မကွေး  ၃၀  မေ 
        

ရောဂါဝေဒနာခံစားနေရသူများကို သက်သာပျောက်ကင်းအောင်ကုသရန် ထူးချွန်သောဆရာဝန်များ ပေါ်ထွက် လာရန်လိုအပ်ပြီး ယင်းသို့ပေါ်ထွက်လာစေရန် ဆေးပညာသင်ကြားနေသူများ လေ့လာနိုင်မည့် သက်မဲ့ခန္ဓာအလှူရှင်များ လိုအပ် နေကြောင်း မကွေးဆေးတက္ကသိုလ် ၊ ခန္ဓာဗေဒ ဌာနမှ သိရသည်။    

      

လှူဒါန်းသည့် ခန္ဓာကိုယ်များလေ လေ့လာခွင့်ပိုရလေဖြစ်ပြီး ခန္ဓာကိုယ်များကို ခွဲစိတ်သင်ကြားခွင့်ရသည့်အတွက် ထူးချွန်ထက်မြက်သည့် ဆရာဝန်များစွာ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်နေ့ထိ သက်မဲ့ ခန္ဓာလှူဒါန်းသူ (၃၀၅) ဦးထိ စာရင်းပေးထားမှုရှိကြောင်း မကွေးဆေးတက္ကသိုလ် မှ သိရသည်။

 

mdn


        

“ ကျွန်မတို့ မန္တလေး ဆေးကျောင်းတက်တုန်းကတော့ ကျောင်းသား ၁၀ ယောက်ကို ခန္ဓာကိုယ်တစ်ခု လေ့လာ ခွင့်ရတယ်ရှင့်။ အခုမကွေးဆေးတက္ကသိုလ်မှာတော့ အုပ်စု(၈)စုခွဲပြီးတော့ ကျောင်းသား(၃၅)ဦးပါဝင်တဲ့ အုပ်စုတစ်ခုကိုမှ ခန္ဓာ ကိုယ်တစ်ခုပဲ လေ့လာခွင့်ရပါတယ်။ လိုအပ်ချက်တွေ ရှိနေသေးတာပေါ့။ ဒီနှစ်မှာပညာသင်ကြားနေတာက ကျောင်းသားကျောင်း သူ ၂၈၆ ဦး ရှိပါတယ် ” ဟု ဆေးတက္ကသိုလ် (မကွေး) ၊ ခန္ဓာဗေဒဌာန ၊ ကထိက ဒေါက်တာဥမ္မာလှိုင် က ပြောသည်။
        

ကျောင်းသားကျောင်းသူများသည် ဆေးတက္ကသိုလ် ဒုတိယနှစ်၌ ရောဂါမရှိသောသူများ၏ သေဆုံးကိုယ်ခန္ဓာ များကို လေ့လာကြရပြီး တတိယနှစ်၌ ရောဂါဖြင့် သေဆုံးသည့် ခန္ဓာကိုယ်များကို ဆေးရုံများ၌ လေ့လာကြရကြောင်း ၊ ယခု နောက်ပိုင်းတွင် လူသိများ၍ လှူဒါန်းမှုများလာသော်လည်း လိုအပ်ချက်များ ရှိနေသည့်အတွက် သဒ္ဓါတရားထက်သန်သူများကို ဖိတ်ခေါ်လိုကြောင်း ၄င်းက ပြောပြသည်။

        

