mdn

သတင်းဆောင်းပါး - ဒေါက်တာ မောင်မောင်သိမ်း

 

နိဒါန်း

 

အငြင်းပွားမှုဟူသည် မနုဿလူသားတို့၏ အသွင်သဏ္ဌာန်တွင် ပါဝင်လာသော သဘောအရ လူသားတို့နှင့် ခွဲခွာမရသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ယင်းကို ထိန်းသိမ်းခြင်းမပြုဘဲ လွှတ်ထားပါက ပျက်စီးမှုသို့ ရှေးရှုသွားပေမည်။ ဤမည်သော အကြောင်းကြောင့် လူသားတို့၏ အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် နည်းလမ်းရှာခဲ့ကြသည်။ အငြင်းပွားမှုကို ငြိမ်းချမ်း စွာဖြေရှင်းခြင်းဆိုသည်မှာ အငြင်းပွားမှုကို အင်အား သို့မဟုတ် အနိုင်အထက်ပြုမှု သို့မဟုတ် တရားရုံးနည်းလမ်းဖြင့် ဖြေရှင်း ခြင်းမပြုဘဲ ဖျန်ဖြေပေးခြင်း (Conciliation)၊ ကြားဝင်ပေးခြင်း (Mediation) နှင့် အနုညာတ ဖြေရှင်းနည်း (Arbitra-tion) ဖြင့် ဖြေရှင်းပေးခြင်းတို့ ဖြစ်သည်။ အဆိုပါ နည်းလမ်းများ ကို ခြုံ၍ “အငြင်းပွားမှုများကို အခြားနည်းဖြေရှင်းခြင်း” [Alternative Dispute Resolution -ARD] ဟု ရည်ညွှန်းလေ့ရှိပါသည်။

 

ဖျန်ဖြေပေးခြင်းဆိုသည်မှာ

 

ဖျန်ဖြေပေးခြင်းဆိုသည်မှာ ကြားလူတစ်ဦးမှ အငြင်းပွားနေသူများကြား ဆက်သွယ်မှုကို ဆောင်ရွက် ပေးခြင်းအားဖြင့် ခြားနားချက်များကို ဖြေရှင်းနိုင်ရန် ကြိုးစားပေးသည့် နည်းလမ်းဖြစ်သည်။ ကြားဝင် ပေးခြင်းဆိုသည်မှာ ဖျန်ဖြေ ပေးခြင်းနှင့် ပုံစံတူနီးပါးဖြစ်သော်လည်း ကြားဝင်ပေးသူအနေဖြင့် အငြင်းပွားမှုကို အငြင်းပွားသူများကိုယ်တိုင် အဖြေထုတ် ဖြေရှင်းပေးနိုင်ရန် အကူအညီပေးခြင်း သာဖြစ်သည်။ ကြားဝင်ပေးခြင်းတွင် ကြားဝင်ပေးသူသည် ဖျန်ဖြေပေးသူကဲ့သို့ အငြင်းပွားမှုကို အဆုံးသတ်ရန် အဖြေကို အဆိုမပြုနိုင်ပါ။ ဖျန်ဖြေပေးခြင်းနှင့် ကြားဝင်ပေးခြင်း နည်းလမ်းနှစ်ခု စလုံးသည် ပုံစံတကျ ဖြေရှင်းနည်းမျိုး မဟုတ်ပါ။ စနစ်တကျ တည်ဆောက်ထားခြင်းလည်း မရှိပါ။ ယင်းတို့သည် ဆုံးဖြတ်ချက်ချခြင်း သို့မဟုတ် အဖြေရှာပေးခြင်းကို မလုပ်နိုင်ပါ။

 

