မောင်သာ(ရှေးဟောင်းသုတေသန)
ချင်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို လေ့လာနိုင်ရန် ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့မှ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့အထိ တစ်မြို့ဝင် တစ်မြို့ထွက် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ချင်းပြည်နယ် နေရာအနှံ့တွင် နွားနောက်များကို မြင်တွေ့ခဲ့ရသည်။ ချင်း ပြည်နယ်၏ ထင်ရှားသော သတ္တဝါများအဖြစ် အောက်ချင်းငှက်နှင့် နွားနောက်တို့ကို ဖော်ညွှန်းလေ့ရှိကြရာ မိမိတို့ခရီးစဉ်တွင် အောက်ချင်းငှက်များကိုမူ မမြင်တွေ့ခဲ့ရပါချေ။
ချင်းပြည်နယ်
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးနောက် ချင်းဝိသေသတိုင်းကို ခရိုင်နှစ်ခုဖြင့် ဖွဲ့စည်းခဲ့ရာ တောင်ပိုင်းခရိုင်တွင် ဟားခါး၊ ပလက်ဝနှင့် မတူပီတို့ ပါဝင်၍ မြောက်ပိုင်းခရိုင်တွင် တီးတိန်၊ ဟားခါးနှင့် ဖလမ်းနယ်များ ပါဝင်ခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက် ချင်းဝိသေသတိုင်းသည် ချင်းပြည်နယ် ဖြစ်လာခဲ့ကာ ဖေဖော်ဝါရီလ ၂၀ ရက်ကို ချင်းအမျိုးသားနေ့ဟု သတ်မှတ်ခဲ့သည်။
လက်ရှိ ချင်းပြည်နယ်တွင် ခရိုင်သုံးခုနှင့် မြို့နယ်ကိုးခု ပါဝင်ပြီး ဟားခါးခရိုင်ကို ဟားခါးနှင့် ထန်တလန်၊ မင်းတပ်ခရိုင်ကို မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ ဖလမ်းခရိုင်ကို ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။
မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည့် ချင်းပြည်နယ်သည် ပြည်မမှ ဝေးလံသည့် တောင်တန်းဒေသ တစ်ခုဖြစ်ကာ လမ်းပန်းဆက်သွယ်မှု ခက်ခဲခဲ့စဉ်က တစ်မြို့မှ တစ်မြို့သို့ သွားလာရန် တောင်စွယ်တောင်တန်းများကို ဖြတ် ကျော်လျက် အချိန်များစွာ ယူခဲ့ကြရသည်။ ယခုအချိန်တွင် ချင်းပြည်နယ်၌ မြို့နယ်ချင်းဆက်သွယ် ဖောက်လုပ်ထားသည့် လမ်းများသည် ကောင်းမွန်ကျယ်ဝန်းနေပြီဖြစ်သဖြင့် တစ်မြို့မှ တစ်မြို့သို့ လွယ်ကူစွာ သွားလာနိုင်ကြပြီဖြစ်သည်။
ချင်းပြည်နယ်အတွင်း ဖြတ်သန်းသွားလာခဲ့သည့် လမ်းတစ်လျှောက်တွင် မော်တော်ကားလမ်းများကို တိုးချဲ့ဖောက်လုပ်နေပုံကို မြင်တွေ့ခဲ့ကြရကာ မော်တော်ကားလမ်းများ အနီးဝန်းကျင်ရှိ တောအုပ်များတွင် အစုလိုက်သွားလာနေကြ သည့် နွားနောက်များကိုလည်း တွေ့ရှိခဲ့ကြရပေသည်။
ချင်းတောင်တန်းမှ နွားနောက်များ
နွားနောက်များသည် ပြောင်နှင့် စိုင်များကဲ့သို့ တောရိုင်းနွားမျိုးစိတ်Gavarus)ဝင် သတ္တဝါများ ဖြစ်ကြသည်။
