုအပ်ချက်ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာသည် ရခိုင်ပြည်နယ်ရှိ ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်မှုအတွက် လွန်စွာအသုံးဝင်ပါကြောင်း၊ အစီရင်ခံစာပါ အကြံပြုချက်များ နှင့် လုပ်ငန်းစဉ်များအား အာဆီယံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်း အစီရင်ခံစာသည် မြန်မာနိုင်ငံအတွက်သာမက ပြန်လည်ဝင်ရောက်လာသူများအတွက်ပါ အကျိုး ကျေးဇူးများစွာရှိပါကြောင်း၊ အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်ကောင်းတစ်ခုလည်းဖြစ် ပါကြောင်းနှင့် အစီရင်ခံစာအား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များထံ ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ UEHRD ကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်း ရပ်များကို UEHRD ကော်မတီဝင်စီမံခန့်ခွဲမှုအရာရှိချုပ် ဦးညီငြိမ်းအေးကရှင်းလင်းတင်ပြ သည်။ ထို့နောက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Centre) မှအမှုဆောင်ညွှန်ကြားရေးမှူး Ms. Adelina က ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြသည်။ ထို့နောက်တက်ရောက်လာသူများကသိရှိလိုသည်များကိုမေးမြန်းခြင်း၊ အကြံပြုခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါအစည်းအဝေးတွင် ASEAN-ERAT အဖွဲ့မှဆောင်ရွက်ခဲ့သော ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာတွေ့ရှိချက်ပါ အကြံပြုချက်များအား အကောင်အထည် ဖော်နိုင်ရေးအစီအစဉ်၊ ပြီးပြည့်စုံသော ဆန်းစစ်လေ့လာမှုအား ဆက်လက်ဆောင်ရွက်ရန် လျာထားမှု အစီအစဉ်နှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား အကောင်အထည်ဖော်မည့်အစီအစဉ်များ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
(သတင်းစဉ်)