“ မိမိရဲ့ခန္ဓာနဲ့ အများပြည်သူ အကျိုးဖြစ်ထွန်းအောင် ၊ ဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူတွေရဲ့ လေ့ လာမှုမှာလည်း အထောက်အကူဖြစ်နိုင်အောင် လာရောက်လှူဒါန်းရခြင်းဖြစ်ပါတယ်။ လှူလိုက်ရတဲ့အတွက် ကုသိုလ်ရမယ် ထင်တယ်။ ပီတိလည်း ဖြစ်မိပါတယ်။ ခန္ဓာကိုယ်ကြီးက သေရင် မြေကြီးထဲရောက်ရင် ရောက်မယ်။ အုတ်ဂူထဲလား ၊ မီးသင်္ဂြိဟ် စက်ထဲလား ရောက်ချင်ရောက်မယ်။ သက်မဲ့ခန္ဓာကိုယ်ကို လှူလိုက်တော့ ဆေးပညာအတွက် အထောက်အပံ့ဖြစ်ပြီး ဆရာဝန် တွေရဲ့ ကုသရေးအပိုင်းမှာလည်း အကျိုးရှိနိုင်တာကြောင့်  လှူဒါန်းကြစေချင်ပါတယ် ” ဟု သက်မဲ့ခန္ဓာကိုယ် ကြိုတင် အလှူရှင် တစ်ဦးဖြစ်သူ ဦးကျော်စွာဝင်း( DVB သတင်းထောက် မင်းထီး ) က တိုက်တွန်း ပြောကြားသည်။

           

မကွေးဆေးတက္ကသိုလ်၌ ၂၀၁၂ ခုနှစ်မှစတင်၍ သက်မဲ့ခန္ဓာလှူဒါန်းမှုများကို လက်ခံခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်(၄)ဦး ၊ ၂၀၁၃ ခုနှစ်တွင်(၄)ဦး ၊ ၂၀၁၄ ခုနှစ်တွင်(၇)ဦး ၊ ၂၀၁၅ ခုနှစ်တွင်(၁၂)ဦး ၊ ၂၀၁၆ ခုနှစ်တွင်(၂၂)ဦး ၊၂၀၁၇ ခုနှစ်တွင်(၃၂)ဦး ၊ ၂၀၁၈ ခုနှစ်တွင်(၁၅၁)ဦး ၊  ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ မေလ(၃၀)ရက်နေ့ထိ (၇၃)ဦး တို့၏ အလှူရှင်စာရင်းများ ရရှိထားသည်။

        

“ ကျွန်မတို့ အတွေ့အကြုံအရတော့ လာလှူတဲ့သူတွေအနေနဲ့ သူတို့ရဲ့ခန္ဓာကိုယ်ကို စွန့်ပစ်လှူဒါန်းရတာကို ကြည်နူးပီတိဖြစ်ကြတာကို တွေ့ရပါတယ်။ ကျွန်မတို့ ကျောင်းမှာလည်း ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲတွေ လုပ်ခဲ့တာ သုံးကြိမ်ပြီး မြောက်သွားပါပြီ။ ဒီလိုပူဇော်ပွဲတွေမှာလည်း အလှူရှင်တွေရဲ့မိသားစုတွေကိုဖိတ်ပြီး ပန်းခွေချ ကန်တော့တာတွေ ၊ အမှတ်တရ စကားပြောခွင့်တွေ ရှိတာကြောင့် ကျန်ရစ်သူတွေမှာလည်း ပီတိတွေဖြစ်ကြရပါတယ် ” ဟု ဒေါက်တာဥမ္မာလှိုင်က ဆိုသည်။

        

Dead Body လှူဒါန်းထားသူများ၏ မိသားစုဝင်များအနေဖြင့် အလှူရှင်သေဆုံးပြီး ၆ နာရီအတွင်း၌  ဆေးသွင်း ရန်အမီ ကြည်ကြည်ဖြူဖြူဖြင့် ဆက်သွယ်လှူဒါန်းမှုများ လုပ်ကြကြောင်း ၊ သွားလေသူ၏ ဆန္ဒနှင့် အလှူဒါနကို ပြည့်မြောက် စေရန် မိသားစုများက ပါဝင်ကြသည့်အတွက် ပျက်ဆီးဆုံးရှုံးမှုမရှိကြောင်း မကွေးဆေးတက္ကသိုလ် မှ သိရသည်။

         

