အန်ကယ်ပညာ

ကားကို ကျောက်ဆည်မြို့ ရွှေသိမ်တော်ဘုရား၏မြောက်ဘက် မိုင်ဝက်ခန့်အကွာတွင်ရှိသော ရဲရွာလမ်းခွဲသို့ ချိုးဝင်လိုက်သည်။ ထိုလမ်းခွဲကို ကျောက်ပြားစက်ရုံလမ်းခွဲဟုလည်း ခေါ် ကြသည်။ အချိန်အားဖြင့် ညနေလေးနာရီခန့်ရှိပေပြီ။ ကားပေါ်တွင် ပါလာသည့်သမီးနှစ်ယောက်က ရွှေကြာပန်းများနှင့် ဓာတ်ပုံရိုက်ရန် အချိန်နည်းနေပြီဟု မကြားတကြား ပြောနေကြလေသည်။ ကျွန်တော့်အတွေ့အကြုံအရပြောရလျှင် ဤအချိန်မှာ ရွှေကြာခင်းကြီးအလယ်တွင် ဓာတ်ပုံရိုက်ရန်အချိန်ကောင်းပင်ဖြစ်၏။ ဤသို့ပြောနိုင်သည်မှာ ကျွန်တော့်အနေဖြင့် ရွှေကြာများ ပေါက်ရောက်ရာ စွန်ရဲအင်းသို့ ရောက်ဖြစ်သည်မှာ ဒီတစ်ခေါက်နှင့်ဆိုလျှင် သုံးကြိမ်မြောက်ဖြစ်သောကြောင့်ပေတည်း။

 

ရွှေကြာကအစွမ်းကုန်လှ

ပြောရမည်ဆိုလျှင် ကျွန်တော်သည် ကိုယ်ပိုင်ခရီးသွားလုပ်ငန်းငယ်လေးကို ရံဖန်ရံခါပြုလုပ်လေ့ရှိသည်။ ဤသို့ သွားရင်းလာရင်း စိတ်ပါသည့်အခါများတွင် ဧည့်လမ်းညွှန်လည်း လုပ်ဖြစ်ပေသည်။ ဤသို့ပြောရသည်မှာလည်း ကြီးကျယ်လှ သည်ဟုကားမဆိုသာပေ။ ရုံးအားရက်များတွင် ဇနီးနှင့်သမီး များ သွားလိုရာကို ကားမောင်းပို့ရသည့်အလုပ်နှင့် ဤသို့ သွားလာချိန်များတွင် ထွေရာလေးပါးပြောဖြစ်သည်ကို ပုံကြီး ချဲ့လိုက်ခြင်းသာဖြစ်ပါသည်။ မိသားစုနှင့် ကျောက်ဆည်သို့ ရောက်ဖြစ်တိုင်း စွန်ရဲအင်းသို့ ပို့ဆောင်ပေးရာက ရွှေကြာပန်း များနှင့်တွဲလျက် ဓာတ်ပုံရိုက်ရန်အကောင်းဆုံးအချိန်မှာ ညနေ စောင်း ဤအချိန်သည် အကောင်းဆုံးဖြစ်ကြောင်း သိလာရပေသည်။

 

ဘယ်ကြောင့်ဆိုသော် နေရောင်ဖျော့ဖျော့အောက်တွင် ရွှေကြာများက အစွမ်းကုန်လှနေကြသည်။ အင်းရေပြင်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးကလည်း အေးချမ်းသာယာသည့် အလှတို့နှင့်ပြည်စုံနေသည်။ ထိုအခြေအနေမျိုးတွင် ရှိရင်းစွဲ သဘာဝအလှအပများနှင့် လူ၏ပုံရိပ်တို့ကို လိုသလိုပေါင်းစပ် ၍ စိတ်ကြိုက်မှတ်တမ်းတင်နိုင်သောကြောင့် ဖြစ်ပေသည်။ကားသည် လမ်းခွဲအတိုင်း မောင်းနှင်လာရာ ၁၅ မိနစ် ခန့်အကြာတွင် ရွှေကြာများရှိရာ စွန်ရဲအင်းသို့ ရောက်လေပြီ။ သို့ရာတွင် ရွှေကြာတောကြီးထဲသို့ရောက်ရန် စက်လှေဖြင့် ခရီးဆက်ကြရပေဦးမည်။ ခရီးရောက်မဆိုက်မှာပင် ဇနီးသည်က ဓာတ်ပုံရိုက်ဖို့ အရေးစိတ်စောနေကြသည့် သမီးနှစ်ယောက် ကိုခေါ်ကာ စက်လှေနှင့် ဆက်လက်ထွက်ခွာသွားကြလေသည်။ ကျွန်တော်တစ်ယောက်တည်းသာ ကမ်းစပ်ရှိ နားနေတဲတွင် ကားစောင့်ရင်းကျန်ရစ်ခဲ့လေ၏။ သူတို့ ကျွန်တော်နှင့် ပြန်ဆုံ ရန် အနည်းဆုံးတစ်နာရီခန့်ကြာပေလိမ့်မည်။ ထိုအချိန်ကို ကျွန်တော်ဘယ်လိုဖြုန်းရပါအံ့နည်း။