ယင်း မျိုးစိတ်သတ္တဝါများအနက် နွားနောက်သည် ဘို့မပါရှိဘဲ နဖူးက ချိုင့်ဝင်နေကာ သေးငယ်သော နှာဖျားရှိ၍ မြေပြန့်တွင် ရှင်သန်ကျက်စားသည့် နွားများကဲ့သို့ လည်ပင်းတွဲကျနေခြင်း မရှိဘဲ အမွေးများက ခြေကျင်းဝတ်အနီးသို့ ရောက်သည်အထိ ရှည်လျားစွာ ပေါက်နေလေ့ရှိကြသည်။ နွားနောက်များတွင် မီးခိုးရောင်ကို အများဆုံးတွေ့ရှိကြရပြီး အနက်ရောင်နှင့် အဖြူအနက်ကျားနေသည့် နွားနောက်များလည်းရှိကာ အမွေးများက စိုလွင်တောက်ပနေသည်။ အများအားဖြင့် နွားနောက်များ၏ ဒူးဆစ်အောက်ပိုင်း ခြေထောက်လေးဖက်သည် အဖြူရောင်ဖြစ်သည်။ ဝမ်းဗိုက်တွင် အဖြူရောင်အမွေးများပေါက်နေသည့် နွားနောက်များလည်း ရှိသည်။ နွားနောက်များကို ရှေ့တည့်တည့်မှကြည့်လျှင် တြိဂံပုံ ဦးခေါင်းကို မြင်ကြရသည်။ ဦးချိုအရင်းပိုင်းသည် အနည်းငယ်ပြားကာ ကျောကုန်းရိုးသည် အနည်းငယ်မို့မောက်၍ အရင်းပိုင်းတုတ်သော အမြီးရှိသည်။
နွားနောက်များကို ချင်းတိုင်းရင်းသားများက Sial ဟု ခေါ်ဆိုကာ အသားစားရန်အတွက် မွေးမြူကြသည်။ သဘာဝအားဖြင့် နွားနောက်များသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀ဝ၀ မှ ပေ ၁၀ဝ၀ဝ အကြားတွင် နေထိုင်ကျက်စားလေ့ ရှိကြသည်။ အရိပ်အာဝါသကောင်းမွန်သော လျှိုမြောင်များတွင် လှည့်လည် သွားလာနေလေ့ရှိကာ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်တိုင်း၊ ကချင်ပြည်နယ်မြောက်ပိုင်းရှိ ခေါင်လန်ဖူနှင့် နောင်မွန်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ်တို့ တွင် နွားနောက်များကို တွေ့ရှိကြရသည်။
ချင်းပြည်နယ်တွင် မိသားစုတစ်စု၏ ကြွယ်ဝချမ်းသာမှုကို နွားနောက်ပိုင်ဆိုင်မှုကောင်ရေဖြင့် သတ်မှတ်ခဲ့ကြသည်။ ချင်းတိုင်းရင်းသား ရိုးရာပွဲတော်များနှင့် သာရေး၊ နာရေး အခမ်းအနားများတွင် ဧည့်ပရိသတ်များအား နွားနောက်သားဖြင့် ကျွေးမွေးဧည့်ခံလေ့ ရှိကြသကဲ့သို့ နွားနောက်ကို တန်ဖိုးသတ်မှတ်လျက် မင်္ဂလာကြေး၊ လျော်ကြေး၊ နစ်နာကြေးများ အဖြစ် အသုံးပြုလေ့ရှိကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ထို့ ကြောင့် ချင်းပြည်နယ်တွင် နွားနောက်ကောင်ရေများများ ပိုင်ဆိုင်သူသည် ကြွယ်ဝချမ်းသာသူ ဖြစ်ပေသည်။
ရှမ်း နတ်နွား
