နေပြည်တော် ၂၈ မေ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂ (ရုံးချုပ်) တွင် ကျင်းပသည့် (၇၂)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့ မေ (၂၀)ရက်မှ (၂၅)ရက်အထိ တက်ရောက်ခဲ့ပြီး မေ (၂၆)ရက်၊ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

(၇၂)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၂) နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူကိုယ်စားလှယ်များ တက်ရောက်ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဖွဲ့ငယ်များခွဲ၍ နေ့စဉ်ကျင်းပသည့် အရှေ့တောင်အာရှဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ နံနက်ပိုင်း ဆွေးနွေးပွဲများ၊ ကော်မတီအစည်းအဝေးများနှင့် မွန်းလွဲပိုင်းတွင် ပုံမှန်ပြုလုပ်သည့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဟောပြောပွဲများသို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် မေ ၂၁ ရက် နံနက်ပိုင်းတွင် Gavi, the vaccine alliance အဖွဲ့မှ ဦးဆောင်ကျင်းပသည့် ကလေးငယ်တိုင်း ကာကွယ်ဆေးလွှမ်းခြုံမှုရရှိရေး အောင်မြင်မှုများနှင့် စိန်ခေါ်မှုများဆိုင်ရာ သီးခြားဆွေးနွေးပွဲသို့Gavi ဘုတ်အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Dr. Samira Asma နှင့်အဖွဲ့ အားတွေ့ဆုံ၍ ယခုနှစ်အတွင်းပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးစစ်တမ်းနှင့် စိတ်ကျန်းမာရေးစစ်တမ်း ကောက်ယူရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကူအညီပေးအပ်ရေး ကိစ္စရပ်များ၊ ကမ္ဘာ့ကျန်းမာရေးလုပ်ငန်းစဉ် အမှတ်စဉ် - ၁၃ အတွက် ကျန်းမာရေး အညွှန်းကိန်းများ ဆန်းစစ်မှုပြုလုပ်ရာတွင် မြန်မာနိုင်ငံမှပါဝင်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ နိုင်ငံတကာရောဂါနှင့် ကျန်းမာရေးပြဿနာ အမျိုးမျိုးအား ခွဲခြားသတ်မှတ်ခြင်း (ICD-11)အား မြန်မာဘာသာဖြင့် လိုအပ်သလို ဘာသာပြန်အသုံးပြုသွားနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး Dr.Shambhu Acharya နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအတွက် ယခုနှစ်အတွင်း Country Cooperative Strategy အသစ်ပြန်လည်ရေးဆွဲနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနမှ ကမ္ဘာ့ငှက်ဖျားရောဂါတိုက်ဖျက်ရေး ပေါင်းစပ်ညှိနှိုင်းရေးမှူး Dr.Ken Staley နှင့် တွေ့ဆုံ၍ ခေတ်မီဒီဂျီတယ်စနစ်အသုံးပြု၍ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း ဝယ်ယူထောက်ပံ့ဖြန့်ဖြူးမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် ကျန်းမာရေးသတင်း အချက်အလက်စနစ်တို့ကို စနစ်တကျဆောင်ရွက်နိုင်ရေး၊ ငှက်ဖျားရောဂါပပျောက်ရေးအတွက် ဆေးဘက်ဆိုင်ရာ ကိမိလဗေဒပညာရပ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့မေ့ဆေးပညာရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ Dr. Jannicke Mellin-Olsen နှင့်အဖွဲ့အားတွေ့ဆုံ၍ နယ်၌တာဝန်ထမ်းဆောင်နေသူ ဆရာဝန်များအား မေ့ဆေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများ ပေးနိုင်ရေး၊ ယခုလက်ရှိ သုံးစွဲနေသော ဆေးဝါး၊ မေ့ဆေးစက်နှင့် အခြားအထောက်အကူပြုပစ္စည်းများနှင့် သင်ကြားမှု၊ သင်ရိုးညွှန်တမ်းများ ခေတ်နှင့်လျှော်ညီမှု ရှိ/ မရှိ ပါဝင်ဆန်းစစ်နိုင်ရေးနှင့် အဆင့်မြှင့်တင်နိုင်ရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင် အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Poonam Khetrapal Singh နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ ကျန်းမာရေး သတင်းအချက်အလက်စနစ် အဆင့်မြှင့်တင်နိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို အဖွဲ့ဝင်နိုင်ငံများအကြား နှီးနှောဖလှယ်အသုံးချ နိုင်ရေးအတွက် ဒေသအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံ၌ လက်ခံကျင်းပနိုင်မည့်ကိစ္စ၊ မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါနှင့် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးနှင့် အသက် (၅)နှစ်အောက် ကလေးသေဆုံးမှုများလျော့ နည်းကျဆင်းရေးကိစ္စ၊ မြန်မာနိုင်ငံတွင် WHO ၏ ဒုတိယဌာနကိုယ်စားလှယ် ခန့်အပ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် Johnson & Johnson မှ Head of Global Public Health Mr. Jacques Peeters နှင့်အဖွဲ့အား တွေ့ဆုံ၍ ဆေးယဉ်ပါးတီဘီရောဂါ ထိရောက်စွာကုသနိုင်ရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခုခံအားကျဆင်းမှုရောဂါကုသရေးနှင့် မွေးဖွားပြီး မိခင်သွေးသွန်မှု ကာကွယ်ကုသရေးလုပ်ငန်း၊ အရိုးရောဂါနှင့် အရေးပေါ်ခွဲစိတ်ကုသမှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် မေ ၂၂ ရက် နံနက်ပိုင်းတွင် ရောဂါကာကွယ်ရေးနှင့် ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ပြည်သူနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်ခြင်း သီးခြားဆွေးနွေးပွဲသို့ တက်ရောက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Stop TB Partnership အဖွဲ့မှ အမှုဆောင် ညွှန်ကြားရေးမှူး Dr. Lucica Ditiu နှင့်အဖွဲ့ Philips Healthcare System မှ အထွေထွေမန်နေဂျာ Mr. Suvendra Das နှင့်အဖွဲ့၊ City Cancer Challenge အဖွဲ့မှ အမှုဆောင်အရာရှိချုပ် Dr. Susan Henshall နှင့် အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးသည် မေ ၂၃ ရက်တွင် မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကင်ညာနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် JICA အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် နေအိမ်တွင်ထားရှိနိုင်မည့် မိခင်နှင့်ကလေး ကျန်းမာရေး မှတ်တမ်းများကို စနစ်တကျထိရောက်စွာ ဆောင်ရွက်ခြင်းဖြင့် လူတိုင်း လက်လှမ်းမီနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အားလုံးအတူတကွရောက်ရှိရေး သီးခြားဆွေးနွေးပွဲ သို့တက်ရောက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် TB alliance အဖွဲ့မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ Mr. Sandeep Juneja နှင့်တွေ့ဆုံ၍ ဆေးယဉ်ပါးတီဘီရောဂါ ထိရောက်စွာ ကုသနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ဒီဂျီတယ်ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံ၍ ဆေးနှင့်ဆေးပစ္စည်း ထောက်ပံ့ပို့ဆောင်မှုနှင့် စီမံခန့်ခွဲမှုစနစ် ပိုမိုကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိသောကိစ္စ၊ ငှက်ဖျားရောဂါလူထု ကျန်းမာရေးလုပ်သားများကို ပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ရေးနှင့် အမျိုးသားအဆင့် လူထုကျန်းမာရေးလုပ်သား နှီးနှောဆွေးနွေးပွဲ ကျင်းပမည့်ကိစ္စ၊ ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးတွင် ကိမိလဗေဒ ဆိုင်ရာလုပ်ငန်းများ ပိုမိုအလေးပေးဆောင်ရွက်နိုင်ရေးနှင့် သွေးကြောအတွင်းသို့ မူးယစ်ဆေးဝါး ထိုးသွင်းသူများအတွင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ပိုမိုဖြစ်ပွားနေမှုကျဆင်းရေး၊ အသည်းရောင် အသားဝါ-စီကူးစက်မှု လျော့ကျရေးနှင့် ရောဂါကုသမှု ပိုမိုတိတိကျကျ ဆောင်ရွက်နိုင်ရေး ကိစ္စများ ညှိနှိုင်းဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် မေ ၂၄ ရက် နံနက်ပိုင်းတွင် ကုလသမဂ္ဂ (ရုံးချုပ်)တွင် ကျင်းပပြုလုပ်သည့်Dr. LEE Jong-wook အမှတ်တရအောက်မေ့ဖွယ် ပြည်သူ့ကျန်းမာရေး ထူးချွန်ဆု (၂၀၁၉) ကို မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ပူးတွဲရရှိခဲ့ခြင်းအတွက် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ဝေသည့် WHO Bulletin စာစောင်မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းခြင်းအင်တာဗျူးအား ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်