 

ကြာခွက်

“ဘဘကြီး...သမီးရဲ့ ကြာခွက်ကလေး အားပေးပါဦး လား”

“ဘဘမကြိုက်ဘူးကွဲ့...ခါးသက်သက်ကြီးနဲ့”

ဆယ်နှစ်အရွယ်သမီးငယ်လေးတစ်ယောက်သည် ပြုံးချို ရဲရင့်သည့် အမူအရာဖြင့် သူရောင်းနေသည့် ကြာခွက်ဗန်းကို ကျွန်တော်ထိုင်နေသည့် ထိုင်ခုံအနီးရှိ စားပွဲပေါ်သို့ တင်လိုက် ရင်း အရောင်းမြှင့်တင်ရေးကို အစပြုလေသည်။ ဗန်းထဲတွင် ငါးပွင့်ဆိုင်စည်းထားသည့် ကြာခွက်လေးငါးစည်းခန့်သာကျန် တော့သည်ကို တွေ့ရ၏။ ထိုအစည်းများထဲက ကြာခွက်တစ်ခု ကို ဆွဲထုတ်ပြီး ကြာခွက်၏မျက်နှာပြင်ကို ဖဲ့ထုတ်ကာ ထွက်လာ သည့် ကြာစေ့လေးများကို ကျွန်တော့်ထံလှမ်းပေးရင်း ဤသို့ဆို၏။

 

“ရော့ ဘဘ၊ အခွံကိုခွာစားကြည့်။ မခါးပါဘူးဘဘရဲ့”

ဈေးသည်လေးပြောသည့်အတိုင်း စားကြည့်သည်။ သူပြော သည့်အတိုင်း မခါး၊ ချိုဆိမ့်ဆိမ့်လေးနှင့် စား၍ပင်ကောင်းနေ သေး၏။ “တယ်ဟုတ်ပါလား၊ စားကောင်းသားပဲကွဲ့”

ဈေးသည်မလေးသည် သူမပြောလားဆိုသည့် မျက်နှာ ပေးလေးနှင့် သူ့လက်ထဲရှိ လက်ကျန်ကြာစေ့လေးများကို ထပ်၍ကမ်းပေးနေလေသည်။

ထိုအချိန်တွင် မိမိဘေးတွင် ထိုင်နေသည့် အသက်ကြီး ကြီး ရွာသားတစ်ဦးက “ဒီနေရာကို နိုင်ငံခြားသားတွေလည်း လာကြတယ်၊ အဲဒီအထဲက တရုတ်တွေက ဒီကြာခွက်ကို အလွန် ကြိုက်ကြတာတွေ့ရတယ်” ဟုဆိုကာ ဈေးသည်မလေး ဗန်းထဲ ရှိ ကြာခွက်တစ်ခုကို ရွေး၍ဆွဲထုတ်လိုက်၏။ ထိုကြာခွက်မှ အစေ့တစ်စေ့ကို အခွံခွာပြီး ထက်ခြမ်းခွဲ၍ပြ၏။

 

“ခါးတယ်ဆိုတာ ဒီလိုအစေ့ရင့်တွေမှာ ဖြစ်တတ်တယ်။ အထဲမှာ ကြာပင်ပေါက်လာမယ့် အရွက်စိမ်းလေးက ခါးတာ။အဲဒါဖယ်စားကြည့်” ဟူ၍ ထက်ခြမ်းခွဲထားသည့် ကြာစေ့ကို ကမ်းပေးလာ၏။ ထိုသူပြောသည့်အတိုင်း အစိမ်းရောင်အဖတ် ကလေးကိုဖယ်၍ စားကြည့်ရာ မခါးသည့်အပြင် ပို၍ပင် ကောင်းသည့် အရသာကို တွေ့ရလေသည်။ ဤသို့အရသာခံ နေဆဲမှာပင် မိန်းမကြီးတစ်ဦးရောက်လာပြီး ဈေးသည်မလေးက ရှိသမျှ ကြာခွက်စည်းများကို သိမ်းကျုံး၍ ဝယ်သွားလေ တော့သည်။ ဈေးသည်မလေးသည် သူ့ထံက အရောင်းပစ္စည်း ကုန်သွားသော်လည်း ကျွန်တော့်ထံမှ မခွာသေးဘဲ အနားတွင် ရစ်သီရစ်သီလုပ် နေလေ၏

 

ကြာပွင့်ချိန်

”ပြောရင်းဆိုရင်းနှင့် ရွာသားကြီးမှာ ရွှေကြာများရှိရာသို့သွားလိုသူများအတွက် စက်လှေဆိပ်တွင် ကြီးကြပ်ပေးနေသူ ဖြစ်ကြောင်း သိလာရသည်။ သူနှင့် စကားဆက်ဖြစ်၏။”

ဦးလေး ဒီနေရာကို ခရီးသွားတွေများလာတာ ဘယ် လောက်ကြာသွားပြီလဲဗျ}}”]]၂၀၁၆ လောက်ကဆိုတော့ သုံးလေးနှစ်ဆိုပါတော့ဗျာ”

“အရင်က ကျွန်တော်လည်း မကြားဖူးဘူးဗျ၊ ဘယ်လိုကစ လူသိများလာတာလဲ”

“ဒီစွန်ရဲအင်းကြီးကတော့ ဦးလေးတို့ငယ်စဉ်ကတည်းက ဒီအတိုင်းပါပဲ။ ဒီဘက်ခေတ်မှာ ဖုန်းတွေအသုံးပြုတာ တွင်ကျယ်လာကြတော့ လိုင်းပေါ်မှာ ဟိုလူကတင် ဒီလူကတင် နဲ့ တဖြည်းဖြည်း ခရီးသွားတွေများလာတော့တာပဲ”

“ဒီအင်းကြီးရဲ့နာမည်ကို ဘာလို့စွန်ရဲအင်းလို့ ခေါ်တာလဲ ဗျ”

“စွန်ရဲဆိုတာကတော့ ရွာနာမည်ပါ။ စွန်ရဲကျေးရွာအုပ်စု ထဲမှာရှိနေတော့ စွန်ရဲအင်းလို့ ခေါ်လိုက်ကြတာပါပဲ။ ရွာသား တွေကတော့ ကြာတွေနဲ့ပြည့်နေလို့ ကြာအင်းလို့လည်း ခေါ် ကြ တယ်”

“ကြာပွင့်ချိန်က တစ်နှစ်ပတ်လုံးပဲလားဗျ”

“အခုလို တစ်ပြင်လုံး ဖွေးနေအောင်ပွင့်တာကတော့ သုံးလပိုင်းကနေ ဆယ့်တစ်လပိုင်းလောက်အထိ ပွင့်ပါတယ်။ ဆောင်းတွင်းတော့ အပွင့်နားတယ်”

“အပွင့်နားတဲ့အချိန် ခရီးသွားလုပ်ငန်းပိတ်တာမျိုးကော ရှိလား”

“သင်္ကြန်တွင်းတော့ ပိတ်တယ်။ ဒါကလည်း ဒီနေရာမှာ ပြဿနာဖြစ်တယ်ဆိုတာမျိုးမရှိအောင် ကြိုတင်ကာကွယ်တဲ့ သဘောပါ။ ကျန်တဲ့အချိန်တွေကတော့ ခရီးသွားတွေရဲ့ သဘောပါပဲ”

