၃ ဇွန်
မြန်မာနိုင်ငံမှာ ဧပြီလမကုန်ခင်လောက်က အပူချိန်တွေအလွန်မြင့်တက်လို့ ပူလွန်းတယ်ဆိုတဲ့အသံတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ မရှောင်နိုင်အောင် တွေ့ရမြင်ရ ကြားသိနေရပါတယ်။ ရန်ကုန်မြို့လို နေရာမျိုးမှာတောင် အပူချိန် စံချိန်သစ်တင်ခဲ့တာတွေလည်း တွေ့ရပါတယ်။ အဲဒီအခါ လူတွေ ကြောက်အားလန့်အား ရေးကြပြောကြတာက သစ်ပင်တွေစိုက်ပါ သစ်ပင်တွေစိုက်ပါဆိုတာမျိုး တွေ့ရသလို သစ်တောတွေကို အပြောင်ရှင်းသွားတဲ့လူတွေကို အပြစ်တင်တဲ့စာတွေ ရေးကြတာ တွေ့ရပါတယ်။
ကျွန်မတို့အနေနဲ့ သစ်တောသစ်ပင်လေးတွေကို အရင်ကထက်ပိုပြီး ထိန်းသိမ်းမယ်၊ စိုက်ပျိုးမယ်၊ ပြုစုမယ်ဆိုရင် နောက်ငါးနှစ် မကြာပါဘူး။ ရာသီဥတု တဖြည်းဖြည်းပြောင်းလဲ လာမှာပါ။ မြန်မာပြည်သူတွေအကုန်လုံး သစ်ပင် သစ်တော စိုက်ပျိုးမှုတွေကို ပြန်လည်လုပ်သင့် ပြီဆိုတာကို သတိပေးချင်ပါတယ်။
နာဂစ်ဖြစ်ပြီးတာ ဆယ်စုနှစ်ပြည့်ခဲ့ပေပြီ။ သစ်ပင်သစ်တောတွေ ပြုန်းတီးခဲ့လို့ သဘာဝရာသီဥတုရဲ့ဒဏ်ကို အတော်လေး အလူးအလဲ ခံလိုက်ရပါတယ်။ ပိုဆိုးတာက နာဂစ်ကြောင့် ရှိနေတဲ့အပင်တွေလည်း အတော်လေး လဲပြိုကျလို့ ခုတ်လှဲခံလိုက်ရပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့လယ်မှာ သစ်ပင်ကြီးကြီးမားမား ဆိုတာကို မမြင်ဖူးလောက်အောင် ဖြစ်သွားရပါတယ်။ နာဂစ်နဲ့အတူ အပင်ကြီးမှန်သမျှ လက်စတုန်းသွားခဲ့ပါတယ်။ အဲဒီသစ်ပင်ကြီးတွေနေရာ သစ်ပင်ငယ်တွေ ထပ်မံဖြစ်ပေါ်လာပါသလား။ စာရေးသူတော့ မတွေ့မိသေး။ ခေတ်မီမြို့ပြ အဆောက်အအုံတွေ ဆောက်လုပ်မှုနဲ့အတူ သစ်ပင်ကြီးငယ်ဟူသမျှ ခုတ်လှဲခံနေရပါတယ်။ သစ်ရိပ်ဝါးရိပ်ဆိုတာ မရှိတော့။ ဒီတော့ သဘာဝပတ်ဝန်းကျင်ရဲ့ ဖောက်လွှဲဖောက်ပြန်မှုကို မြို့နေလူထုတွေ ခံနေရပါတယ်။ ရန်ကုန်တစ်မြို့တည်း မဟုတ်။ မြန်မာတစ်နိုင်ငံလုံး ရာသီဥတု ပူပြင်းမှုဒဏ်ကို ခံစားနေရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှု
အိန္ဒိယနိုင်ငံကို စာရေးသူ ၂၀၁၈ ခုနှစ်တုန်းက ရောက်ခဲ့ဖူးပါတယ်။ လေထုညစ်ညမ်းမှု ဖြစ်နေလို့ ဘဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပြန်လည်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ နယူး ဒေလီမြို့လယ်ကောင်တစ်လျှောက် ကားနဲ့ သွားကြည့်မိပါတယ်။ မြို့လယ်နေရာတော်တော် များများမှာ သစ်ပင်ကြီးငယ်တွေ စိုက်ထားတာ တွေ့ရပါတယ်။ အထူးသဖြင့် ပန်းခြံလိုနေရာမျိုးမှာ သစ်ပင်ကြီးငယ် တော်တော်များများ စိမ်းစိုပြီး သစ်တောအုပ်လေးလို ဖြစ်နေပါတယ်။လက်ရှိ အနေအထားထက် ပိုပြီးအပူဒဏ်မခံစားရအောင်၊ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် လုပ်တဲ့အနေနဲ့ သစ်ပင်ခုတ်ခြင်းမျိုး မပြုလုပ်နိုင်အောင် ဥပဒေကို ပြင်းပြင်းထန်ထန် ချမှတ်ထားတယ်လို့ သိခွင့်ရခဲ့ပါတယ်။
တရုတ်နိုင်ငံမှ မြို့ ပြသစ်တော
တရုတ်နိုင်ငံကိုလည်း စာရေးသူ ၂၀၁၉ ခုနှစ်မှာ ရောက်ခဲ့ပြန်ပါတယ်။ ပေကျင်းမြို့တစ်ခွင်နဲ့ ယူနန်ပြည်နယ်ဘက်တွေကို လေ့လာလည် ပတ်ခွင့်ရခဲ့ပါတယ်။ တရုတ်တို့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုက လက်ဖျားခါလောက်ပါတယ်။ သစ်ပင်ကြီးတွေကို နေရာတိုင်းတွေ့ရပါတယ်။ လမ်းဘေးပလက်ဖောင်းတစ်လျှောက် သစ်ပင်တန်းလေးနဲ့ တကယ့်ကို သာယာလှပါတယ်။ တချို့သစ်တောစိုက်ခင်းများကို ကားနဲ့သွားရင်း မြင်ရပြန်တော့လည်း တောင်ကတုံးဆိုတာ မတွေ့ရဘဲ သစ်တောအုပ်စိမ်းစိမ်းစိုစိုနဲ့ တကယ့်ကို သစ်တောတွေက ရှင်သန်ကြီးထွားနေပါ တယ်။
သစ်ပင်သစ်တော ပေါများပါတယ်ဆိုတဲ့ မြန်မာနိုင်ငံကလာတဲ့သူတောင် သူတို့နိုင်ငံရဲ့ သစ်ပင်သစ်တောပေါက်ရောက်မှု၊ သစ်ပင်သစ်တောထိန်းသိမ်းမှုများကို လက်ဖျားခါအောင် ချီးကျူးမိပါတယ်။ မြို့လယ်ကောင်ကလမ်းတွေမှာတင် သစ်ပင်အုပ်ထူထူတွေက တောတန်းကြီးအလား စိမ်းစိုပြီး သာယာလှပ နေပါတယ်။ ပြောရင် ပိုလွန်းသည်ဟု ထင်မည်။ မထင်ပါနှင့်။ တရုတ်နိုင်ငံရှိ လမ်းဘေး ပလက်ဖောင်းတစ်လျှောက် တော်တော်များများမှာ သစ်ပင်ကြီးတွေနှင့် စိမ်းစိုလှပါတယ်။
အားကျအတုယူဖွယ်ဖြစ်
ခေတ်မီမြို့ ပြတည်ဆောက်မှုနဲ့အတူ သဘာဝပတ်ဝန်းကျင်ဆုံးရှုံးမှုများကို အတတ်နိုင်ဆုံး ကာကွယ်ဖို့ သူတို့အစိုးရနဲ့အတူ ပြည်သူများကပါ ပါဝင်ဆောင်ရွက်နေကြသည်က အားကျအတုယူ စရာကောင်းလှပါတယ်။ အပွင့်တွေပွင့်နေတဲ့ ပန်းပင်ကိုလည်း ခူးယူသူမရှိ။ ယုတ်စွအဆုံး လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ သဘာဝ ပေါက်ပင်ကိုတောင် ခူးယူသူမရှိ။ တချို့နိုင်ငံခြားသားတွေက မသိလို့ လမ်းဘေးကအပွင့်လှတဲ့ ပန်းပင်လေးတွေကို ခူးမိတယ်ဆိုရင်တောင် တာဝန်ရှိသူက လာပြီးတားပါတယ်။ ဒါတောင် လမ်းဘေးက တန်ဖိုးမရှိဘူးလို့ ထင်ရတဲ့ ပန်းကလေးတစ်ပွင့် ကိုတောင် တန်ဖိုးထားတာတွေ့ရတော့ သူတို့နိုင်ငံမှာ သစ်တောသစ်ပင်တွေနဲ့ စိမ်းစိုသာယာလှပလာတာ အထူးပြောဖွယ်ပင်မရှိ။ သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်ရေးလုပ်ငန်းများကို အထူးပြု ပြုလုပ်ပေးဖို့ လူထုကလိုလားသလို အစိုးရကလည်း ဒီကိစ္စကို နိုင်ငံတော်အဆင့် အစည်းအဝေးများတွင်ပင် အရေးတယူ ထည့်သွင်းပြောကြားကြတာကို တွေ့ရပါတယ်။
လမ်းဖောက်ဖို့လိုအပ်တဲ့နေရာမှာ တောငခံနေရင်တောင် အဲဒီတောင်ကိုမဖြိုဘဲနဲ့ တောင်အောက်ကနေ ဥမင်လိုလမ်းဖောက်ပြီး လမ်းကို ခင်းသွားပါတယ်။ တောင်က တောင်အလှကျန်နေပြီး တောင်ပေါ်မှာ ပေါက်ရောက်နေတဲ့ သစ်တောကလည်း သူ့ဘာသာရှိနေပါတယ်။ လမ်းတစ် လျှောက်မှာ အလှသစ်ပင်တွေဖြစ်တဲ့ နှင်းဆီလို အပင်တွေကို စိုက်ပျိုးပေးထားသလို အရိပ်ရ သစ်ပင်ကြီးများကလည်း မြင့်မြင့်မားမားနဲ့ ခုတ်လှဲတာ မတွေ့ရ။
လမ်းနဲ့မလွတ်ကင်းတဲ့ အပင်မျိုးဆို ရင်တောင် ဘယ်လိုလွတ်အောင်ခုတ်မလဲဆိုတာ တွေးပြီး သစ်ပင်ကို ခုတ်လှဲပစ်တာမျိုးမလုပ်ဘဲ လှပအောင် ပုံစံဖော်ပြီး လိုအပ်တာကိုပဲ ခုတ်ထစ်ပြီး ပုံဖော်ခုတ်ထွင်သွားတာမျိုး တွေ့ရပါတယ်။ လူစည်ကားရာ နေရာတိုင်းမှာလည်း ပန်းခြံလိုနေရာတွေ လုပ်ပေးထားပြီး သစ်ပင်ကြီးငယ်မျိုးစုံကို စိုက်ပျိုးပေးထားပါတယ်။ သစ်ပင်စိုက်လို့ရသည့် နေရာတိုင်း သစ်ပင်စိုက်ပျိုးပေးထားတာကို တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ သစ်ပင်ပြန်လည်စိုက်ပျိုးမှုများကြောင့် ကမ္ဘာမြေကြီး ပြန်လည်စိမ်းစိုလာပြီဟု ထုတ်ပြန်ချက်တွေ ထုတ်ပြန်လာတာကို တွေ့ရတာ ဖြစ်ပါတယ်။
စိမ်းလန်းလာသောမြို့တော
ဒီနေရာမှာ တရုတ်နိုင်ငံအတွင်းက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်အောင် ပြုလုပ်တဲ့ ဒေသ အတော်များများထဲက ကွမ်ရှီးဒေသရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ပြောပြချင်ပါတယ်။ ကွမ်ရှီး ဒေသဟာ တရုတ်နိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုထဲက တစ်ခုဖြစ်ပြီး ကွမ်ရှီးကျွမ့် လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ခုဆိုရင် ၂၀၁၉ ခုနှစ်ထဲမှာ ကွမ်ရှီးဒေသ တည်ထောင်ခြင်း နှစ် (၆၀) ပြည့်ခဲ့ပါပြီ။ ကွမ်ရှီးပြည်နယ်က တရုတ်ပြည်ရဲ့ တောင်ဘက်ပိုင်းမှာရှိတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဗီယက်နမ်နဲ့ ထိစပ်လျက်ရှိပြီး ယူနန်ပြည်နယ်ရဲ့ အနီးမှာရှိသလို မြန်မာနိုင်ငံက ကချင်ပြည်နယ်နဲ့လည်း လတ္တီတွဒ် လောင်ဂျီကျုတွေအရ တစ်တန်းထဲမှာရှိတယ်လို့ သိရပါတယ်။