အနုညာတဖြေရှင်းနည်းသည် အနှစ်သာရအားဖြင့် ဖျန်ဖြေပေးခြင်း၊ ကြားဝင်ပေးခြင်းတို့နှင့် တူပါသည်။ အနုညာတဖြေရှင်းနည်းတွင် ဖျန်ဖြေပေးခြင်းနှင့် ကြားဝင်ပေးခြင်း တို့တွင်ကဲ့သို့ ကြားနေဖြစ်သည့် အပြင်လူက ပါဝင်၍ အငြင်းပွားမှုကို ဖြေရှင်းပေးခြင်းတွင် တူခြင်းဖြစ်ပါသည်။ သို့သော် အနု ညာတ ခုံလူကြီးတွင် ဆုံးဖြတ်ချက်ချနိုင်သည့် အာဏာရှိပါသည်။ မည်သူမှား၍ မည်သူမှန်သည်ဆိုသော ဆုံးဖြတ်ချက် ချမှတ်နိုင်ပြီး သက်သေခံချက်များကို အခြေခံ၍ အဖြေကိုလည်း ယင်းအနေဖြင့် ဆုံးဖြတ်နိုင်ပါသည်။ အနုညာတဖြေရှင်းနည်းသည် ပုံစံတကျဖြစ်သော ဖြေရှင်းနည်းမျိုးဖြစ်ပြီး စနစ်တကျ တည်ဆောက်ထားပါသည်။ ယင်း၏ ဆုံးဖြတ်ချက်များသည် အငြင်းပွားသူများ၏ သဘောတူညီချက်အရ ယင်းတို့အပေါ်တွင် စည်းနှောင်မှုရှိပါသည်။

 

အနုညာတဖြေရှင်းနည်းသည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းနည်းများအနက် ရှေးအကျဆုံး ဖြေရှင်း နည်းများထဲမှ တစ်ခုဖြစ်ပါသည်။ ရှေးဟောင်းဂရိ(စ်)နှင့် ရောမ တို့တွင် ကျင့်သုံးခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ရှေးဟောင်းဥပဒေ သမိုင်းတွင် အနုညာတဖြေရှင်းနည်းသည် ရင်းနှီးကျွမ်းဝင်သော ဖြေရှင်းနည်းဖြစ်သည့်အပြင် အကြိုက်ဆုံးသော ဖြေရှင်းနည်း တစ်ရပ်လည်း ဖြစ်ပါသည်။ ကျော်ကြားလှသော ခုံတော် မောင်ကျဘမ်းကဲ့သို့ အနုညာတ ခုံလူကြီးများ၏ ဖြတ်ထုံးများ ရှိပါသည်။

 

အနုညာတဖြေရှင်းနည်းကို အဘယ်ကြောင့် ရွေးကြသနည်း

 

အငြင်းပွားမှုများကို အနုညာတဖြေရှင်းနည်းဖြင့် ဖြေရှင်း ပေးခြင်းကို လူအများ နှစ်သက်ကြသည်။ ပီဒဗလျူစီ (PWC- Price Waterhouse Coopers) နှင့် လန်ဒန်တက္ကသိုလ်၊ ဘုရင်မ မေရီကောလိပ် (University of London, Queen Mary College) တို့ ပူးတွဲပြုလုပ်သည့် သုတေသနအရ မေးခွန်းကို တုံ့ပြန်အဖြေပေးသည့် ကော်ပိုရေးရှင်းများ၏ ၇၃ ရာခိုင်နှုန်းသည် အနုညာတဖြေရှင်းနည်းကို တရားစွဲသည့် နည်းလမ်းထက် ပိုနှစ်သက်ကြကြောင်း တွေ့ရသည်။ အဘယ် ကြောင့်နည်း။

 

အငြင်းပွားသူများကို အနုညာတနည်းသို့ ဆွဲဆောင်သော ပထမဆုံးအချက်မှာ “သက်သာမှု” ဖြစ်သည်။ တရားရုံးများတွင် အမှုများ များပြားကျပ်ညပ်နေခြင်းနှင့် တရားရုံးများ၏ အယူခံမှု အဆင့်ဆင့်တို့ကြောင့် အငြင်းပွားမှုများကို တရားစွဲဆိုခြင်း နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် အနုညာတနည်းထက်ပို၍ အကုန်အကျများပြားပြီး နှေးကွေးသော ဖြေရှင်းနည်းဖြစ်စေ သည်။ ထို့ကြောင့် တရားစွဲဆိုမှုနှင့် နှိုင်းယှဉ်လျှင် အနုညာတ နည်းသည် အချိန်နှင့် ငွေနှစ်မျိုးစလုံးကို များစွာသက်သာစေသည်။ အနှစ်ချုပ်အားဖြင့်ဆိုရလျှင် အနုညာတနည်းသည် အငြင်းပွားမှုများကို အမြန်ဆုံးနှင့် ကုန်ကျစရိတ် အသက်သာ ဆုံးဖြင့် ဖြေရှင်းပေးရန် ရည်မှန်းသည်။

