မော်လမြိုင် ၄ ဇွန်

 

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ၌ ကျင်းပသည်။

 

ef3r

 

သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တတိယ(၁)နှစ်တာကာလ (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာသနာရေးကဏ္ဍများ၏ ပြုပြင်ပြောင်းလဲတိုးတက်မှုအခြေ အနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှုများကို နိုင်ငံပိုင်မီဒီယာများတွင် ထုတ်လွှင့်ဖော်ပြပေးခဲ့ပြီးဖြစ်ကြောင်း၊ မီဒီယာများအနေဖြင့် သိရှိလိုသည်များအား လွတ်လပ်စွာမေးမြန်းနိုင်ပြီး သက်ဆိုင်ရာဝန်ကြီးများကလည်း မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မွန်ပြည်နယ်အစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာကာလ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ လျှပ်စစ်မီးရရှိရေးနှင့် အိမ်ထောင်စုတိုင်း လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့ရာ မြို့နယ်(၇)မြို့နယ်နှင့် မြို့(၃)မြို့ရှိ ကျေးရွာ(၉၇)ရွာ၊ မီးသုံးစွဲသူအိမ်ထောင်စု (၂၂၂၇၄)စု မီးလင်းရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကျောင်းအဆင့်တိုးမြှင့်မှုအနေဖြင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စုစုပေါင်းကျောင်း (၇၆)ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကိုလည်း (၆၂)ခုအထိတိုးမြှင့် ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ရင်ဆိုင် ကြုံတွေ့လာပါက အကာအကွယ်ပြုနိုင်ရေးအတွက် ချောင်းဆုံမြို့နယ်တွင် Cyclone Shelter(၃)လုံးကို တည်ဆောက်ရန် တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိပြီး ဘီးလင်းမြို့နယ်၌လည်း Cyclone Shelter (၁)လုံး ထပ်မံတည်ဆောက်ရန် မြေနေရာရွေးချယ်ထားကာ အသေးစိတ်တွက် ချက်တင်ပြနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံခြားသားရင်နှီးမြှုပ်နှံမှု လုပ်ငန်းအနေဖြင့် စက်မှုကဏ္ဍလုပ်ငန်း(၈)ခု၊ ဝန်ဆောင်မှုလုပ်ငန်း(၆)ခု၊ လျှပ်စစ်ကဏ္ဍလုပ်ငန်း(၂)ခု၊ ဟိုတယ်ကဏ္ဍ(၁၈)ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအနေဖြင့် လုပ်ငန်း(၃၉)ခုခွင့်ပြုနိုင်ခဲ့ကြောင်း၊ မွန်ပြည်နယ်အတွင်း လုပ်ငန်းများ/ ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး လုပ်ကိုင်နေသော လုပ်ငန်းရှင်(၃၀)ဦးအား SME ချေးငွေကျပ်သန်း (၃၂၃၅)ထုတ်ချေးနိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း မိုးရာသီရေကြီးမှုကြောင့် စပါးပင်များပျက်စီးသည့် မြို့နယ်(၉)မြို့နယ်တွင် မိုးစပါးရေကြီးနစ်မြှုပ်ပျက်စီးဧက (၃၁၆၅၇)ဧကအား ပြန်လည်စိုက်ပျိုးရန်အတွက် မျိုးစပါး(၂၉၅၇၇) တင်းပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ ချောင်းဆုံ မြို့နယ်တွင် မြေနုကျွန်း (၁၃၁ ဒသမ ၁၂)ဧကအား ဘီလူးကျွန်းကြိုးပြင် ကာကွယ်တော ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဒီရေတောစိုက်ခင်း(၁၀၈)ဧကအား စိုက်ပျိုးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း စသည်ဖြင့် သက်ဆိုင်ရာဌာနအလိုက် ပြည်သူ့အတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသော သတင်းမီဒီယာများက လျှပ်စစ်ဓာတ်အားခ ကောက်ခံနေမှုစနစ်နှင့် ဝန်ထမ်းမလုံလောက်မှု အခြေအနေများ၊  နွေစပါးစိုက်ပျိုးရေရရှိရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စီမံဆောင်ရွက်ထားရှိမှု၊ ကျိုက်မရောမြို့ရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်တစ်ဆိုင် ပြောင်းရွှေ့ရေး၊ လွှတ်တော်ကတိကဝတ်များနှင့် ပတ်သက်၍ အစိုးရအဖွဲ့၏ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ စည်ပင်သာယာပိုင်ဈေး ဆိုင်ခန်းဌားရမ်းခ၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ SME လုပ်ငန်းများ ချေးငွေးရရှိရေး၊ အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာကိစ္စ၊ သုံးဘီးဆိုင်ကယ်များ ယာဉ်လိုင်းရရှိရေး၊ လျှပ်စစ်မီတာ လျှောက်ရာတွင် ကြန့်ကြာနေသည့်ကိစ္စ၊ မိုးရွာလျှင် မီးဖြတ်သည့်ကိစ္စ၊ အခွန်မဲ့ပစ္စည်းများ ဖမ်းဆီးမှုတို့ကို မေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။ 

 

ပြည်နယ်(ပြန်/ဆက်)