၃ ဇွန်

မြန်မာနိုင်ငံသည် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသည့်နိုင်ငံများထဲတွင် ပါဝင်သည်။  ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ခွေးကိုက်ခံရသူပေါင်း ၁၉၀ဝဝဝ ကျော်ရှိခဲ့ပြီး ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူပေါင်းမှာ ၇၀ ရှိခဲ့သည်။ လူဦးရေထူထပ်မှု၊ စီးပွားရေးအချက် အချာကျမှု စသည့်အကြောင်းများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြဆိုင်ရာပြဿနာအများအပြား       ကြုံတွေ့နေကြရသည့်အနက် ခန့်မှန်းခြေအားဖြင့် ကောင်ရေ ၂၀ဝဝဝဝ ခန့် ရှိမည်ဟုဆိုသော ခွေးလေခွေးလွင့်များနှင့်အတူ ခွေးကိုက်ခံရမှုနှင့် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးရမှုမှာလည်း   တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့်   ပြည်နယ်များအနက် အမြင့်မားဆုံးဖြစ်နေသည်ဟု ဆိုသည်။

ခွေးရူးပြန်ရောဂါသည်   ကျည်ဆန်ပုံ  ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး  ကူးစက်ဖြစ်ပွားပါက  ရာနှုန်းပြည့်သေစေနိုင်သော ရောဂါဆိုးတစ်ခုဖြစ်သလို   အချိန်မီသိရှိ  ကာကွယ်ကုသနိုင်ပါကလည်း ရာနှုန်းပြည့်ကာကွယ်နိုင်သည့် ရောဂါဖြစ်သည်။ ခွေးရူးပြန်ရောဂါသည်ရောဂါပိုးကို သယ်ဆောင်ထားသည့် ခွေး၊ ကြောင် စသည့်သတ္တဝါတို့၏ ကိုက်ခြင်း၊  ကုတ်ခြင်းခံရပြီးနောက်  ရောဂါပိုးက  အရေပြားအောက်သို့ ဖောက်ထွင်းဝင်ရောက်သွားကာ နာဗ်ကြောများမှတစ်ဆင့် ဦးနှောက်ဆီသို့ ရောက်ရှိသွားပြီး  လှူအသက်ကိုသေစေနိုင်သည့် ကြောက်မက်ဖွယ်ရောဂါ ဖြစ်သည်။ ခွေးရူးပြန်ဗိုင်းရပ်စ်ပိုးက လူခန္ဓာကိုယ်အတွင်း  ခရီးနှင်ရာတွင် ဖြည်းဖြည်းသာသွားသည်။      တစ်ခါတစ်ရံ      ခွေးကိုက်ခံရပြီးနောက် နှစ်နှင့်ချီပြီးသည့်အခါမှသာ ခွေးရူးပြန်ရောဂါလက္ခဏာတို့ စတင်ပြသည်။ ခွေးရူးပြန်ရောဂါလက္ခဏာများတွင်  အနာမှနာခြင်း၊ ယားခြင်း၊ ရေနှင့် လေတို့ကိုကြောက်ခြင်း၊ ရေနှင့်အစာတို့ကို မျိုချရန်ခက်ခဲခြင်း၊ သွားရည်များ စီးကျခြင်း၊ ဂနာမငြိမ်ခြင်း၊ တက်ခြင်းတို့ဖြစ်ပွားပြီးနောက် အသက်ဆုံးရှုံးသည်အထိပင် ဖြစ်သည်။