 “ ဒီလို Dead Body တွေကို ဒုတိယနှစ်မှာ လေ့လာလိုက်ခြင်းအားဖြင့် နောက်ထပ်အတန်းတွေမှာလည်း လေ့လာလို့ရမယ်။ PG Student ရှိတယ်။ ဒုတိယနှစ်ပြီးသွားလို့ရှိရင် ဥပမာအားဖြင့်   ခွဲစိတ်ပညာကို တတ်မယ်ဆိုရင် ဘွဲ့လွန် အထူးကုတွေလည်း လာရောက်လေ့လာလို့ရတယ်။ ဘွဲ့ကြိုအတွက်ကျ Second Year အတွက် အသုံးကျတယ်။ ဘွဲ့လွန် အတွက်ကျ OG လုပ်မယ်။ ခွဲစတ်ဆရာဝန်လုပ်မယ် ၊ မျက်စိဆရာဝန်လုပ်မယ်ဆိုရင် လာပြီးလေ့လာကြတယ်။ ဒီလှူဒါန်းမှု တွေက ဘွဲ့လွန်အတွက်ရော ၊ ဘွဲ့ကြိုအတွက်ရော  အသုံးကျပါတယ် ” ဟု လှူဒါန်းမှု၏ အသုံးဝင်ပုံကို ဒေါက်တာဥမ္မာလှိုင်က ရှင်းပြသည်။

             

ဆေးတက္ကသိုလ်(မကွေး)သို့ ကိုယ်တိုင်လာရောက်ပြီး သက်မဲ့ခန္ဓာကိုယ် ကြိုတင်လှူဒါန်းလိုသူများအနေဖြင့် လိုင်စင် ပတ်စ်ပို့ပုံ(၃)ပုံ ၊ မှတ်ပုံတင်မိတ္တူ(၁)စောင် ၊ ဆွေမျိုးနီးစပ် အသိသက်သေ လက်မှတ်လိုအပ်ပြီး နေမကောင်း အဆင် မပြေ၍ မလာနိုင်ပါကလည်း အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးကာ အချက်အလက်များ ရယူပေးလျက်ရှိသည်။

           

ကင်ဆာရောဂါ ၊ ဖောရောင် ၊ အသက်(၁၈)နှစ်အောက်နှင့် အသက်ကြီးလွန်းပြီး ပိန်ချုံးခြောက်ကပ် ၊ ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာရ၍ ပေါက်ပြဲစုတ်ပြတ်နှင့် ကူးစက်ရောဂါအမျိုးမျိုးကြောင့် သေဆုံးသွားသည့် ခန္ဓာကိုယ်များကို လှူဒါန်းမှုအဖြစ် လက်ခံ၍ ရမည်မဟုတ်ဘဲ မသေဆုံးမီကတည်းက ကြိုတင်လှူဒါန်းထားသူများနှင့် ကြိုတင်လှူဒါန်းမှု မပြုခဲ့သော်လည်း လက်ခံ၍ ရသော ခန္ဓာကိုယ်များကို လှူဒါန်းမှုပြုနိုင်ကြောင်း သိရှိရသည်။

    

လှူဒါန်းမှုများနှင့် စပ်လျဉ်း၍ မကွေးဆေးတက္ကသိုလ် ၊ ခန္ဓာဗေဒဌာန ၊ ပါမောက္ခ သစ္စာအေးမောင်သန်း ဖုန်း- ဝ၉-၅၀၃၉၀၂၇ ၊ ဒေါက်တာမို့မို့လွင်(ကထိက) ဖုန်း-ဝ၉၂၅၆၁၅၁၅၁၅ ၊ ဒေါက်တာဥမ္မာလှိုင်(ကထိက) ဖုန်း-ဝ၉၇၈၁၃၈၅၉၂၉ နှင့် ဒေါက်တာသီရိနွယ်(လက်ထောက်ကထိက) ဖုန်း-ဝ၉၅၃၄၃၀၃၀ တို့ထံ ဆက်သွယ်၍ စုံးစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

                                                    

ဇေယျတု(မကွေး)