ကွမ်ရှီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ဆယ်စုနှစ် လောက်ကတည်းက တိုးတက်ဖို့ ကြိုးစားရုန်းကန် ခဲ့ရတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားရင်း သဘာဝပတ်ဝန်းကျင်များ ညစ်ညမ်းမှု ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ခေါင်းဆောင်ကြီး တိန်းရှောင်ဖိန်လက်ထက်မှာ ခေါင်းဆောင်ကြီးက ကွမ်ရှီးကိုလာရင်း သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာကို တွေ့သွားပြီး လှပတဲ့ရေမြေတောတောင် တွေကို ပျက်စီးအောင် မလုပ်သင့်ဘူးလို့ ပြောသွားတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပြန်လည်ပြုလုပ်လိုက်တဲ့အခါ သဘာဝပတ်ဝန်းကျင် ပြန်လည်စိမ်းစိုလာပြီး သစ်ပင်သစ်တောတွေကို ပြန်လည်ထိန်းသိမ်း လာနိုင်ခဲ့သလို ဘက်စုံဖွံ့ ဖြိုးတိုးတက်တဲ့ စိမ်းလန်း မြို့တော်အဖြစ် လူသိများလာခဲ့ပါတယ်။ ကွမ်ရှီးရဲ့ မြို့တော် နန်နင်းမြို့ကလည်း နာမည်ကြီး မြို့တစ်မြို့ ဖြစ်လာပါတယ်။ နန်နင်းမြို့ဟာ သစ်တောသစ်ပင်များနဲ့ ဖုံးလွှမ်းနေပြီး မြို့လှပသာယာရေးနဲ့ စိမ်းလန်းစိုပြည်ရေးကို ဂရုစိုက်ခဲ့သလို ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ သစ်ပင်သစ်တော စိမ်းလန်း စိုပြည်မှုများကို ထိန်းသိမ်းမှုမှာ အထူးနာမည်ကြီး လာပါတယ်။
ကွမ်ရှီးမှာ နာမည်အကြီးဆုံးက ကွေ့လင်ဖြစ်ပြီး အဲဒီမှာရှိတဲ့ လင်ကျန်းမြစ်ဟာလည်း သာယာလှပလွန်းလှပါတယ်။ အရင်တုန်းကတော့ စက်မှုဇုန်တွေကြောင့် ပျက်စီးခဲ့ရတဲ့ သဘာဝပတ်ဝန်းကျင်က ပြန်လည်ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်တဲ့အခါမှာ ပြန်လည်စိမ်းစိုပြီး သာယာလှပမှုဖြစ်လာတာကို လူအများ အံ့ဩချီးကျူးလာကြပါတယ်။
အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း ကွေ့လင်ဒေသကို Tourist Attraction နေရာတစ်ခု ဖြစ်လာအောင်အထိ ဖန်တီးလာနိုင်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း နိုင်ငံခြားသားများစွာနဲ့ တရုတ်လူမျိုးများစွာ ကွေ့လင်ဒေသကို လာရောက်လည်ပတ်ကြပြီး လင်ကျန်းမြစ်တစ်လျှောက်က သဘာဝပတ်ဝန်းကျင်အလှကို လာရောက်ကြည့်ရှုကြပါတယ်။ ကွေ့လင်ဒေသဟာ ကွမ်ရှီးမှာ အလှဆုံးနေရာဖြစ်လာပြီး ကွေ့လင်မှာရှိတဲ့ ရှုခင်းတွေရဲ့ သာယာလှပမှုတွေဟာ ကမ္ဘာပေါ်မှာ သူနဲ့တူတဲ့ နေရာတစ်ခု မရှိနိုင်ပါဘူးလို့ ရောက်ဖူးတဲ့သူတွေက တင်စားပြီးပြောကြသည် အထိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ပြုလုပ်လာနိုင်ခဲ့တာ တွေ့ရပါတယ်။
ခရီးသွားဒေသအဖြစ်ပါ ဖော်ဆောင်
သူတို့အစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်စိမ်းစိုသာယာလှပအောင် လုပ်ရင်း ခရီးသွားဒေသတွေကို ဖော်ထုတ်ခဲ့သလို မြို့ပြတည်ဆောက်ရေးလုပ်ငန်းတွေကို လည်း တစ်ပြိုင်တည်း ပြုလုပ်ခဲ့တဲ့အတွက် ဆယ်စုနှစ်တာ ကာလအတွင်းမှာ နန်နင်းမြို့တစ်ဝိုက် ပတ်ဝန်းကျင်က တစ်ဟုန်ထိုး ပြောင်းလဲပြီး ဆက်တိုက်ဖွံ့ဖြိုးတိုးတက်လာပါတယ်။ ဘယ်လောက်အထိ တိုးတက်မှုဖြစ်လာသလဲဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဘတ်စ်ကားတွေလောက်ပဲ ရှိရာကနေ အခုအခါ မြေအောက်ရထားလမ်း နှစ်ခုအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သာယာရေး၊ လေထုညစ်ညမ်းမှု ထိန်းသိမ်းရေးတွေကို ဦးစားပေးပြုလုပ်ခဲ့သလို သစ်ပင်များ စိုက်ပျိုးခြင်း၊ မြက်ပင်များစိုက်ပျိုးခြင်းများ အပြင် သန့်ရှင်းရေးလုပ်ငန်းများအဖြစ် စက်နဲ့လေမှုတ် မိုးရွာချသလို မိုးပွားလေးတွေလုပ်ပြီး လေထဲမှာရှိတဲ့ဖုန်မှုန့်တွေကို ထိန်းတဲ့အနေနဲ့ ကားကြီးတွေနဲ့လှည့်ပတ်ပြီး သန့်ရှင်းရေးလုပ် နေတာကြောင့် နန်နင်းမြို့လေထုက သန့်ရှင်းလွန်းတယ်လို့ ဆိုကြပါတယ်။
နန်နင်းမြို့မှာ မြန်မာစာသင်ပေးနေသူ မြန်မာဆရာမတစ်ဦးဖြစ်သူ ဒေါ်ဝတီသွင် ကတော့ “ပေကျင်းမြို့နဲ့ နန်နင်းမြို့ ဘယ်နေရာမှာ နေရတာကြိုက်သလဲလို့ သူ့ကိုမေးရင် ပေကျင်းကတော့ ရှေးဟောင်းမြို့တော်ကြီး ဖြစ်တယ်။ တိုးတက်တဲ့မြို့တော်ကြီးဖြစ်တယ်။ ရှေးဟောင်းနေရာဒေသတွေလည်း သွားလည်ရတာ ကြိုက်ပါတယ်။ ဒါပေမယ့် ကျွန်မအကြိုက် ဆုံးနေရာကတော့ နန်နင်းပါပဲ။ နန်နင်းကို ဘာကြောင့်ကြိုက်သလဲဆိုရင် နန်နင်းက သဘာဝသစ်တောနဲ့တူတယ်။ သန့်ရှင်းတဲ့လေ ကို ရှူရတယ်။ ပတ်ဝန်းကျင်ကလည်း စိမ်းလန်း စိုပြည်တယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မက နန်နင်းကို အကြိုက်ဆုံးပါပဲ” လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့တာ တွေ့ရပါတယ်။
အခုကစ စိုက်ကြမလား...