 

တရားစွဲဆိုခြင်းထက် အနုညာတနည်းကို ပိုမိုနှစ်သက်စေသော ဒုတိယအချက်မှာ အနုညာတ ဖြေရှင်းနည်းတွင် ပညာရှင်များ သို့မဟုတ် လုပ်ငန်းကျွမ်းကျင်သူများ ပါဝင်မှု ဖြစ်သည်။ နည်းပညာနှင့် စက်မှုဆိုင်ရာ အငြင်းပွားမှုများသည် ယင်းတို့၏ သဘာဝအရပင် ယင်းတို့ကို မကျွမ်းကျင်သူများ နားလည်ရန် ခက်ခဲသည်။ အနုညာတနည်းလမ်းသည် ပညာရှင်များ သို့မဟုတ် လုပ်ငန်း ကျွမ်းကျင်သူများကို အနုညာတ ခုံလူကြီးအဖြစ် ခန့်ထားစေခြင်းဖြင့် ပြဿနာရပ်များနှင့် အံဝင်ရန် ပြုလုပ်နိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် အငြင်းပွားမှု၏ ရလဒ်ကို ဆုံးဖြတ်ပေးမည့်သူများသည် အငြင်းပွားမှု၏ အနှစ်သာရကို ကောင်းစွာနားလည်သည်ဟု အငြင်းပွားသူများအား ယုံကြည်မှု ရစေသည်။ တရားစွဲဆိုမှုတွင် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရရှိရန် ကျွမ်းကျင်သူများကို ခန့်ထားနိုင်သည်ဟု ဆိုနိုင်သည်။ မှန်ပါသည်။ သို့သော် လိုအပ်သည့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု နှင့် အတွေ့အကြုံကိုယ်တိုင်မရှိသည့် တရားသူကြီးတစ်ဦးသည် ကျွမ်းကျင်သူ၏ ထင်မြင်ချက်၊ ယုံကြည်မှုနှင့် ဆွဲဆောင်နိုင်သော စွမ်းရည်များ၏ လွှမ်းမိုးမှုကို လက်တွေ့ သက်သေခံချက်များ၏ လွှမ်းမိုးမှုထက် ပို၍ခံရနိုင်သည့် အန္တရာယ်ရှိသည်။ အငြင်းပွားမှုကို ဖြေရှင်းပေးမည့်သူသည် ကိုယ်တိုင်လည်း ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံ အရည်အချင်းရှိသူဖြစ်ရန် လိုအပ်သည်။ ထို့ကြောင့်ပင် ကျော်ကြားသော တရားသူကြီး ဥပဒေပညာရှင်၊ စာရေးဆရာ ဂျာမန်နွယ်ဖွား ဗြိတိသျှနိုင်ငံသား ဆာမိုက်ကယ်လ်ကာက အနုညာတခုံလူကြီးများအတွက် အရည်အချင်းနှင့် အတွေ့အကြုံသည် အရေးကြီးဆုံးဖြစ်ကြောင်း ထင်မြင်ချက် ပေးထားခြင်း ဖြစ်သည်။

 