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှ ဝမ်ရှန်၊ ဝမ်အော၊ ဝမ်ထန်လူးနှင့် မိုင်းလားဒေသ သစ်တောများအတွင်း၌လည်း နွားနောက်များ ကျက်စားနေထိုင်ကြသည်။ သို့သော် ယင်းဒေသများမှ ရှမ်းတိုင်းရင်းသားများကမူ နွားနောက်များကို တောစောင့်နတ်၊ တောင်စောင့်နတ်များက ပိုင်ဆိုင်သည်ဟု ယူဆကြကာ သတ်ဖြတ်ခြင်း၊ စားသုံးခြင်း မပြုကြချေ။ ယင်းဒေသများတွင် နွားနောက်များကို နတ်များက ပေးထားသည့် နွားဟု သတ်မှတ်ကြပြီး ဖမ်းဆီးသတ်ဖြတ်စားသုံးလျှင် ဆိုင်ရာ နတ်များ၏ အပြစ်ဒဏ်ခတ်ခြင်းကို ခံရမည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် ရှမ်းပြည်နယ်မှ နတ်နွားခေါ် နွားနောက်များ သည် ဘေးကင်းစွာ နေထိုင်ကြရပြီး ဒေသခံများသည် နွားနောက်ကို မွေးမြူခြင်းလည်းမပြုလုပ်ကြဘဲ ယင်းတို့သည် တောတောင်များအတွင်း သဘာဝအတိုင်း နေထိုင်ကြပေသည်။
နွားနောက်မွေးမြူရေး
ခိုင်းနွား၊ နို့စားနွားနှင့် အသားစားနွားဟူသည့် နွားအမျိုးအစား သတ်မှတ်ချက်အရ နွားနောက်သည် အသားစား နွားအုပ်စုတွင် ပါဝင်သည်။ နွားနောက်တစ်ကောင်၏ ပျမ်းမျှ အလေးချိန်သည် ပေါင် ၈၀ဝ မှ ၁၃၀ဝ အကြားရှိသဖြင့် မြန်မာနွားများထက် ပိုမိုကြီးမားကာ ပြည်ပမျိုးနွယ် ဖရီရှန်နွားများ အရွယ်နီးပါး ရှိကြသည်။
နွားနောက်မွေးမြူကြသူများသည် မိမိတို့ပိုင်ဆိုင်သည့် နွားနောက်များကို ဦးချိုတွင် အမှတ်အသားပြု၍ တောတောင်များ သို့လွှတ်ကာ မွေးမြူကြသည်။ ရှေးယခင်က နွားနောက်မွေးသူ များသည် မိမိတို့၏နွားနောက်များကို ခြံအတွင်း မွေးမြူခြင်း မဟုတ်ဘဲ အမှတ်အသားပြု၍ တောတွင်း၌ ထားရှိကြသည်။
လိုအပ်ချိန်ရောက်မှသာ ပိုင်ရှင်က မိမိနွားနောက်များကို ဆားကျွေး၍ ပြန်ခေါ်လေ့ရှိကြသည်။ တစ်ခါတစ်ရံတွင် နွား နောက်မွေးသူများအကြား၌ အမှတ်အသားများရော ထွေးကာ ပိုင်ဆိုင်မှု အငြင်းပွားခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။
ယခုအခါတွင် ချင်းပြည်နယ်၏ အသားထုတ် စီးပွားရေး လုပ်ငန်းတစ်ရပ်အဖြစ် နွားနောက်များကို ခြံဖြင့် မွေးမြူလာကြသည်။ သို့သော် နွားနောက်များကို ရွာအတွင်း မွေးမြူခြင်း မဟုတ်ဘဲ သစ်တောများအတွင်းမှာပင် မိမိတို့သတ်မှတ်သည့် နေရာတစ်ခုခု၌ ခြံကျယ်ကြီးများခတ်၍ မွေးမြူကြခြင်းဖြစ်သည်။
နွားနောက်ခြံသည် ထင်းရှူးကိုင်းများကို လေးပေ၊ ငါးပေမြင့်သည့် ခွတိုင်များအဖြစ် စိုက်၍ ခွများပေါ်တွင် မျောတိုင်များ တင်ကာ နှီးဖြင့် ချည်နှောင်ထားသည့် အဝန်းအဝိုင်း ဖြစ်ကာ တန်းသုံးလေးတန်းဖြင့် ကာရံထားလေ့ရှိကြသည်။
နွားနောက် များကို ခြံဖြင့်မွေးမြူကြရာတွင် ဇွန်လမှ ဒီဇင်ဘာလ အထိသာ ခြံအတွင်း၌ထားရှိပြီး ကျန်လများတွင် တောအတွင်း၌ လွှတ်ကျောင်းထားကြသည်။ နွားနောက်ခြံရှင် များသည် ခြံ တစ်ခြံကို ခြောက်နှစ်မှ ခုနစ်နှစ်အထိသာ အသုံးပြုပြီး ခြံသစ် ပြုလုပ်ရန် နေရာပြောင်းရွှေ့လေ့ရှိကြသည်။