ထိုအချိန်တွင် အမျိုးသမီးကြီးတစ်ဦး လက်ပွေ့တစ်ပွေ့ ခန့်ရှိ ကြာရိုးစည်းကြီးကို ရွက်၍ နားနေတဲအတွင်း ဝင်လာတာ ကို တွေ့ရ၏။ ရွာသားကြီးလည်း အနီးရှိ ဈေးတန်းဘက်သို့ ထွက်သွားလေ၏။ ကြာခွက်ရောင်းသည့် ဈေးသည်မလေးမှာ အနားမှာပင် ရှိနေသေးသဖြင့် သူနှင့်စကားဆက်ဖြစ်ပြန်သည်။

“ဈေးသည်မကြီးက တက္ကသိုလ်ဘယ်နှစ်တွေ ရောက်နေပြီ လဲကွ”

“ဟာ...ဘဘကြီးကလည်း..သမီးက လေးတန်းတက်ရမှာ ...ကျောင်းပိတ်တုန်း အမေ့ကို ဈေးကူရောင်းနေတာ”

“တယ်ဟုတ်ပါလား။ လိမ္မာလိုက်တာ။ ပညာတတ်ကြီး ဖြစ်ပါစေဗျာ”

“အမေ့ဆိုင်က ဟိုမှာ” ဟုဆိုကာ နားနေတဲဘေးရှိ စား သောက်ဆိုင်သို့ လက်òန်ပြ၏။ ထိုအချိန်တွင် ရွာသားကြီးသည် လက်ထဲတွင် ကြာဖူးနှစ်ဖူးနှင့် အစိမ်းနုရောင်ဖက်လိပ် သုံးခုကိုင် ၍ ပြန်လာ၏။ ထိုအရာတို့ကို ကျွန်တော့်ရှေ့ ရှိ စားပွဲပေါ်တွင် တင်လိုက်ပြီး ကြာဖူး၏ ပွင့်ချပ်များကို ခွာလိုက်၏။ ကြာဝတ်ဆံ တို့သည် ကြာခွက်နုလေးကို ဝန်းရံ၍ ဖုံးအုပ်ထားသည်ကို တွေ့ရ၏။

 

ကြာခူးသည်ကို တားမြစ်ရ

ရွာသားကြီးသည် ပွင့်ချပ်တို့ကိုခွာထားသည့် ကြာရိုးကို ကျွန်တော့်ထံ ကမ်းပေးရင်း

“နမ်းကြည့်၊ သင်းသင်းလေးနဲ့ မွှေးတယ်။ ကြာဝတ်ဆံကို ဆေးဖော်ရာမှာ သုံးကြတယ်လို့ ပြောတယ်။ ဈေးကြီးပေးဝယ်ကြလို့ တစ်နေ့တစ်နေ့ကြာတွေ အများကြီးခူးကြတယ်။ ကြာလာရင် ကြာမျိုးထိခိုက်မှာစိုးလို့ အဲဒီ အရောင်းအဝယ်ကို တားမြစ်လိုက်ရတယ်”

ကြာဝတ်ဆံကို နမ်းကြည့်ရာ ကံ့ကော်ဝတ်ဆံရနံ့နှင့် ခပ်ဆင်ဆင်တူသည်ကို တွေ့ရ၏။

“တလောကလည်း အခြားနယ်ကအဖွဲ့တွေ ကြာပန်းတွေ လာခူးကြတာ တစ်နေ့ကို လိုက်ထရပ်သုံးစီးလောက်လာတယ်။ ဆိုင်ကယ်နဲ့လာကြသူတွေလည်း ရှိတယ်။ ပုဂံဘက်ကနေကို လာကြတယ်။ စွယ်တော်လေးဆူနဲ့ ပြည့်ငါးပြည့် ဘုရားဖူးတွေကို ရောင်းကြတယ်ပြောတာပဲ။ အင်းကြီးက ဒီကြာတွေနဲ့ပဲ ကြာအင်းဆိုပြီးဖြစ်နေရတာလေ။ အဲဒီတုန်းကလည်း ကြာခူး တာကို တားမြစ်လိုက်ရတာပဲ”