ကျော်ကြားသော တရားသူကြီး မတ်စတီလ် (Lord Justice Mustill) ၏ အဆိုကို ဤနေရာတွင် ကိုးကားခွင့်ပြုပါ။ မတ်စတီလ်က “အနုညာတနည်းလမ်း၏ ကြီးမားသော အခွင့် သာမှုမှာ ယင်းသည် အင်အားရှိခြင်းနှင့် ပြောင်းညွတ်လွယ်မှု (Flexibility) ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ အင်အား ရှိခြင်းမှာ အနုညာတနည်းလမ်းသည် ဥပဒေအရ လိုက်နာဆောင်ရွက်စေနိုင်သော ဆုံးဖြတ်ချက် များကို ချမှတ်နိုင်စွမ်းရှိ၍ ဖြစ်သည်။ ယင်းကို အဆုံးစွန်တွင် နိုင်ငံတော်၏ အတင်းအကျပ် ပြုနိုင်သော အာဏာများကို ခေါ်ယူအသုံးချနိုင်သည့် တရားစီရင်ရေးမူဘောင်က ကျောထောက် နောက်ခံပြု ပေးထားသည်။ ပြောင်းညွတ်လွယ်မှုရှိခြင်းမှာ အနုညာတနည်းသည် အငြင်းပွားသူများကို အငြင်းပွားမှု၏ သဘာဝနှင့် အငြင်းပွားမှုဖြစ်ပွားရာ စီးပွားရေးလုပ်ငန်းနယ်ပယ်နှင့် ကိုက်ညီသည့် လုပ်ထုံးလုပ်နည်းများကို ရွေးချယ်ခွင့်ပြုထားခြင်းကြောင့် ဖြစ်သည်” ဟု ဆိုခဲ့ပါ သည်။

 

မြန်မာနိုင်ငံရှိ အနုညာတဖြေရှင်းခြင်းဥပဒေ

 

ကမ္ဘာပေါ်တွင် အစောဆုံးသော အနုညာတဖြေရှင်းနည်း ဥပဒေကို အင်္ဂလန်နိုင်ငံ၌ ၁၆၉၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော အနုညာတဖြေရှင်းနည်းဥပဒေမှာ ၁၉၄၄ ခုနှစ် အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ (The Arbitration Law 1944) ဖြစ်သည်။ ယင်းဥပဒေသည် ၁၉၄၆ မတ်လ ၁ ရက်နေ့တွင် အာဏာသက်ရောက်ခဲ့သည်။ ယင်းကို တည်ဆဲ ၂၀၁၆ ခုနှစ် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေက ရုပ်သိမ်းခဲ့သည်။ အဆိုပါ ၂၀၁၆ ခုနှစ် အနုညာတ စီရင်ဆုံးဖြတ်ခြင်းဥပဒေတွင် ထူးခြားချက် သုံးခုရှိသည်။

 

(၁)ယင်းဥပဒေသည် အငြင်းပွားမှုများကို အနုညာတ စီရင်ဆုံးဖြတ်ခြင်းနည်းလမ်းဖြင့် ဖြေရှင်းရန် အားပေးသည်။ (ပုဒ်မ- ၄ (ဂ))

(၂)မြန်မာနိုင်ငံတွင်းဖြစ်စေ မြန်မာနိုင်ငံအပ၌ဖြစ်စေ ချမှတ်သော အနုညာတစီရင်ဆုံးဖြတ်ချက်များကို တရားရုံးများက အကောင်အထည်ဖော်ပေးနိုင်သည်။ (ပုဒ်မ- ၄၀၊ ၄၅)

(၃) ယင်းဥပဒေသည် အောက်တွင် ဆက်လက်ရှင်းပြမည့် အနုညာတစီရင်ဆုံးဖြတ်ခြင်း၏ အခြေခံ အချက်များအားလုံးကို ပိုက်ထွေးထည့်သွင်း ပြဋ္ဌာန်းထားသည်။

 

အနုညာတ စီရင်ဆုံးဖြတ်ခြင်း၏ အခြေခံအချက်များ

 

အငြင်းပွားမှုများကို အနုညာတ စီရင်ဆုံးဖြတ်ခြင်းနည်းဖြင့် ဖြေရှင်းခြင်းတွင် အခြေခံအချက်ကြီး သုံးချက်ရှိသည်။

 

(၁)အနုညာတ စီရင်ဆုံးဖြတ်ခြင်း သဘောတူညီချက် သို့မဟုတ် စာပိုဒ် (Arbitration Agreement or Clause )

(၂)ပါဝင်ပတ်သက်သူများ၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့် (Party Autonomy)

 (၃)တရားစီရင်ရေးဆိုင်ရာ အခြေခံအချက် (Judicial Element) တို့ဖြစ်သည်။

 

