၄ ဇွန်
ကမ္ဘာဦးကတည်းကပင် လူသားများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်တို့သည် အပြန်အလှန်အကျိုးပြုပြီး ရှင်သန်ဖြစ်တည်လာခဲ့ကြပါသည်။ ဂေဟစနစ်များ၏ ဖြစ်တည်မှုသည် လူသားများနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ် အရေးပါလှသလို လူသားများက ဂေဟစနစ်များအား ထိန်းသိမ်း စောင့်ရှောက်မှုသည်လည်း ဂေဟစနစ်များ ကောင်းမွန်စွာ ရှင်သန်ဖြစ်တည်ရေးအတွက် လွန်စွာအရေးပါလှပါသည်။ အဆိုပါဖြစ်တည်မှုသည် သဘာဝ၏ အလှတရားတစ်ခုပင်ဖြစ်ပါသည်။
သဘာဝဂေဟစနစ်၏ ဖြစ်တည်မှုအပေါ် ထိခိုက်မှုများကို ပြန်လည်လေ့လာကြည့်မည်ဆိုပါက ခေတ်အဆက်ဆက်၌ လူသားများ၏ ဆောင်ရွက်ချက်တိုင်းတွင်လေထု၊ ရေထု၊ မြေထုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပါဝင်သည့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေနိုင်မှုအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ခဲ့မှု နည်းပါးခဲ့ခြင်းသည် အဓိကကျသည့်အချက်ဖြစ်ကြောင်းကို လေ့လာတွေ့ရှိနိုင်ပါသည်။ ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်သည့် လူသားတို့၏ သိသာထင်ရှားသော လုပ်ဆောင်ချက်များသည် စက်မှုကုန်ထုတ်လုပ်မှုစနစ်သို့ ကူးပြောင်းခဲ့သည့် ၁၈ ရာစုနှင့်၁၉ ရာစုကာလများတွင် စတင်ခဲ့ပါသည်။ အဆိုပါ ပြောင်းလဲမှု၏ အခြားတစ်ဖက်တွင် လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်နေသည့် အကျိုးဆက်အဖြစ် ရုပ်ကြွင်းလောင်စာများအသုံးပြုမှု များပြားလာခြင်းနှင့်အတူ ကမ္ဘာ့လေထုကို ညစ်ညမ်းစေမှုများ စတင်ဖြစ်ပေါ်လာခဲ့ပါသည်။ ယင်းသည် ကမ္ဘာကြီး၌ လေထုညစ်ညမ်းမှုဆိုသည့် ရောဂါဆိုးကြီး ကြုံတွေ့ခံစားရမှုကို ဦးတည်နေသော လူသားတို့၏ သိသာထင်ရှားသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ယူဆကြည့်နိုင်ပါသည်။ ထို့အပြင်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားများ၏ အသက်ရှင်နေထိုင်နိုင်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို သီးခြားစီဆောင်ရွက်ခဲ့ကြသည်ဆိုသည့် အချက်ကိုလည်း လေ့လာတွေ့ရှိနိုင်ပါသည်။
အဆိုပါကာလများ၏ နောက်ပိုင်းတွင် ကမ္ဘာပေါ်၌ လူဦးရေများပြားလာမှုနှင့်အတူ နိုင်ငံအသီးသီးအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူသားများ၏ အပြန်အလှန် အကျိုးပြုမှုများကို သတိမပြုမိဘဲ လူသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးကိုသာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်လာခဲ့ကြပါသည်။ အဆိုပါလုပ်ဆောင်ချက်များသည် ကမ္ဘာကြီး၏ ကျန်းမာရေးကို ပိုမိုထိခိုက်လာစေသည့် အကြောင်းရင်းများပင် ဖြစ်ပါသည်။ နောက်ဆုံးတွင် လူသားများအနေဖြင့် မိမိတို့သည်သဘာဝဂေဟစနစ်နှင့် ပတ်ဝန်းကျင်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဆိုသည့် အချက်ကိုပင် မေ့လျော့လာပြီး မိမိတို့အပေါ် ပြန်လည်ထိခိုက်မှုများ ဖြစ်လာနိုင်သည်ကို ထည့်သွင်းမစဉ်းစားနိုင်တော့သည့် အခြေအနေအထိရောက်ရှိလာခဲ့ပါသည်။
ကမ္ဘာပေါ်ရှိ လူသားများအပေါ် ခရမ်းလွန်ရောင်ခြည် ဘီ ကျရောက်မှုကို ကာကွယ်ပေးနေသည့် ကမ္ဘာ့လေထုအတွင်းရှိ သဘာဝအိုဇုန်းလွှာပျက်စီးနေမှုကို၁၉၇၄ ခုနှစ်တွင် စတင်လေ့လာတွေ့ရှိခဲ့ပါသည်။ လက်ရှိအချိန်တွင်လည်း ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှု၊ အပူချိန်များ မြင့်တက်လာမှု၊ သဘာဝဘေးအ္တရာယ်များ ပိုမိုဖြစ်ပေါ်လာမှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုနှင့် မိုးခေါင်ရေရှားမှုစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လျက်ရှိပါသည်။ အဆိုပါဖြစ်စဉ်များသည် ကမ္ဘာကြီးအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာရောဂါများ စတင်ခံစားနေရပြီဖြစ်ကြောင်း ရောဂါလက္ခဏာများ ပြသလိုက်ခြင်းဖြစ်သလို ပြန်လည်ကုစားရန် လိုအပ်နေပြီဆိုသည့် သတိပေးမှုတစ်ခုလည်း ဖြစ်ခဲ့ပါသည်။
လေထုညစ်ညမ်းမှုအပါအဝင် ကမ္ဘာကြီး၏ ပတ်ဝန်းကျင်ဆိုင်ရာရောဂါများ ခံစားနေရမှုကို ပြန်လည်ကုစားနိုင်ရေးအတွက် ကမ္ဘာပေါ်ရှိ နိုင်ငံများ၊ လူသားများအနေဖြင့် သိမြင်နိုးကြားမှုများရှိလာခဲ့ပြီး ကြိုးပမ်းဆောင်ရွက်မှုများကို ပြန်လည်လေ့လာကြည့်နိုင်ပါသည်။ ကနဦးခြေလှမ်းအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကမ္ဘာပေါ်ရှိ လူသားအားလုံး တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လာစေရေး မျှော်မှန်းဆောင်ရွက်မှုအဖြစ် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့၌ ကုလသမဂ္ဂကကြီးမှူး၍ ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံကြီး (United Nations Conference on Human Environment) ကိုကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါညီလာခံကြီးသည် ကမ္ဘာပေါ်တွင် ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းပါဝင်ပြီး ဖြေရှင်း ဆောင်ရွက်နိုင်ရန် ပထမဆုံးအကြိမ် စုဝေးကျင်းပခဲ့သော သမိုင်းတွင်သည့် ညီလာခံတစ်ခုဖြစ်ခဲ့ပြီး ယင်းညီလာခံကြီး စတင်ကျင်းပသည့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။
ဒုတိယခြေလှမ်းအနေဖြင့် အဆိုပါလူသားပတ်ဝန်းကျင်ညီလာခံကြီး ကျင်းပပြီးနောက်ပိုင်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်မှုအဖြစ် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ၁၉၇၂ ခုနှစ်တွင် ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်(Unit-ed Nations Environment Programmme- UNEP) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ တတိယခြေလှမ်းအနေဖြင့် သဘာဝအိုဇုန်းလွှာ ပျက်စီးနေမှုကို တားဆီးကာကွယ်သွားနိုင်ရေးအတွက် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် UNEP တို့၏ ဦးဆောင်ကြိုးပမ်း ဆောင်ရွက်ခဲ့မှုအရ ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (The Vienna Convention for the Protection of the Ozone Layer) ကို ချမှတ်နိုင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင်အိုဇုန်းလွှာကို ပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်(The Montreal Protocol on Substances that Deplete the Ozone Layer) ကို ထပ်မံချုပ်ဆိုနိုင်ခဲ့ပါသည်။ ဆက်လက်၍ လန်ဒန်ပြင်ဆင်ချက်(London Amend-ment) ကို ၁၉၉၀ ပြည့်နှစ်တွင်လည်းကောင်း၊ ကိုပင်ဟေဂင် ပြင်ဆင်ချက်(Copenhagen Amendment)ကို ၁၉၉၂ ခုနှစ်တွင်လည်းကောင်း၊ မွန်ထရီယယ်ပြင်ဆင်ချက် (Montreal Protocol) ကို ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ ပေကျင်းပြင်ဆင်ချက်(Beijing Amendment) ကို ၁၉၉၉ ခုနှစ်တွင်လည်းကောင်း အသီးသီးချမှတ်နိုင်ခဲ့ပြီး သဘာဝအိုဇုန်းလွှာ ပျက်စီးနေမှုကို တားဆီးကာကွယ်သွားနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများ အနေဖြင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။
စတုတ္ထခြေလှမ်းအနေဖြင့် ကမ္ဘာပေါ်တွင် ဖြစ်ပေါ် လျက်ရှိသည့် လေထုညစ်ညမ်းမှုအပါအဝင် ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ (Greenhouse Gases - GHGs)ကမ္ဘာ့လေထုအတွင်း ပါဝင်နေမှုကို ထိန်းချုပ်နိုင်ရေးအတွက်၁၉၉၂ ခုနှစ်တွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (United Nations Frame-work Convention on Climate Change– UNFCCC) ကို ဖွဲ့စည်းပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအတွက် စတင်အလေးထားဆောင်ရွက်ခဲ့ကြပါသည်။ပဉ္စမခြေလှမ်းအနေဖြင့် ၂၀ဝ၀ ပြည့်နှစ် စက်တင် ဘာလတွင် နယူးယောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့်ကုလသမဂ္ဂထောင်စုနှစ် ထိပ်သီးညီလာခံ(United