နွားနောက်များသည် မြန်မာနွားများကဲ့သို့ မြက်၊ ကောက်ရိုး စသည်တို့ကို မစားဘဲ သစ်ရွက်စိမ်း၊ နွယ်နှင့် ဝါးရွက်များကို စားကြကာ အုပ်စုဖွဲ့၍ နေထိုင်ကြသည်။ ဆားကို အထူးကြိုက် နှစ်သက်သဖြင့် မွေးမြူရေးခြံရှင်များသည် နွားနောက်များကို ဆားပုံမှန်ကျွေးကြသည်။ ခြံမခတ်ဘဲ တောတောင်များတွင် လွှတ်ကျောင်းမွေးမြူထားသည့် နွားနောက်များကို ဆားပုံမှန် ကျွေးပါက နွားနောက်များသည် ဆားကျွေးချိန်တွင် ဆား ကျွေးသည့်နေရာသို့ ရောက်လာလေ့ရှိကြသည်။ နွားနောက် ပိုင်ရှင်များသည် မိမိတို့နွားနောက်များကို ရွာသို့ခေါ်ဆောင် ချိန်တွင် ဆားကျွေးပြီး ဖမ်းဆီး ခေါ်ဆောင်ကြရသည်။
ချင်းပြည်နယ်၏ တောင်ပေါ်လမ်းများအနီးရှိ တောတောင်များတွင် နေထိုင်ကြသည့် နွားနောက်များသည် မော်တော်ကားလမ်းများပေါ်သို့ မကြာခဏ တက်လာလေ့ရှိကြပြီး ကားများ၊ ဆိုင်ကယ်များ မောင်းနှင်လာသည်ကိုတွေ့လျှင် တောင် စောင်းများအောက်သို့ ဆင်းပြေးသွားလေ့ရှိကြသည်။ နွားနောက်များသည် လူများကို ရန်မူခြင်းမရှိကြသော်လည်း တောခွေးများကိုမြင်လျှင် အုပ်စုလိုက် လိုက်လံတိုက်ခိုက် လေ့ရှိကြသည်။ တောခွေးများကလည်း နွားနောက် အကောင်ငယ်များကို လိုက်လံ ကိုက်ဖြတ်စားသောက်လေ့ရှိသည်။ နွားနောက်များသည် ရေခိုးရေငွေ့များပြားသည့်နေရာကို နှစ်ခြိုက်ကာ ရာသီဥတုဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိသည်။ ကျားနှင့် တောခွေးများ၏ ဖမ်းယူစားသောက်ခြင်းကိုခံရသော်လည်း အကောင်ငယ်အချို့ သေကျေခြင်းမှလွဲ၍ ဆုံးရှုံးမှု နည်းပါးသည်။
နွားနောက်များသည် မြန်မာနွားများထက် ကြီးထွားနှုန်း ပိုမိုမြန်ဆန်၍ အသက် တစ်နှစ်ခွဲတွင် အရွယ်ရောက်ကာ အမများသည် ယင်းအရွယ်တွင် သားတင်နိုင်သည်။ နွားနောက် အထီးများသည် အသက်ရှစ်နှစ်အထိသာ မိတ်လိုက်ကြသော်လည်း နွားနောက်အမများသည် အသက် ၁၅ နှစ်အထိ သားမွေးနိုင်ကြကာ တစ်နှစ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် တစ်ကောင် သားပေါက်လေ့ရှိကြသည်။ နွားနောက်အမများသည် သားတင်နှုန်း ၁၀ဝ ရာခိုင်နှုန်း အောင်မြင်ကာ ပျက်စီးမှု မရှိသလောက်နည်းပါးသည်။ သားပေါက်ရာတွင် နှစ်ကောင် မွေးဖွားခြင်း ရှိတတ်သော်လည်း အလွန်နည်းပါးသည်။
သားပေါက်ပြီး လေးလကြာလျှင် နွားနောက်သားပေါက်များသည် မိခင်နို့ကိုမစို့တော့ဘဲ ပြင်ပအစာများကို စတင်စားကြသည်။ သားပေါက်ချိန်တွင် နွားနောက်မသည် နို့ ကောင်းစွာထွက်ရှိသော်လည်း ချင်းတိုင်းရင်းသားများသည် နွားနောက်နို့ကို သောက်သုံးခြင်းမရှိကြချေ။
