နေပြည်တော် ၁ ဇွန်

အမျိုးသားအဆင့် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှု မဟာဗျူဟာ လက်တွေ့အကောင်အထည်ဖော်မှု လုပ်ငန်းစီမံကိန်းရေးဆွဲချမှတ်ရေး အလှူရှင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှုစနစ်၏ စွမ်းဆောင်နိုင်မှု အရည်အသွေးသည် နိုင်ငံနှင့်ဝန်ကြီးဌာနတို့အတွက် လွန်စွာအရေးကြီးပါကြောင်း၊ မှန်ကန်တိကျသော မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို ထိရောက်စွာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရာတွင် အလေအလွင့် နည်းပါးစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာ အမျိုးမျိုးအတွက် အရည်အသွေးသတ်မှတ်ချက်များကို ပြုစုထားရှိခြင်းအားဖြင့် ဝယ်ယူမှုပြုလုပ်ရာတွင် ပိုမိုစနစ်တကျ တိကျစွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။

ထို့အပြင် ပြည်သူများအတွက် အသုံးပြုရန် ပြည်ပ အလှူရှင်များမှ လှူဒါန်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများနှင့် အရေးပေါ်အခြေအနေများတွင် ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ မှာယူရသည့် ဆေးနှင့် ဆေးပစ္စည်းများ အခွန်ကင်းလွတ်ခွင့်ရရှိရေးဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများကိုလည်း ပြုစုထားရှိရမည်ဖြစ်ပါကြောင်း၊ ဆေးနှင့် ဆေးပစ္စည်းများကို လိုအပ်သည့် အရေအတွက် ပမာဏထက် ပိုမိုဝယ်ယူမိခြင်း (သို့မဟုတ်) နည်းပါးစွာ ဝယ်ယူမိခြင်းများ မဖြစ်ပွားစေရန်အတွက် တိကျသော ခန့်မှန်းတွက်ချက်မှုများ ပြုလုပ်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ အလိုက်ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူမှု၊ အသုံးပြုမှုဆိုင်ရာ သတင်းအချက်အလက်များလည်း မှန်ကန်တိကျ စွာရရှိရန်လိုအပ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ယခုအခါ ကွန်ပျူတာစနစ်သုံး ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူမှု၊ ဖြန့်ဖြူးမှုနှင့် အသုံးပြုမှုဆိုင်ရာ မှတ်တမ်းစနစ်ကို စတင်အသုံးပြုလျက်ရှိပြီး ပိုမိုကောင်းမွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများ ကျရောက်သည့်အခါ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်တောက်မှုမရှိစေရေးအတွက် အရေးပေါ် စီမံကိန်းကိုလည်း ကြိုတင်ပြင်ဆင်ထားရှိရမည် ဖြစ်ပါကြောင်း၊ လက်ရှိ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဆေးသိုလှောင်ရုံများ၊ ဆေးရုံများရှိ ဆေးသိုလှောင်ရုံများနှင့် ပတ်သက်၍ ဘက်စုံဆန်းစစ် သုံးသပ်မှုများပြုလုပ်ကာ လုပ်ငန်းအားဖြည့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှုဆိုင်ရာ ဒီပလိုမာသင်တန်းများ အမြန်ဆုံး ဖွင့်လှစ်သင်ကြားပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ပံ့ပိုးပေးသော အလှူရှင်အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် USAID Global Supply Chain Program မှ ပံ့ပိုးမှုများပေးစေလိုပါကြောင်း၊ နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး တစ်ခုလုံးအတွက် အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှုစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Global Health Supply Chain Program - Procurement and Supply Management (GHSC-PSM) မှ Consultant Mr. Pierre de Vasson က အမျိုးသားအဆင့် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှု မဟာဗျူဟာ လက်တွေ့အကောင်အထည်ဖော်မှု လုပ်ငန်းစီမံကိန်း ရေးဆွဲချမှတ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးမှုများနှင့် အကြံပြုမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်