နေပြည်တော် ၃၁ မေ
    

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံသားခရီးသည်များ လာရောက်လည်ပတ်ရာ၌ စနစ်ကျနသော ခရီးစဉ်ဝန်ဆောင်မှုပေးရေး၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းများဆောင်ရွက်ရေး၊ ခရီးသည်တိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်နှင့် လုပ်ငန်းဆောင်ရွက်သူများ၊ ဒေသခံပြည်သူများ အကျိုးရလဒ်ရှိစေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဗရတ်ဆင်းနှင့် ဌာနတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ တရုတ်ခရီးသည်များကို  ဝန်ဆောင်မှုပေးနေသော ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
        

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးပွဲကို မြန်မာနိုင်ငံသို့ ခရီးသည်များ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး၊ နိုင်ငံ၏ပကတိ အခြေအနေမှန်ကို သိရှိအောင် မြှင့်တင်ရေး၊ ခရီးသည်တိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်နှင့်လုပ်ငန်းရှင်များ အကျိုးရလဒ် ရရှိစေရေး၊ တာဝန်သိခရီးသွားလုပ်ငန်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖြစ်ပေါ်စေရေးအတွက်  လိုအပ်သော မူဝါဒများ၊ နည်းဗျူဟာလုပ်ငန်းများ စနစ်ချမှတ်ဆောင်ရွက်နိုင်ရေး၊ ဝိုင်းဝန်းဆွေးနွေးကြရန် ဤအစည်းအဝေးကို ခေါ်ယူခဲ့ခြင်းဖြစ်ပါကြောင်း၊ တက်ရောက်ကြသူများမှ မိမိတို့ဗဟုသုတ လက်တွေ့ လုပ်ငန်းနယ်ပယ်အတွေ့အကြုံများကို အခြေခံဆွေးနွေးပေးကြပါရန်  ပြောကြားခဲ့သည်။ 
    

၎င်းနောက် တက်ရောက်ကြသူများက တရုတ်ခရီးသွားဈေးကွက်ကို အဓိကထားလုပ်ငန်း ဆောင်ရွက်နေမှုများ၊ တိုးတက်လာသောခရီးသွားများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ တရုတ်ခရီးသွားလုပ်ငန်းမှ အကျိုးရလဒ်များ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြသည်။ 
    


ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် ယနေ့ နိုင်ငံတော်က ခရီးသည်များ ပိုမိုလာရောက်ရေးနှင့် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဦးစားပေးဆောင်ရွက် နေပါကြောင်း၊ လုပ်ငန်းခွင်များ လုပ်သာကိုင်သာရှိအောင် ဖြေလျှော့မှုများကို ဆောင်ရွက်နေပါကြောင်း၊ ဤလုပ်ငန်းနယ်ပယ်အတွင်း လုပ်ကိုင်နေသူများကလည်း နိုင်ငံတော်၏စေတနာကို အလေးထားပြီး စနစ်တကျနှင့် မှန်ကန်သော လုပ်ငန်းဆောင်ရွက်မှုများ ဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ကြပါရန်နှင့် ပူးပေါင်းကူညီဆောင်ရွက်ကြပါရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


 သတင်းစဉ်