နွားနောက် မွေးဖက်ပေး၍ မွေးခြင်း
ချင်းတိုင်းရင်းသားများသည် နွားနောက်များကို အသားထုတ်လုပ်ရန် အတွက်သာ မွေးမြူကြကာ ယဉ်ပါးစေရန် လေ့ကျင့်ပေးပြီး စေခိုင်းခြင်းမရှိကြချေ။ နွားနောက်များသည် မြန်မာနွားများကဲ့သို့ ယဉ်ပါးလွယ်ခြင်းလည်းမရှိဘဲ ထုံထိုင်း၍ ရိုင်းသည့်သဘာဝရှိကာ တောတောင်များတွင် ခြေဦးတည့်ရာသို့ အုပ်စုလိုက် သွားလာလေ့ရှိသည်။ ယင်းတို့သည် ရောဂါဘယဖြစ်ပွားမှု အလွန်နည်းပါးသဖြင့် လူများ မသတ်ဖြတ်ပါက သက်တမ်းစေ့ နေနိုင်ကြသည်။ သို့သော် ခြံများတွင် မွေးမြူသည့် နွားနောက်များကို နှစ်စဉ် ဇွန်လတွင် ခြံရှင်များက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများကို ဖိတ်ခေါ် ပြီး ကာကွယ်ဆေးများ ထိုးနှံပေးကြသည်။
ချင်းတောင်တန်းဒေသတွင် နွားနောက်ကို မွေးဖက်ပေး၍ မွေးမြူသည့် စနစ်တစ်ရပ်ကို တွင်ကျယ်စွာ ကျင့်သုံးကြသည်။ မွေးဖက်ပေးမည့် နွားနောက်ပိုင်ရှင်သည် မိမိ၏ နွားနောက် အထီးကို မွေးဖက်ယူသူထံ ပေးထားရသည်။ မွေးဖက်ပေးထားသည့် နွားနောက်အုပ်စုမှ နွားမများ သားပေါက်လျှင် ပထမဆုံး ပေါက်သော သားပေါက်ကို မွေးဖက်ယူထားသူက ရရှိပြီး ဒုတိယမြောက်သားပေါက်ကို မွေးဖက်ပေးထားသည့် နွားနောက်ပိုင်ရှင်က ရရှိသည်။ ဆက်လက်ပေါက်ဖွားလာသည့် နွားနောက်သားပေါက်များကို မွေးဖက်ပေးထားသူနှင့် မွေးဖက်ယူထားသူတို့ တစ်ဝက်စီ ပိုင်ဆိုင်ကြသည်။ ယင်းသို့ ကောင်းမွန်မျှတသော မွေးဖက်စနစ်ကြောင့် ချင်းပြည်နယ်တွင် နွားနောက်မွေးမြူမှုများ တိုးတက်များပြားလာခဲ့သည်။
ချင်းပြည်နယ်ရှိ မြို့နယ်များမှ ကျေးလက်ဒေသများတွင် အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းသည် နွားနောက်များကို မွေးမြူကြပြီး ချင်းတိုင်းရင်းသားများ၏ ဓလေ့အရ နွားနောက် ကောင်ရေ ပိုင်ဆိုင်မှုများပြားခြင်းသည် ချမ်းသာမှုဖြစ်သဖြင့် နွားနောက်များကိုကျယ်ကျယ်ပြန့်ပြန့်မွေးမြူကြသည်။ လက်ရှိ ပေါက်ဈေးအရ နွားနောက်အကြီး တစ်ကောင်လျှင် ကျပ် ၁၁ သိန်းကျော်ဖြစ်ကြောင်း မတူပီမြို့မှ နွားနောက်မွေးမြူသူတစ်ဦး က ရှင်းပြခဲ့သည်။ ချင်းတိုင်းရင်းသားများ၏ လက်ထပ်မင်္ဂလာပွဲများတွင် နွားနောက်များကို တန်ဖိုးသင့်၍ မင်္ဂလာကြေး (အသွင်းကြေး)အဖြစ် သတို့သားဘက်က သတို့သမီးဘက်သို့ ပေးကြရသည့် ဓလေ့ကို ယနေ့တိုင် ကျင့်သုံးလျက်ရှိပေသည်။
