၄  ဇွန်

 

အာရပ်စော်ဘွားများ ပြည်ထောင်စုလေတပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးအကြီးအကဲဖြစ်ခဲ့ဖူးတဲ့ မင်းသား မိုဟာမက် ဘင်ဇေယက်ဟာ အသက် ၂၉ နှစ် အရွယ်တုန်းက လက်နက်တွေဝယ်ယူဖို့အတွက် ဝါရှင်တန်ကို ရောက်လာခဲ့ဖူးပါတယ်။ ၁၉၉၁ခုနှစ်တုန်းက ကူဝိတ်ကို အီရတ်ကျူးကျော်မှု ပြုလုပ်ခဲ့ပြီးနောက်မှာ ငယ်ရွယ်တဲ့မင်းသား ဘင်ဇေယက်ဟာ ရေနံကြွယ်ဝတဲ့ ၎င်းရဲ့ သက်ဦးဆံပိုင်ဘုရင့်နိုင်ငံကို ကာကွယ်ဖို့အတွက်ဆိုပြီး ဟဲလ်ဖိုင်းယား ဒုံးကျည်တွေကနေ၊ အပါချီ ရဟတ်ယာဉ်တွေအပါအဝင် အက်ဖ် ၁၆ ဂျက်လေယာဉ်တွေအထိ အကြီးစား စစ်လက်နက်ပစ္စည်းတွေ အများအပြားကို အကြီးအကျယ်ဝယ်ယူချင်နေခဲ့ပြီး အဲဒီအတွက်ကြောင့် ကွန်ဂရက်လွှတ်တော်က မင်းသားဘင်ဇေယက်ကို ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးပစ်လိုက်နိုင်သူ တစ်ယောက်အဖြစ် စိုးရိမ်မကင်းဖြစ်ခဲ့ပါတယ်။

 

အလားအလာကောင်းရှိတဲ့သူ

 

ဒီလိုရှိပေမယ့်လည်း ပင်လယ်ကွေ့ဒေသအတွင်းမှာ မဟာမိတ်တွေနဲ့ လိုက်လျောညီထွေရှိတဲ့ ဆက်ဆံရေး တစ်ရပ်ကို ပျိုးထောင်ဖို့ ကြိုးစားနေတဲ့ ပင်တဂွန်ကတော့ မင်းသား မိုဟာမက် ဘင်ဇေယက်ကို အလားအလာကောင်းရှိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေနဲ့ သတ်မှတ်ထားပြီ ဖြစ်ပါတယ်။ မင်းသားဘင်ဇေယက်ဟာ စိတ်ဓာတ်ပြင်းထန်တဲ့သူဖြစ်ပြီး ၁၉၉၁ ခုနှစ်က ဖြစ်ပွားတဲ့ အီရတ်စစ်ပွဲအတွင်းမှာ အကူအညီပေးဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာတိုက်ဆီ အမေရိကန်ဒေါ်လာ လေးဘီလီယံ လွှဲပြောင်းပေးဖို့ ဖခင်ကို စည်းရုံးခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ ဗြိတိန်မှာ လေ့ကျင့်ခဲ့တဲ့ ရဟတ်ယာဉ် ပိုင်းလော့လည်း ဖြစ်ပါတယ်။

 

ခြိမ်းခြောက်လာဖို့မရှိ

 

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရစ်ချတ်အေကလာကီက ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းသားဟာ ဘယ်တော့မှ ရန်လိုကျူးကျော်တဲ့သူ တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ ဥပဒေ ပြုလွှတ်တော်အမတ်တွေကို နှစ်သိမ့်စကား ဆိုခဲ့ပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စုဟာ အခုရော နောင်အနာဂတ်မှာပါ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လာစရာအကြောင်း မရှိဘူး။ ဒီလိုဖြစ်လာမယ်လို့ စိတ်ကူးယဉ်ကြည့်ဖို့တောင် ခက်ခဲတယ်။ တကယ်တမ်းမှာ ယူအေအီးဟာ ငြိမ်းချမ်းရေးရဲ့ အင်အားတစ်ရပ်ပဲလို့ မစ္စတာ ကလာကီက ကွန်ဂရက်လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

 