“ကောင်းပါတယ်ဗျာ။ သဘာဝပတ်ဝန်းကျင် မပျက်စီး အောင်ဆိုတာ ဒီလိုပဲ ဝိုင်းဝန်းထိန်းသိမ်းကြရမှာပဲ”

“ဒီအင်းကြီးကို လာလည်ကြရင်း နည်းနည်းပါးပါးခူးတာ လောက်ကတော့ ခွင့်ပြုထားပါတယ်”

ရွာသားကြီး၏ စကားအရ ဒေသခံရွာသူရွာသားတို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်နှင့် ညီညွတ်စွာထိန်းသိမ်းနိုင်မှုကို လေးစားမိလေ၏။

 

ကြာရွက်လိပ်သုပ်

“ဒါကတော့ ကြာရွက်လိပ်လို့ခေါ်တယ်။ ရေထဲကနေ ထိုးထွက်လာခါစ မပြန့်ခင် ရွက်နုလေးပေါ့။ ဒီအရွက်လိပ်ကလေး တွေကို ရေနွေးနဲ့သုံးခါလောက်ဖြော၊ ပါးပါးလှီးပြီး မြေပဲဆန်၊ သံပရာသီး၊ ငရုတ်သီးစိမ်းလေးနဲ့သုပ်စားလို့ရတယ်။ အရသာ တစ်မျိုးလေး စားလို့ကောင်းတယ်”

“ကြာရွက်လိပ်သုပ်...သမီးတို့ဆိုင်မှာ ရောင်းတယ်...ဘဘ”

ရွာသားကြီးရှင်းပြနေသည်ကို ဈေးသည်မလေးက လက်တွေ့စားကြည့်ရန် ဆွဲဆောင်ပြန်လေ၏။

“ဒါတော့တစ်ခါမှ မစားဖူးဘူးကွ။ ကဲ ကြာရွက်လိပ်သုပ် တစ်ပွဲ၊ ကောင်းကောင်းလေးသုပ်ပေးလို့ပြောနော်”

ဈေးသည်မလေးသည် “ဟုတ်”ဟုဆိုကာ သူ့ဈေးဗန်း ကိုယူ၍ ပေါ့ပါးစွာပြေးထွက်သွားလေ၏။ ကြာရိုးစည်းကို ခေါင်းတွင် ရွက်၍ဝင်လာသည့် အမျိုးသမီးကြီးသည် ကျွန်တော် နှင့် မျက်နှာချင်းဆိုင်ကြမ်းပြင်တွင် ထိုင်လျက် ကြာချည် ထုတ်နေသည်မှာ အတော်ပင်အရှိန်ရနေသည်ကို တွေ့ရ၏။

 

ကြာချည်

အမျိုးသမီးကြီးသည် ကြမ်းပြင်တွင် အခင်းပြားခင်း၍ တင်ပလ္လင်ခွေထိုင်ကာ ကြာရိုးမနုမရင့် ဆယ်ချောင်းခန့်ကို ဘယ်လက်ဖြင့် ဆုပ်ကိုင်ထား၏။ ထိုဆုပ်ကိုင်ထားသည့် ကြာရိုးတို့၏ထိပ်မှ တစ်လက်မခွဲခန့်အကွာကို ညာလက်တွင် ကိုင်ထားသည့် ခဲချွန်ဓားဖြင့် ရစ်၍ အရာပေးလိုက်၏။ ဓားကို လွှတ်၍ ကြာရိုးတို့ကို အရစ်နေရာမှချိုးကာ အမျှင်ထွက်အောင် ဆွဲရင်း လေးလက်မ အကျယ်သစ်သားတန်းလေးပေါ်သို့ အမျှင်ချလိုက်၏။