အငြင်းပွားမှုတစ်ရပ်ကို အနုညာတနည်း (ဝါ) အနုညာတ စီရင်ဆုံးဖြတ်ခြင်းနည်းဖြင့် ဖြေရှင်းရန် အဓိကလိုအပ်ချက်မှာ အနုညာတစီရင်ဆုံးဖြတ်ခြင်း သဘောတူညီချက် သို့မဟုတ် စာပိုဒ်ဖြစ်သည်။ ယင်းစာပိုဒ်မရှိပါက အနုညာတဖြေရှင်းနည်း ဖြစ်မလာပေ။ ဤစာပိုဒ် သို့မဟုတ် သဘောတူညီချက်က “ပဋိညာဉ်တွင် ပါဝင်သူများကြား အငြင်းပွားမှုပေါ်ပေါက်လျှင် အနုညာတ စီရင်ဆုံးဖြတ်ခြင်း နည်းလမ်းဖြင့် ဖြေရှင်းမည်” ဟူ၍ ပြဋ္ဌာန်းထားပြီး အနုညာတဥပဒေ၊ အနုညာတခုံရုံးနေရာ နှင့် အသုံးပြုမည့် ဥပဒေများကို ရည်ညွှန်းဖော်ပြလေ့ရှိသည်။ မြန်မာနိုင်ငံ၏ ၂၀၁၆ အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေပုဒ်မ ၃ (ခ) တွင် “အနုညာတစီရင်ဆုံးဖြတ်ခြင်း သဘောတူညီချက် ဆိုသည်မှာ ပါဝင်ချုပ်ဆိုသူများကြား ပဋိညာဉ်အရဖြစ်စေ၊ ပဋိညာဉ်မရှိဘဲဖြစ်စေ ဥပဒေအကြောင်းအရ ဆက်နွှယ်မှုများနှင့် စပ်လျဉ်း၍ ပေါ်ပေါက်သော သို့မဟုတ် ပေါ်ပေါက်လာနိုင်သော အငြင်းပွားမှု အားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ အနုညာတစီရင်ဆုံးဖြတ်ခြင်း ခံယူရန် အငြင်းပွားသူများက စာဖြင့် ရေးသားထားသော သဘောတူညီချက်ကိုဆိုသည်” ဟု ဖွင့်ဆို ထားပါသည်။

 

အနုညာတ စီရင်ဆုံးဖြတ်ခြင်းနည်း၏ ဒုတိယအခြေခံ အချက်မှာ ပါဝင်ပတ်သက်သူများ၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့် (Party Autonomy) ဖြစ်သည်။ ယင်းအခြေခံအချက်သည် အနုညာတစီရင်ဆုံးဖြတ်နည်း၏ အထိမ်းအမှတ် ဖြစ်သည်။ ပါဝင်ပတ်သက်သူများ၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ဆိုသည်မှာ အငြင်းပွားမှုတွင် ပါဝင်ပတ်သက်သူများ (အငြင်းပွားနေသူများ) သည် အငြင်းပွားမှုကို အနုညာတ စီရင်ဆုံးဖြတ်နည်းဖြင့် ဖြေရှင်းခွင့်၊ ယင်းတို့ သဘောကျ အနုညာ တခုံလူကြီးများ ရွေးချယ်ခွင့်တို့သာမက အဆိုပါ ရည်ညွှန်းချက်များအတွက် အချိန်ကာလ အတိုင်းအတာကိုပါ ရွေးချယ်သတ်မှတ်နိုင်ခွင့် ရှိခြင်းကိုဆိုသည်။ ပါဝင်ပတ်သက်သူများ၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို မြန်မာနိုင်ငံ၏ ၂၀၁၆ အနုညာတ စီရင်ဆုံးဖြတ် ခြင်း ဥပဒေပုဒ်မ ၇ နှင့် ၂၂ (က) တို့က ဥပဒေအာနိသင် ပေးထားသည်။

 