ခွေးနှင့် ကြောင်တို့သည် လူများနှင့် ရောထွေးနေထိုင်ကြပြီး လူတို့၏အချစ်တော်  သတ္တဝါများလည်းဖြစ်ကြသည့်အလျောက်  ၄င်းတိရ္ဆာန်များ၏ သွားရည်များနှင့် လူတွင်ရှိသည့် အနာ၊ ဒဏ်ရာတို့ထိတွေ့မိခြင်း၊ ကိုက်မိကုတ်မိခြင်း စသည့်အကြောင်းများသည် ခွေးရူးပြန်ရောဂါ လူသို့ ကူးစက်ခြင်း၏ အကြောင်းရင်းများ၌ ပါဝင်သည်။ သို့ဖြစ်သည့်အလျောက် မိမိတို့၏  အိမ်မွေး ခွေး၊ ကြောင်တို့ကို ခွေးရူးပြန်ရောဂါ ကူးစက်မခံရစေရန်အတွက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်း၊ ပြင်ပ ခွေး၊ ကြောင်များနှင့် ထိတွေ့ မှုမရှိစေရန်   ကာကွယ်ခြင်း၊  ခွေး၊  ကြောင်များအား  အနီးကပ် ကိုင်တွယ်သူများကို  ခွေးရူးပြန်ရောဂါ   ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းတို့ဖြင့် ကာကွယ်ထားရန် လိုအပ်မည်ဖြစ်သည်။

ကယ်၍  ခွေးကိုက်ခံရပါက  ခွေးရူးပြန်ရောဂါ  ကြိုတင်ကာကွယ် နိုင်ရန်အတွက် ၂၄ နာရီအတွင်း အနီးဆုံးကျန်းမာရေးဌာနတစ်ခုခုတွင်  ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံကြရမည် ဖြစ်သည်။ ခွေးကိုက်ဒဏ်ရာကို ရေ၊  ဆပ်ပြာတို့ဖြင့်    အနည်းဆုံး  ၁၅  မိနစ်  ဆေးကြောခြင်း၊  အနာကို အရက်ပြန်၊  ဘီတာဒင်း  စသည့်ပိုးသန့်စင်ဆေးရည်ထည့်ခြင်း၊  ခေါင်း၊ လည်ပင်း၊ လက်ချောင်းထိပ်တို့ကို  အကိုက်ခံရပါက ပိုမိုဂရုစိုက်၍ ချက်ချင်း ကုသမှုခံယူခြင်း၊  ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို  အမြန်ဆုံးနှင့် အကြိ်မ်ပြည့်ထိုးနှံခြင်းတို့ကို ဆောင်ရွက်ရန် ပြည်သှူကျန်းမာရေးဦးစီးဌာနက လမ်းညွှန်ထားသည်။

ခွေးရူးပြန်ရောဂါကြောင့်      လူသေဆုံးမှုများ      လျှော့ချနိုင်ရန်မှာ ခွေးကိုက်ခံရမှုများ  လျှော့ချနိုင်ရမည်ဖြစ်သည်။  ခွေးကိုက်ခံရမှုအများစုမှာလည်း  ခွေးလေ၊  ခွေးလွင့်များကြောင့်ဖြစ်ရာ လေလွင့်ခွေးထိန်းချုပ် လျှော့ချရေးမှာလည်း မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ပင် ဖြစ်သည်။ နည်းလမ်းအနေဖြင့်မူ ပကတိအခြေအနေနှင့် လက်တွေ့အဖြစ် နိုင်ဆုံးနည်းလမ်းတို့ကိုသာ ရွေးချယ်ကျင့်သုံးခြင်း၊ ပေါင်းစပ်ကျင့်သုံးခြင်း စသည်ဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်ဟု ရှုမြင်မိသည်။ ချစ်၍မွေးသော ခွေး၊ ကြောင်တို့ကိုမူ ခွေးရူးရောဂါ ကူးစက်ပြန့်ပွားမှုမရှိအောင် စနစ်တကျ မွေးမြူထိန်းသိမ်းခြင်းဖြင့်  ခွေးရူးပြန်ရောဂါကြောင့်  လူအများအပြား အသက်ဆုံးရှုံးရမှုများမှ ကာကွယ်နိုင်ကြပါစေကြောင်း။  ။

မြန်မာ့အလင်း