Nations Millennium Summit) တွင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ၏သဘောတူညီချက်ဖြင့် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်(Millennium Development Goals- MDGs) ရှစ်ချက်ကို အတည်ပြုချမှတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ရည်မှန်းချက်များအနက် ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေး ဆောင်ရွက်ရန်နှင့်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ကမ္ဘာ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် စသည့်ရည်မှန်းချက်များသည် ကမ္ဘာပေါ်ရှိ လူသားများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရန် အလေးအနက်ထား ဆောင်ရွက်ခဲ့မှုများ၏ ကနဦး ပန်းတိုင်များအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
ဆဋ္ဌမခြေလှမ်းအနေဖြင့် ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်(Millennium Development Goals- MDGs) ရှစ်ချက်ကို ပြန်လည်သုံးသပ်ပြီး ရာသီဥတုပြောင်းလဲလာမှုနှင့် လိုက်လျောညီထွေရှိသော ရည်မှန်းချက်များအဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်(Sustainable Development Goals-SDGs)၁၇ ချက်ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ၌ ကျင်းပခဲ့သည်။
ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုညီလာခံတွင်အတည်ပြုသတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဆက်လက်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရာသီဥတုပြောင်းလဲမှုလျှော့ချ ရေးအတွက် ကမ္ဘာ့နိုင်ငံများပူးပေါင်းပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ဖြစ်သည့် ပဲရစ်သဘောတူညီချက်(Paris Agreement)ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသည့်ရာ သီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ (၂၁) ကြိမ်မြောက်ညီလာခံ၌ အတည်ပြုချမှတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုသို့ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို အလေးထား ဖြေရှင်းဆောင်ရွက်လာခဲ့ရာမှ ယခုနှစ်မှစ၍ ကမ္ဘာကြီး ခံစားနေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ရောဂါများအနက် လေထုညစ်ညမ်းမှုဆိုသည့် ရောဂါကြီးကို ကမ္ဘာပေါ်ရှိ လူသားတိုင်း အနေဖြင့် ဦးစားပေး ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်နေပြီဖြစ်ကြောင်းကို ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ် “လေထုညစ်ညမ်းမှုတိုက်ဖျက်စို့ (Beat Air Pollution)” မှတစ်ဆင့် သတိပေးနှိုးဆော်နေပြီဖြစ်ပါသည်။
လေထုညစ်ညမ်းမှုကြောင့် လူသားများ၏ ကျန်းမာရေးအပေါ် အမှန်တကယ်ထိခိုက်မှုများ ဖြစ်ပေါ်နေပြီဆိုသည့် ခိုင်မာသော သက်သေသာဓကများစွာရှိနေပြီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ လေထုညစ်ညမ်းမှုကြောင့် လူသားများ၏ ကျန်းမာရေးအပေါ် ထိခိုက်မှုများ နှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာဆန်းစစ်မှုများအရ လေထုညစ်ညမ်းမှုသည် ကမ္ဘာပေါ်ရှိ နေရာဒေသများစွာတွင် ဖြစ်ပေါ်လျက်ရှိပြီး အန္တရာယ်ရှိသည့်အဆင့်သို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ လူ ၁၀ ဦးတွင် ကိုးဦးသည် ညစ်ညမ်းသည့်လေကို ရှူရှိုက်နေရသည့် အခြေအနေတွင် ရှိနေကြကြောင်း၊ ညစ်ညမ်းသည့်လေကို ရှူရှိုက်နေရမှုကြောင့် ခန့်မှန်းအားဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ခုနစ်သန်းခန့် သေဆုံးလျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူဦးရေ ၄ ဒသမ ၃ သန်း ရှိခဲ့ပြီး အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် သေဆုံးသူဦးရေ ၃ ဒသမ ၇ သန်း ရှိခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း လေ့လာထားမှုများအရ ဝင်ငွေနည်းပါးသည့် နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိနိုင်ငံများ (Low and Middle Income Countries) ရှိ မြို့ကြီးများ၏ ၉၇ ရာခိုင်နှုန်းနှင့် ဝင်ငွေမြင့်မားသည့်နိုင်ငံများ (High Income Countries) ရှိ မြို့ကြီးများ၏ ၄၉ ရာခိုင်နှုန်းတို့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထုတ်ပြန် ထားသည့်လေထုအရည်အသွေး စံချိန်စံညွှန်းများကို ပြည့်မီမှုမရှိကြကြောင်း၊ ကမ္ဘာပေါ်ရှိ လေထုညစ်ညမ်းသည့် နေရာဒေသများတွင် နေထိုင်ကြသူများသည် အဆုတ်ကင်ဆာ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ စသည့်ရောဂါများကို ပိုမိုခံစားနေရကြောင်း လေ့လာသိရှိရပါသည်။
အဆိုပါလေ့လာဆန်းစစ်ထားသည့် ကိန်းဂဏန်း အချက်အလက်များကိုဂရုပြု၍ ပြန်လည်လေ့လာကြည့်မည်ဆိုလျှင် လေထုညစ်ညမ်းမှု လျော့နည်းစေရေးအတွက် တုံ့ပြန်ဆောင်ရွက်မှုများ မရှိပါက လေထုညစ်ညမ်းမှုကြောင့် ထိခိုက်ခံစားရမှုများကို ပြန်လည်ကုစားရသည့် ကုန်ကျစရိတ်များသည်လည်း ပို၍မြင့်မားလာခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် ထိခိုက်မှုများရှိလာမည်ဖြစ်ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ သို့ဖြစ်ရာ လူသားတိုင်းအနေဖြင့် ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် ထည့်သွင်းစဉ်းစားရမည်ဖြစ်သကဲ့သို့ မိမိတို့ ရှင်သန်နေထိုင်လျက်ရှိသည့် သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာကြီး၏ကျန်းမာရေးကို အလေးထားဆောင်ရွက်ကြရန်လည်း လိုအပ်လှပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်းသည် လူသားတိုင်း၏ ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ရေးကို ထိခိုက်စေပြီး မိမိတို့ အနာဂတ်မျိုးဆက်များ၏အကျိုးကို လျစ်လျူရှုမှု ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာကြီး၏ ကျန်းမာရေး၊ လက်ရှိလူသားမျိုးဆက်များ၏ အကျိုး၊ အနာဂတ်မျိုးဆက်များ၏ အကျိုးအတွက် မည်သို့ ရပ်တည်ဆောင်ရွက်ကြမည် ဆိုသည့်အချက်ကို မိမိတို့လူတစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့် ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ကြရန်လိုအပ်နေပြီဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေထုညစ်ညမ်းမှု အပါအဝင် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုကို ကာကွယ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အလေးထား ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ၂၁ ရာစုအစီအစဉ်ကိုလည်းကောင်း၊ စီးပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးကဏ္ဍများအကြား ဟန်ချက်ညီညီပေါင်းစပ်ကာ နိုင်ငံသူ နိုင်ငံသား အားလုံးပါဝင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀ဝ၉ ခုနှစ်တွင် အမျိုးသားအဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကိုလည်းကောင်း ရေးဆွဲချမှတ်နိုင်ခဲ့ပါသည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီးတွင် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးကို ဦးတည်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ်တွင်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့်ပင်မလုပ်ငန်း အစီအစဉ်တို့ကိုလည်း ထုတ်ပြန်ပြီးဖြစ်ပါသည်။ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မအစီအစဉ်နှင့် မြန်မာနိုင်ငံ၏ အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင်တို့ကိုလည်း ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မအစီအစဉ်တို့အပေါ် အခြေခံပြီး ကဏ္ဍအသီးသီး၌ လေထုညစ်ညမ်းမှုထိန်းချုပ်ရေး အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကိုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကဦးဆောင်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အသီးသီး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ အနေဖြင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအပါအဝင် ရာသီဥတုပြောင်းလဲလာမှုအပေါ် ကမ္ဘာ့နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ ပဲရစ်သဘောတူညီချက်၊ ဘာဆယ်ကွန်ဗင်းရှင်း၊ စတော့ဟုမ်းကွန်ဗင်းရှင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာ အာဆီယံသဘောတူညီချက်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
လေထုညစ်ညမ်းမှုလျှော့ချနိုင်ရေးသည် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုတည်းနှင့်သက်ဆိုင်သည့် အရေးကိစ္စမဟုတ်ဘဲ ကမ္ဘာပေါ် ရှိ နိုင်ငံများအားလုံး၊ လူသားအားလုံး ဖြေရှင်းဆောင်ရွက်သွားရမည့် တာဝန်တစ်ရပ်ဖြစ်ပါသည်။ အလားတူ လူသားများ၏ လုပ်ဆောင်ချက်များကြောင့် ကမ္ဘာ့လေထုအပါအဝင် ဂေဟစနစ်များ ထိခိုက်ပျက်စီးခဲ့မှုကို ပြန်လည်ကုစားပြီး ထိန်းသိမ်းစောင့်ရှောက်ရေးသည် နိုင်ငံတိုင်း၏ တာဝန်ပင်ဖြစ်ပါသည်။ အဆိုပါအချက်ကို သတိချပ်လျက် နိုင်ငံတိုင်း ပါဝင်ပြီး ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှသာ မျှော်မှန်းထားသည့် ရည်မှန်းချက်များကို ရရှိနိုင်မည်ဖြစ်ပါသည်။
လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် ဆောင်ရွက်ကြရာတွင် လေထုညစ်ညမ်းမှုကို အိမ်တွင်းလေထုညစ်ညမ်းမှုနှင့် ပြင်ပလေထုညစ်ညမ်းမှုဟူ၍ အဓိကအားဖြင့် နှစ်ပိုင်းခွဲခြားပြီး လေ့လာကြည့်နိုင်ပါသည်။ အိမ်တွင်းလေထုညစ်ညမ်းမှုသည် လူနေအိမ်များတွင်နေ့စဉ် ချက်ပြုတ်ခြင်းနှင့် အပူစွမ်းအင်နှင့် အလင်းစွမ်းအင်များရရှိအောင် ထင်း၊ မီးသွေးများကို အသုံးပြုခြင်းတို့မှ ထွက်ရှိသည့် အခိုးအငွေ့များကြောင့် ဖြစ်ပေါ်ပြီး ပြင်ပလေထုညစ်ညမ်းမှုသည် စက်မှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် လယ်ယာစိုက်ပျိုးရေး စသည့်ကဏ္ဍများမှ ထွက်ရှိသည့် အခိုးအငွေ့ထုတ်လွှတ်မှုများ၊ တောမီးလောင်ကျွမ်းမှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်သည့် မီးလောင်မှုများကြောင့် ဖြစ်ပေါ်ကြောင်း လေ့လာသိရှိရပါသည်။ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများစွာ ရှိနေသော်လည်း လေထုညစ်ညမ်းစေနိုင်သည့် အရာများကို လျှော့ချနိုင်ရေးအတွက် ဦးတည်ပြီး အစိုးရအဖွဲ့အစည်းများအနေဖြင့် လည်းကောင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများအနေဖြင့် လည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် လည်းကောင်း မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် တစ်ဦးတစ်ယောက်ချင်း ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် အားလုံးစုပေါင်း ဆောင်ရွက်ခြင်းသည် ထိရောက်သော နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။
လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် အစိုးရအဖွဲ့အစည်းများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် လေထုအရည်အသွေးကို သိရှိနိုင်ရေးအတွက် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခြင်း၊ လေ့လာဆန်းစစ်ပြီး ရရှိလာသည့် လေထုအရည်အသွေးဆိုင်ရာ အခြေခံအချက်အလက်များ အပေါ်အခြေခံ၍ အမျိုးသားအဆင့်နှင့် ဒေသအဆင့် လေထုအရည်အသွေး စံချိန်စံညွှန်းများ သတ်မှတ်ပြဋ္ဌာန်းခြင်း၊ မော်တော်ယာဉ်များမှ ထွက်ရှိသည့် ထုတ်လွှတ်အခိုး အငွေ့ များအတွက် စံချိန်စံညွှန်းများ သတ်မှတ်ပြဋ္ဌာန်းခြင်း၊ သတ်မှတ်ပြဋ္ဌာန်းထားသည့် လေထုအရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်ခြင်း၊ နိုင်ငံအတွင်းရှိ နေရာဒေသအသီးသီးတွင် လေထုအရည်အသွေးကို စဉ်ဆက်မပြတ် စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်း၊ လေထုအရည်အသွေးကို ထိခိုက်မှု အနည်းဆုံးဖြစ်စေနိုင်သည့် လောင်စာများကို အသုံးပြုပြီး စက်မှုကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် ပတ်ဝန်းကျင် အရည်အသွေးဆန်းစစ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