စာရေးသူတို့ မြန်မာနိုင်ငံဟာလည်း အကြောင်းအမျိုးမျိုးကြောင့် သစ်တောသစ်ပင် ပျက်စီးဆုံးရှုံးမှုများစွာ နေရာတိုင်းမှာရှိခဲ့ပါတယ်။ မည်သို့ပင်ဆုံးရှုံးခဲ့ပါစေ။ အခုအချိန်ကစပြီး သစ်တောသစ်ပင် ထိန်းသိမ်းရေးလုပ်ငန်းတွေ ကို ဆောင်ရွက်မယ်ဆိုရင် နောင်ငါးနှစ်လောက် ဆိုရင် သဘာဝပတ်ဝန်းကျင်ရဲ့ ဆိုးရွားစွာ ဖောက်လွှဲမှုဒဏ်ကို အတော်အသင့်ကာကွယ် ခုခံတားဆီးနိုင်တဲ့ အဆင့်လောက်ထိတော့ ပြန်လည်ကုစားနိုင်မယ်လို့ စာရေးသူတွေးမိပါတယ်။ အခုကစ သစ်ပင်စိုက်ကြမလား... ဒါမှ မဟုတ် အပူဒဏ်ကိုပဲ ဆက်ခံကြမလား။ စာရေးသူကတော့ သစ်ပင်စိုက်မယ့်ဘက်မှာ ရပ်တည်မယ်လို့ ဆုံးဖြတ်ပါတယ်။ လုပ်နိုင်သူများ လုပ်ပါ။ အားပေးဖို့ အသင့်ရှိပါတယ်။
ဒီနေရာမှာ စာရေးသူတစ်ခု ဆက်ပြီး တွေးမိပါတယ်။ သစ်ပင်စိုက်ဖို့လုပ်တဲ့သူက လုပ်ပေမယ့် ခုတ်တဲ့သူကလည်း မညှာမတာ ခုတ်နေ လို့တော့မရ။ သစ်တစ်ပင်ခုတ် ထောင်သုံးနှစ် ဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိနေပေမယ့် သစ်ပင်ငုတ်တိုတွေ တောင်ကတုံးတွေကိုပဲ မြင်နေရတာကတော့ အကျည်းတန်ရုပ်ဆိုးလှပါတယ်။ အခုကစပြီး သစ်တောသစ်ပင်ထိန်းသိမ်းမှုတွေကို ပြန်လည်ပြုလုပ်မယ်ဆိုရင် အချိန်မီသေးတယ်လို ပညာရှင်များက ပြောကြပါတယ်။
ဒါ့ကြောင့် သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးထိန်းသိမ်းရင်း အမိမြန်မာပြည်ကို ပြန်လည်စိမ်းလန်းလာအောင် အခုကစ ပြုလုပ် ကြပါစို့။ ။
စုသက်မှူး (မရမ်းကုန်း)