နှစ်ပေါင်း ၃၀ ကြာမြင့်ပြီးတဲ့နောက် အခုအချိန်မှာ အသက် ၅၈ နှစ်ရှိနေပြီဖြစ်တဲ့အပြင် အဘူဒါဘီရဲ့ အိမ်ရှေ့ မင်းသားဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ သက်ဦးဆံပိုင်အုပ်ချုပ်သူတစ်ဦးဖြစ်တဲ့ မင်းသား မိုဟာမက် ဘင်ဇေယက်ဟာဆိုရင် အာရပ်ကမ္ဘာမှာ ဩဇာအာဏာအကြီးဆုံး ခေါင်းဆောင်တစ်ဦးလို့ ဆိုရလောက်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ မင်းသားဟာ အမေရိကန်ပြည်ထောင်စုကို ဒေသတွင်းမှာ ၎င်းရဲ့ စစ်မက်လိုလားတဲ့ ချဉ်းကပ်မှုပုံစံမျိုးကို ကျင့်သုံးဖို့ တိုက်တွန်းနေတဲ့ ပြည်ပကဩဇာလွှမ်းမိုးမှု အရှိဆုံးသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

 

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးလား

 

မင်းသား ဘင်ဇေယက်ဟာဆိုရင် အမေရိကန်ပြည်သူတွေ သိပ်မသိကြတဲ့ပုဂ္ဂိုလ်တစ်ဦးလို့ ဆိုနိုင်ပြီး ၎င်းရဲ့သေးငယ်တဲ့ တိုင်းပြည်အတွင်းမှာ နိုင်ငံသားအရေအတွက်ဟာ Rhode Island ကထက်တောင် နည်းပါးပါတယ်။ ဒါပေမယ့် ၎င်းဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မင်းသားဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ တန်ဖိုးရှိတဲ့ အချုပ်အခြာအာဏာပိုင် ဥစ္စာဓနရန်ပုံငွေကို ထိန်းချုပ်ထားပြီး ဒီပမာဏဟာ တခြားနိုင်ငံတွေထက် ပိုပါတယ်။

ဝါရှင်တန်မှာ ၎င်းရဲ့လွှမ်းမိုးမှုဟာဆိုရင်လည်း သမိုင်းတွင်လောက်အောင် ပြောစမှတ်တွင်နေပြီး ၎င်းရဲ့စစ်တပ်ဟာ အာရပ်ကမ္ဘာမှာ ဩဇာအာဏာအရှိဆုံးဖြစ်သလို နယ်စပ်ကို ကျော်လွန်ပြီးတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့နဲ့ နည်းပညာမြင့် အနီးကပ်စုံစမ်းထောက်လှမ်းမှုတွေ လုပ်ဆောင်ဖို့အတွက် အမေရိကန်နဲ့ အတူလက်တွဲလုပ်ဆောင်မှုတွေနဲ့ မွမ်းမံ ထားပါတယ်။

 

ကိုယ့်လမ်းကိုယ်ဖောက်တဲ့သူ

 

မင်းသား မိုဟာမက် ဘင်ဇေယက်ဟာ ဆယ်စုနှစ်တွေများစွာ ကြာတဲ့အထိ အမေရိကန်ရဲ့ အဓိကမဟာမိတ်အဖြစ် တည်ရှိလာခဲ့သလို အမေရိကန်ရဲ့ ဦးဆောင်မှုနောက်ကနေလိုက်ပါ လာတဲ့သူဖြစ်ပေမယ့် အခုချိန်မှာတော့ ၎င်းဟာ ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်ပြီးသွားနေပါပြီ။ ၎င်းရဲ့အထူးတပ်ဖွဲ့တွေဟာ ယီမင်၊ လစ်ဗျား၊ ဆိုမာလီယာနဲ့ အီဂျစ်နိုင်ငံမြောက်ပိ်ုင်း ဆိုင်းနိုင်းတွေမှာ လှုပ်ရှားနေပါတယ်။ အရှေ့အလယ်ပိုင်းဒေသရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးတွေမှာလည်း ၎င်းကရှုပ်ထွေးအောင် လုပ်ဆောင်ခဲ့သလို အီဂျစ်နိုင်ငံအတွင်းမှာ စိတ်ချယုံကြည်ရတဲ့ သက်ဦးဆံပိုင် အုပ်ချုပ်မှုစနစ်ကိုလည်း အသက်ဝင်လာအောင် အထောက်အကူပြုခဲ့ပါတယ်။

 

တည်ငြိမ်မှုပျက်ပြားအောင်လုပ်ဆောင်

 