တရားစီရင်ရေးဆိုင်ရာ အခြေခံအချက်သည် အနုညာတ စီရင်ဆုံးဖြတ်နည်း၏ တတိယ အခြေခံအချက်ဖြစ်သည်။ အနုညာတ ခုံလူကြီးသည် ယင်းထံ ရည်òန်းကိုးကားသော အငြင်းပွားမှုများကို သဘာဝတရားမျှတမှု၏ စည်းမျဉ်းများ (Rules of Natural Justice) နှင့်အညီ အဆုံးအဖြတ်ပေးရန် တာဝန်ရှိသည်။ သဘာဝတရားမျှတမှုတွင် သဘောတရား နှစ်ရပ်ပါဝင်၏။ ပထမသဘောတရားမှာ အဆုံးအဖြတ်ပေးမည့် သူသည် မိမိ၏ ဆုံးဖြတ်ချက်ကြောင့် အကျိုး စီးပွားထိခိုက် သွားနိုင်သူ၏ အသံကို နားထောင်ရမည်ဟူ၍ ဖြစ်၏။ ဆိုလိုသည်မှာ အငြင်းပွားမှုတွင် ပါဝင်သူတစ်ဦး/တစ်ဖက်တည်း၏ အသံကိုသာမက အငြင်းပွားမှုတွင် ပါဝင်နေသည့် အခြားသူ တစ်ဦး/တစ်ဖက်၏ အသံကိုပါ နားထောင်ရမည်ဟူ၍ ဖြစ်သည်။ ဤသဘောတရားကို အတိုချုပ်အားဖြင့် “ကြားနာခွင့်” (the right to be heard) ဟူ၍ ခေါ်ဆိုကြသည်။ ဤသဘော တရားကို မြန်မာနိုင်ငံ၏ ၂၀၁၆ အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေပုဒ်မ ၂၁ က ဥပဒေအာနိသင် အပ်နှင်းထားသည်။ သဘာဝတရားမျှတမှု၏ ဒုတိယသဘောတရားမှာ “ဘက်လိုက် မှု ဆန့်ကျင်ရေး စည်းမျဉ်း” (the rule against bias) ဖြစ် သည်။ ဤသဘောတရားက “အနုညာတခုံလူကြီးများသည် ဘက်လိုက်မှု ကင်းရမည်” ဟူ၍ ဖော်ပြ၏။ ဤသဘောတရားကို ကျွန်ုပ်တို့၏ ၂၀၁၆ အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေပုဒ်မ ၁၄ (က) (ခ) နှင့် ၁၄ (ဂ) (၁) တို့တွင် ထည့်သွင်းပြဋ္ဌာန်း ထားသည်။

 

မြန်မာအနုညာတဗဟိုဌာန

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားနှင့် ချုပ်ဆိုသော ပဋိညာဉ် စာချုပ်များ၌ “အနုညာတ စီရင်ဆုံးဖြတ်ခြင်း စာပိုဒ်” များ ပါဝင်သော်လည်း ယင်းတို့သည် အမြဲလိုလို နိုင်ငံခြားအနုညာတ စီရင်ဆုံးဖြတ်ခြင်းကိုပင် ရည်ညွှန်းလေ့ရှိကြသည်။ သို့သော် ပဋိညာဉ်စာချုပ်များ အထူးသဖြင့် မြန်မာနိုင်ငံ အစိုးရဌာနများ နှင့် နိုင်ငံခြားအဖွဲ့အစည်းများကြား ချုပ်ဆိုသော ပဋိညာဉ် စာချုပ်များ၏ အနုညာတ စီရင်ဆုံးဖြတ်ခြင်း စာပိုဒ်တွင် မြန်မာ နိုင်ငံ၏ ၁၉၄၄ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေကို ရည်ညွှန်း ဖော်ပြသော အချိန်တစ်ချိန် ရှိခဲ့ဖူးသည်။ ကျွန်ုပ်တို့နိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ဆီသို့ ပြန်လည် လျှောက်လှမ်းခဲ့သော ၁၉၈၉ ဒီမိုကရေစီအရုံဦးမှစ၍ ပဋိညာဉ်များ အထူးသဖြင့် ပုဂ္ဂလိကချုပ်ဆိုသော ပဋိညာဉ်များရှိ အနုညာတစီရင်ဆုံးဖြတ် ခြင်း စာပိုဒ်များတွင် နိုင်ငံခြားအနုညာတ စီရင်ဆုံးဖြတ်ခြင်းကို ပြန်လည်ရည်òန်းလာကြပြန်သည်။

