နတ်တလင်း ၃၁ မေ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် မေလ ၂၈ ရက် နံနက် ၁၀ နာရီက ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ရွှေဝါရောင် ရေအသုံးချသူများအသင်းတို့အကြား ဆည်မြောင်းစီမံခန့်ခွဲမှု လွှဲပြောင်းရယူခြင်းဆိုင်ရာ သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခန်းအနားတွင် တည်ဆောက်ရေး(၂) ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန(ပြည်) ညွှန်ကြားရေးမှူး ဦးကျော်သူက အဖွင့်အမှာစကားပြောကြားရာ မြို့နယ်အတွင်းရှိ တောင်ညိုဆည်မှ ရေပေးဝေနေသော လက်တံခွဲအမှတ်(၄)မှ ရေပေးဝေမှုအားတင်ပြင်ခွေကျေးရွာအုပ်စု တောင်သူများသို့ သဘောတူညီချက်စာချုပ် လက်မှတ်ပြုလုပ်ရသည်မှာ ဝန်ထမ်းများနှင့်ရေသုံးဆွဲမှု အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြစေရန် ဖြစ်ပါကြောင်း၊ တောင်သူအချင်းချင်း ရေမျှဝေသုံးစွဲကြစေရန် ရှင်းလင်းပြောကြားပြီး ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေမှူး ဦးစပ်ခွန်ဦးမှ ဆည်မြောင်းစီမံခန့်ခွဲမှုလွှဲပြောင်းပေးအပ်ရခြင်း၏အကြောင်းအား ရှင်းလင်းပြောကြားသည်။

 

mdn


ထို့နောက် ခေတ္တတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာအောင်က စိုက်ပျိုးရေးဦးစီးဌာန၏ ဆောင်ရွက်နေမှုလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ခရိုင်လက်ထောက်ညွှန်ကြားရေးမှုးနှင့် ရွှေဝါရောင်ရေအသုံးချမှုအသင်းဥက္ကဋ္ဌ ဦးမြင့်အောင်တို့က သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင်နှင့် ရေအသုံးချမှုအသင်းဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးတို့က အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးမှ ကျေးဇူးတင်စကားပြောကြား၍ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က နိဂုံးချုပ်စကားပြောကြားသည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ဆည်မြောင်းမူဝါဒဆိုင်ရာ အကြံပေး JICA မှ မစ္စတာဟီရိုမိချိကီတားဒါး၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်နှင့် ဝန်ထမ်းများ တင်ပြင်ခွေအုပ်စုရေအသုံးချမှုအသင်းဝင်များ၊ ပြည်ခရိုင် သဲကုန်းမြို့နယ် ရွှေဝါရောင် ရေအသုံးချမှုအသင်းသားများ (လေ့လာရေးအဖွဲ့)၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။

တင်မြင့်(နတ်တလင်း)