စက်မှုလုပ်ငန်းများအနေဖြင့်လည်း လေထုအရည်အသွေးကို ထိခိုက်မှုအနည်းဆုံးဖြစ်စေနိုင်သည့် လောင်စာများကို အသုံးပြုပြီး သန့်ရှင်းသော စွမ်းအင်ရရှိအောင်ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေရှိသည့် နည်းပညာများ အသုံးပြုခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းနှင့် လုပ်ငန်းကဏ္ဍအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး လုပ်ငန်းများအား ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်သကဲ့သို့ တစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့် နေအိမ်များ၌ နေ့စဉ်ချက်ပြုတ်မှုများအတွက် လေထုအရည်အသွေးကို ထိခိုက်မှု အနည်းဆုံးဖြစ်စေနိုင်သည့် လောင်စာများ အသုံးပြုခြင်း၊ မော်တော်ယာဉ်အသုံးပြုမှုကိုလျှော့ချခြင်း၊ ကွင်းပြင်များတွင် စွန့်ပစ်ပစ္စည်းများအား မီးရှို့မှုများကို ရှောင်ရှားခြင်း၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းတို့မှတစ်ဆင့် လူတစ်ဦးတစ်ယောက်ချင်း၏ ပြုမူလုပ်ဆောင်ချက်များကို လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲပြီး လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်လှပါသည်။
လူသားတိုင်း နေ့စဉ်အသက်ရှင်နေထိုင်နိုင်ရေးအတွက် လေရှူရှိုက်ခြင်းကို ရပ်တန့်၍မရနိုင်ပါ။ ထို့ကြောင့် လူတစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့် ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ရန် သန့်စင်သောလေကို နေ့စဉ်ရှူရှိုက်ခွင့်ရရှိရေးသည် အဓိကကျလှပါသည်။ ထို့အတွက်ကြောင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် လေထုညစ်ညမ်းမှုကို ကုစားနိုင်ရေး၊ အနာဂတ်ကာလ၌ ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် လေထုညစ်ညမ်းမှုအား ကြိုတင်ကာကွယ်ရေးနှင့် အနာဂတ်မျိုးဆက်များအား ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရေးတို့ကို မိမိတို့လူသားအားလုံးအနေဖြင့် အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
ကမ္ဘာကြီးအနေဖြင့် လေထုညစ်ညမ်းမှုရောဂါ ခံစားနေရမှုသည် လူတစ်ဦးတစ်ယောက်ချင်းစီ၏ ရောဂါခံစား နေရမှုဖြစ်သည်ဟု မှတ်ယူပြီး လက်ရှိအချိန်တွင်အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်နေသည့် လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ လေထုညစ်ညမ်းစေနိုင်သည့် အခိုးအငွေ့ထုတ်လွှတ်မှုများ လျှော့ချနိုင်ရန်အတွက် နေ့စဉ်လူနေမှုဘဝတွင် လုပ်ဆောင်နေသည့် အလေ့အကျင့်များကို ပြုပြင်ပြောင်းလဲနိုင်ရေး၊ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုနှင့် လူသားများ၏ ကျန်းမာရေးအပေါ် ဆက်စပ်ထိခိုက်မှုများကို လျှော့ချနိုင်ရေးနှင့် ကမ္ဘာပေါ်ရှိ နေရာဒေသ အားလုံးတွင် လေထုအရည်အသွေး ပြန်လည်ကောင်းမွန်လာရေးတို့ကို ဆောင်ရွက်ရာတွင် မိမိတို့တတ်နိုင်သည့် ကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရန် အလေးအနက်ရည်မှန်း၍ “လေထုညစ်ညမ်းမှုလျှော့ချဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့”ဟု တိုက်တွန်းနှိုးဆော်ရင်း ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့(Beat Air Pollution)ဆောင်ပုဒ်အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ။
ဒေါက်တာ တင်အောင်ဝင်း