 

နိုင်ငံခြားအနုညာတ စီရင်ဆုံးဖြတ်ခြင်းသို့ သွားရန်အတွက် ကျွန်ုပ်တို့တွင် အခက်အခဲများစွာရှိသည်။ ထိုနိုင်ငံခြား အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ ဥပဒေဗဟုသုတများ ကျွန်ုပ်တို့တွင် မရှိကြသဖြင့် နိုင်ငံခြားရှေ့နေများကို အခကြေး ငွေများစွာပေး၍ ငှားကြရသည်။

 

အနုညာတစီရင်ဆုံးဖြတ်ခြင်းအတွက် တင်သွင်းငွေ (deposit) ကို အငြင်းပွားသည့် ငွေပမာဏ၏ ၁၀ ရာခိုင်နှုန်းဝန်းကျင်ခန့် တင်သွင်းကြရသည်။ သက်သေခံချက်ပေးရန် အစရှိသည့် ကိစ္စများအတွက် မြန်မာနိုင်ငံနှင့် အနုညာတခုံရုံးရှိရာ နိုင်ငံ အကြား ကူးချီသန်းချီသွားကြရသည်။ ဤသည်တို့အတွက် စရိတ်ကုန်ကျသည်။ ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးဖြစ်လာရသည်။ ဘာသာစကားသည်လည်း ကျွန်ုပ်တို့အတွက် အတား အဆီးတစ်ခုဖြစ်နိုင်သည်။ အချိန်သည်လည်း အရေးပါ လှသည်။

 

အထက်ဖော်ပြပါ အချက်များကြောင့် ကျွန်ုပ်တို့သည် နိုင်ငံခြားအနုညာတ စီရင်ဆုံးဖြတ်ခြင်းကို သာမန်အားဖြင့် မတတ်နိုင်ကြပေ။ သို့အတွက် အငြင်းပွားမှု ဖြစ်လာပြီဆို ကတည်းက ကျွန်ုပ်တို့သည် အရှုံးပေါ်နေရပြီ။ သို့ဖြင့် နောက်ဆုံး တွင် ကျွန်ုပ်တို့သည် မလွှဲမရှောင်သာ သဘောထားကြီးလိုက် ကြရသည်။ သည်းညည်းခံလိုက်ကြရသည်။ ခွင့်လွှတ်လိုက်ကြ ရသည်။ ဤအကြောင်းများနှင့် အငြင်းပွားမှုများကို အနုညာတ စီရင်ဆုံးဖြတ်ခြင်းနည်းဖြင့် ဖြေရှင်းရန် အားပေးသော တည်ဆဲ ၂၀၁၆ အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေတို့ကြောင့် UMFCCI အသင်းချုပ်ကြီး၏ ထီးအောက်တွင် မြန်မာ အနုညာတစီရင်ဆုံးဖြတ်ခြင်း ဗဟိုဌာန (Myanmar Arbi-tration Center - MAC) တည်ထောင်ရန် စိတ်ကူးမွေးဖွား လာခဲ့သည်။

 

မြန်မာအနုညာတ စီရင်ဆုံးဖြတ်ခြင်းဗဟိုဌာနကို တည် ထောင်ရာတွင် မဏ္ဍိုင်ကြီးသုံးရပ်စိုက်ထူရန် လိုအပ်သည်။ ပထမမဏ္ဍိုင်မှာ အနုညာတခုံရုံများတွင် အသုံးပြုရန် လုပ်ထုံး လုပ်နည်းများ ရေးဆွဲခြင်းဖြစ်၏။ အဆိုပါ လုပ်ထုံးလုပ်နည်း များကို ရေးဆွဲပြီး ၁၁ လကြာမျှ အကြိမ်ကြိမ် ပြန်လည်စိစစ် ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ပြီးနောက် ယခုအခါတွင် အသုံး ပြုရန် အဆင်သင့်ဖြစ်နေပြီး ယင်းသည် ၂၀၁၆ အနုညာတ စီရင်ဆုံးဖြတ် ခြင်း ဥပဒေပုဒ်မ ၂၂ (က) နှင့် (ခ) တို့နှင့်အညီ ဖြစ်သည်။