နွားနောက်သားသည် ချင်းတိုင်းရင်းသားများ၏ သာရေး၊ နာရေး ပွဲလမ်းသဘင်များတွင် အဓိကကျွေးမွေးသည့် ဟင်းလျာဖြစ်သဖြင့် ချင်းပြည်နယ်တွင် လူဦးရေတိုးတက်လာသည်နှင့်အမျှ နွားနောက် အကောင်ရေများစွာ မွေးမြူကြရန် လိုအပ်လာခဲ့သည်။
၂၀၁၇ ခုနှစ် မတ်လက ထုတ်ပြန်သော စာရင်းများအရ ချင်းပြည်နယ်တစ်ခုလုံးတွင် နွားနောက် ၂၂၄၉၁ ကောင် မွေးမြူထားရာ မတူပီမြို့နယ်တွင် အများဆုံး မွေးမြူကြသည်။ မျက်မှောက်ခေတ်တွင် ချင်းတောင်တန်းသို့ ရောက်ရှိလာသူ များသည် နွားနောက်သားကို နှစ်ခြိုက်စွာ စားသုံးကြသကဲ့သို့ နွားနောက်သားခြောက်များကို ဝယ်ယူမှုလည်း များပြားလာခဲ့သည်။
နွားနောက်သားသည် အမျှင်ကြမ်းများနည်းပါးကာ အသားနူးညံ့၍ အနံ့စူးရှမှုလျော့ပြီး ချက်ပြုတ်ရာတွင် အလွယ်တကူ နူးနိုင်သဖြင့် စားသုံးသူများက နှစ်သက်ကြသည်။ နွားနောက်အထီးကို အသက်သုံးနှစ်၊ လေးနှစ်အရွယ်တွင် အသား ထုတ်လုပ်နိုင်ကာ အသားထွက်နှုန်းသည် ပိဿာ ၈၀ မှ ၁၀ဝ အကြားဖြစ်သည်။
နွားနောက်နှင့် နွားသည် မျိုးဗီဇတူညီသဖြင့် သားစပ်၍ရနိုင် သော်လည်း ကျွဲနှင့် မျိုးဗီဇမတူညီသဖြင့် နွားနောက်နှင့် ကျွဲကို သားစပ်၍မရချေ။ ထူးခြားသောအချက်တစ်ခုမှာ နွားထီးနှင့် နွားနောက်မ မျိုးစပ်လျှင် ပေါက်ဖွားလာသည့် အမသည် မျိုးအောင်ပြီး အထီးက မြုံနေခြင်းပင်ဖြစ်သည်။ သို့သော် နွားနောက်ထီးနှင့် နွားမကို မျိုးစပ်၍ ပေါက်ဖွားလာသည့် အထီးနှင့်အမ နှစ်မျိုးလုံးသည် မျိုးအောင်ကြသည်။ နိုင်ငံခြားမျိုးဖြစ် သည့် ဖရီရှန်နွားထီးနှင့် နွားနောက် အမကိုဖြစ်စေ၊ နွားနောက် အထီးနှင့် ဖရီရှန်အမကိုဖြစ်စေ သားစပ်ပါက ပေါက်ပွားလာ သည့် အထီးအမ နှစ်မျိုးလုံးသည် မျိုးအောင်ကြသည်။
ချင်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုထုံးတမ်းများနှင့် ဆက်နွယ်နေသည့် နွားနောက်များကို ချင်းတောင်တန်းတွင် ရှေးအစဉ်အဆက်ကပင် မွေးမြူခဲ့ကြသည်။ စားနပ်ရိက္ခာအတွက် မွေးမြူခဲ့ကြသည့် နွားနောက်များကို မြန်မာနိုင်ငံအတွင်း၌ ချင်းတောင်တန်းဒေသများ၌သာ မြင်တွေ့ကြရသဖြင့် နွားနောက်များသည် ချင်းတိုင်းရင်းသားများနှင့် ချင်းပြည်နယ်၏ အမှတ်လက္ခဏာတစ်ခုအဖြစ် ထင်ရှားလာခဲ့ရ ပေသည်။
ချင်းတောင်တန်းဒေသရှိ ကျေးလက်တောရွာများရှိ အိမ်များ၏ မျက်နှာစာတွင် မိမိတို့ဖမ်းဆီးရမိသည့် တောရိုင်း သတ္တဝါများ၏ ဦးခေါင်းခွံများနှင့်အတူ နွားနောက်ဦးခေါင်း ခွံများ ချိတ်ဆွဲထားခြင်းကိုလည်း ချင်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှုထုံးတမ်းတစ်ရပ်အဖြစ် မြင်တွေ့ကြရပေသည်။ ။
မြန်မာ့အလင်း