ဤသို့ သုံးခါလုပ်ပြီးတိုင်း သစ်သားတန်းပေါ် ရှိ ကြာမျှင် တို့ကို ကြာချည်ဖြစ်အောင် လက်ဖဝါးနှင့်ပွတ်လိပ်ပြီး ထွက်ပေါ် လာသည့် ကြာချည်ကို အောက်တွင်ခံထားသည့် ”ဒန်ဇလုံထဲ သို့ လျှောချ၏။ ဒန်ဇလုံထဲရှိ ကြာချည်ခွေသည်ပင် အတော်ရ နေသည်ကို တွေ့ရ၏။ ထိုကြာချည်ကို အင်းလေးဒေသမှ လာရောက်ဝယ်ယူသည်ဟု သိရ၏။ ရရှိသည့်ဈေးနှုန်းမှာ တစ်$ကျပ်သားလျှင် ကျပ်သုံးထောင်နှုန်းရှိကြောင်း သိရ၏။ ကြာချည်ဈေးကောင်းသော်လည်း လူတစ်ယောက်တစ်နေ့လျှင် ကျပ်ငါးထောင်$ဖိုးမျှသာ လုပ်နိုင်ကြောင်း သိရပေသည်။

 

ရွှေကြာကိုပွေ့ပိုက်ရင်း

“ဘဘကြီး...ကြာရွက်လိပ်သုပ်ရပြီ”

“ဈေးသည်မကြီး ကြာရွက်လိပ်သုပ်ကလည်း ကြာလှ ချည့်လားကွာ”

“ရေနွေးဖြောတာစောင့်ရလို့ပါ ဘဘကြီး။ ရေနွေးနဲ့ သေသေချာချာမဖြောရင် ခါးတယ်ဘဘကြီးရဲ့”

ဈေးသည်မလေးသည် စားကြည့်ပါဦးဆိုသည့်ပုံစံဖြင့် ကြာရွက်နုသုပ်ပန်းကန်ကို စားပွဲပေါ်လာချကာ ရပ်နေ၏။ မြေပဲ ဆန်အုပ်ထားသည့် အသုပ်ကို တစ်ဇွန်းစားကြည့်၍ “ကောင်း လိုက်တာ” ဟု ပြောလိုက်မှ “ရေနွေးသွားယူ ပေးဦးမယ်” ဟု ဆိုကာ ပြန်ထွက်သွားလေသည်။ ကြာရွက်လိပ်သုပ်မှာ ကြာရွက်၏ ခါးသက်သက်မူလအရသာ အနည်းငယ်ကျန်သေးသော်လည်း အရသာအလွန်ကောင်းသည့် ဒေသစာတစ်မျိုးဖြစ်ကြောင်း လက်ခံလိုက်မိပါသည်။ အရသာခံရင်း လေး၊ ငါးဇွန်းမျှ ဆက်တိုက်စားနေလိုက်မိ၏။ ထိုစဉ် စက်လှေတစ်စင်း ကမ်းသို့ ဆိုက်လာသည်။

 

‘ဖေဖေရေ သမီးတို့အလွန်ပျော်တာပဲ။ အင်းကြီးက အကျယ်ကြီး။ ကြာတွေကလည်း လှလိုက်တာ။ ဓာတ်ပုံတွေ လည်း အများကြီးရိုက်ခဲ့တယ်။ ဒီမှာကြည့်ပါဦး သမီးတို့ပုံ တွေ’ ဟု သမီးငယ်က ကင်မရာကို ထိုးပေးလျက်ပြသည်။

“အာ...ဗိုက်ဆာလိုက်တာ။ ဖေဖေဘာတွေစားနေတာ လဲ” ဟု သမီးလတ်က ပါးစပ်ကမေးရင်း လက်က ကြာရွက်သုပ် ပန်းကန်သို့ လှမ်းသည်။

“သမီးကြီးပါလာရင် သိပ်ပျော်မှာပဲ” ဟုဆိုရင်း ဇနီးသည် က ကျွန်တော့်ဘေးတွင် ဝင်ထိုင်သည်။ ကျွန်တော်က သမီးငယ်ပြသည့်ကင်မရာထဲက ရွှေကြာ ဖူးများကို ပွေ့ကာပိုက်ကာ၊ နမ်းကာရှုပ်ကာဖြင့် သူတို့ပျော်ခဲ့ကြ သည့်ပုံများကို ကြည့်ရင်း ကျောက်ဆည်မြို့အနီး စွန်ရဲအင်းထဲက ပဒုမ္မာရွှေကြာ၏အကြောင်းကို အဆုံးသတ်လိုက်မိလေသည်။ မြန်မာ့အလင်း