 

ဒုတိယမဏ္ဍိုင်မှာ အနုညာတခုံရုံးများ၏ အတွင်းရေးမှူးရုံးအဖြစ် ဆောင်ရွက်မည့် အဖွဲ့အစည်းတစ်ရပ်ကို UMFCCI ၏ အမိုးအောက်တွင် ဖွဲ့စည်းရန်ဖြစ်၏။ ထိုအဖွဲ့အစည်းသည် အနုညာတဆုံးဖြတ်နည်းနှင့် ပတ်သက်၍ အနုညာတ ခုံလူကြီး များအား လေ့ကျင့်သင်တန်းပေးခြင်း၊ လက်မှတ်ပေးခြင်း၊ အနုညာတခုံရုံးအတွက် နေရာပေးခြင်း၊ အနုညာတခုံရုံးများ တွင် ရုံးအဖွဲ့အဖြစ် ဆောင်ရွက်ပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။ မြန်မာအနုညာတဗဟိုဌာန ကုမ္ပဏီလီမိတက်ဟု အမည်ရသည့် ထိုအဖွဲ့အစည်းကို ခံဝန် ချက်ဖြင့် ဖွဲ့စည်းသော တာဝန်ရှိမှု ကန့်သတ်ထားသည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီးဖြစ်သည်။ ယင်းကုမ္ပဏီအမျိုးအစားသည် မြန်မာနိုင်ငံတွင် ပထမဆုံးပေါ်ပေါက်သည့် ကုမ္ပဏီမျိုးဖြစ်နိုင် ပေသည်။ ယင်းတွင် ဒါရိုက်တာအဖွဲ့ဝင် ၁၂ ဦး ဖွဲ့စည်းပုံဥပဒေ နှင့် UMFCCI ၏ အခွင့်အာဏာအပ်နှင်းမှု (Mandate)) တို့ ရှိနေသည်။

 

တတိယမဏ္ဍိုင်မှာ ခုံသမာဓိလူကြီးများအား ရွေးချယ်ခြင်း နှင့် သင်တန်းပေးခြင်းဖြစ်၏။ UMFCCI ၏ ကွပ်ကဲမှုအောက်တွင် မြန်မာအနုညာတဗဟိုဌာနသည် စီးပွားရေးနယ်ပယ်များမှ ဝါရင့်ပုဂ္ဂိုလ်များကို ရွေးချယ်၍ သင်တန်းပေးမည်ဖြစ်သည်။ သင်တန်းပြီးဆုံး၍ ဆန်းစစ်ချက် အောင်မြင်သူများကို အနု ညာတခုံလူကြီး အရည်အချင်းပြည့်မီကြောင်း လက်မှတ် ထုတ်ပေးမည်ဖြစ်သည်။ အဆိုပါသင်တန်း တွင် အနုညာတ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ဆက်နွှယ်သော ဥပဒေဗဟုသုတ တို့ ပို့ချပေးမည်ဖြစ်သည်။

 

မြန်မာအနုညာတဗဟိုဌာန တည်ထောင်ရန် လုပ်ငန်း စဉ်ကြီးတစ်ခုလုံးသည် ပြီးစီးသလောက် ဖြစ်နေပြီဖြစ်သဖြင့် UMFCCI သည် ယင်း၏ နှစ်တစ်ရာ သက်တမ်းပြည့်ဖြစ်သည့် ယခုနှစ်တွင် မြန်မာအနုညာတဗဟိုဌာနကို ဖွင့်လှစ်မည်ဖြစ်၏။ သမိုင်းတွင်မည့် မြန်မာအနုညာတ ဗဟိုဌာနကို မြန်မာနိုင်ငံ၏ စက်မှုနှင့် ကုန်သွယ်ရေးဖွံ့ ဖြိုးတိုးတက်မှု၏ ကွက်လပ်ကြီးကို ဖြည့်သည့်အနေဖြင့် မဝေးလှသော အနာဂတ်ကာလတွင် ကျွန်ုပ်တို့ တွေ့ရတော့မည်ဖြစ်သည်။ ။