ဒီလိုအချိန်မျိုးမှာပဲ မင်းသားဟာ အမေရိကန်ရဲ့မူဝါဒနဲ့ ဆန့်ကျင်လာခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်လာသူအဖြစ် နာမည်ထွက်လာခဲ့ပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက မင်းသား ဘင်ဇေယက်ဟာ ယီမင်ပြည်တွင်းစစ်အတွင်းမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်ကျပ်အတည်း ဖြစ်စေခဲ့တဲ့ ၎င်းရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ၎င်းနဲ့သဘော ထားကွဲလွဲတဲ့သူတွေကို ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်ခဲ့တာတွေကြောင့် ဝေဖန်လျက်ရှိနေပါတယ်။ ပြီးတော့ ဆော်ဒီအစိုးရ အပေါ်ဝေဖန်ရေးသားမှုတွေလုပ်တဲ့ ဆော်ဒီသတင်းထောက် ဂျမားလ်ခါရှော့ဂီကို ဆော်ဒီမင်းသားရဲ့ အေးဂျင့်တွေက သတ်ပစ်လိုက်မှုမှာလည်း ကူညီအားပေးခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေ ပေါ်ထွက်နေခဲ့ပါတယ်။

 

အရင်ကထက် လွှမ်းမိုးလာ

 

အခုချိန်အထိကတော့ အမေရိကန်သမ္မတထရမ့်အစိုးရ အဖွဲ့ရဲ့အုပ်ချုပ်မှုအောက်မှာ မင်းသားဘင်ဇေယက်ရဲ့ ဝါရှင်တန် အပေါ်လွှမ်းမိုးမှုဟာ အရင်တုန်းကထက်တောင် အရှိန်အဝါကြီး မားလာပုံပါပဲ။ ၎င်းဟာ သမ္မတထရမ့်နဲ့လည်း အပြန်အလှန် ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေပြီး သမ္မတထရမ့်ကလည်း ကာတာ၊ လစ်ဗျားနဲ့ ဆော်ဒီအာရေဗျအရေးကိစ္စတွေနဲ့ ပတ်သက် လာရင် အစိုးရအဖွဲ့အကြီးအကဲတွေနဲ့ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲတွေရဲ့ အကြံဉာဏ်ကို ကျော်လွန်ပြီး တော့တောင် မင်းသားဘင်ဇေယက်ရဲ့ ရှုမြင်ပုံအတိုင်းပဲ အကြိမ် ကြိမ်လက်ခံကျင့်သုံးခဲ့ပါတယ်။

 

လက်နက်ရောင်းချဖို့ကြိုးစား

 

မင်းသားမိုဟာမက် ဘင်ဇေယက်ကို Mဇြ လို့ သိထား ကြတဲ့ အနောက်နိုင်ငံ သံအမတ်ကြီးတွေက မင်းသားမှာ စွဲအလမ်းကြီးတဲ့ ရန်သူတော်နှစ်မျိုးရှိတယ်။ အဲဒါကတော့ အီရန်နဲ့ မွတ်စလင်ညီအစ်ကိုများ အဖွဲ့ပဲလို့ ဆိုကြပါတယ်။ သမ္မတထရမ့်ကတော့ ဒီအချက်နှစ်ခုစလုံးကို အကြီးအကျယ် ကန့်ကွက်ငြင်းဆန်ဖို့ ကြိုးစားနေပြီး ပြီးခဲ့တဲ့ရက်သတ္တပတ် မှာတုန်းက ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုကို လက်နက်တွေ ဆက်လက်ရောင်းချသွားရေး ကွန်ဂရက်လွှတ်တော်ရဲ့ ကန့်ကွက်မှုကို ကျော်လွန်ပြီး လုပ်ဆောင်နိုင်ဖို့ ရှေ့ဆက်တိုးခဲ့ပါတယ်။

 

ဖမ်းဆီးစစ်ဆေး

 

ဒီနေ့အချိန်မှာ မင်းသား မိုဟာမက်ဘင်ဇေယက် အတွက် အလုပ်လုပ်ပေးနေတဲ့သူ ငါးဦးထက်မနည်းကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေအတွက် ဖမ်းဆီးထားပြီဖြစ်ပါတယ်။ ဆယ်စုနှစ်သုံးခုကြာအောင် အမေရိကန်ပြည်ထောင်စုကို ပုံမှန်လည်ပတ်လေ့ရှိတဲ့ မင်းသားဟာ အခုဆိုရင် အမေရိကန်နဲ့ခပ်ခွာခွာနေခဲ့တာ နှစ်နှစ်ကြာပြီဖြစ်ပြီး အစိုးရရှေ့နေတွေက ၎င်းနဲ့ ၎င်းရဲ့လက်ထောက်တွေကို မေးခွန်းတွေမေးမြန်းမှာစိုးတဲ့အတွက် အခုလိုခပ်ခွာခွာဖြစ်နေရတာလို့ မင်းသားနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။ ဝါရှင်တန်မှာရှိနေတဲ့ ယူအေအီးသံရုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ။

 

ကလျာမိုးမြင့်

 

ကိုးကား- နယူးယောက်တိုင်းမ်