ခြူးစန္ဒီနွေး - ရေးသားသည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗြိတိန်နိုင်ငံကို သွားမယ်လို့ ရည်စူးခဲ့တာကြာပြီ ဖြစ်ပေမယ့်အကြောင်း အမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာတော့ အကြိမ်ကြိမ် နှောင့်နှေးခဲ့ရတဲ့ သူ့ရဲ့ခရီးစဉ်ဟာ အထမြောက် သွားခဲ့ပါပြီ။
ဘာကင်ဟမ် နန်းတော်၌ ကြိုဆို
ဇွန်လ ၃ ရက်နေ့မှာပဲ အမေရိကန်သမ္မတထရမ့်ဟာ ဗြိတိန်နိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့ပါ တယ်။ ဗြိတိန် နိုင်ငံဘက်ကလည်း ကောင်းမွန်စွာ ကြိုဆိုခဲ့ပြီး ဘာကင်ဟမ် နန်းတော်မှာ ဧည့်ခံရေး အစီအစဉ်တွေပါ ပါဝင်ခဲ့ပါတယ်။ ဘာကင်ဟမ်နန်းတော်မှာ ပြုလုပ်တဲ့ ညစာစားပွဲမှာ ဗြိတိန် ဘုရင်မကြီး အဲလိစ်ဇဘက်၂ နှင့် ထရမ့်တို့ တွေ့ဆုံကြပြီး ဗြိတိန်နိုင်ငံနဲ့ အမေရိကန်တို့ရဲ့ စီးပွားရေး အရ ချည်နှောင်မှုဟာ ကျယ်ပြန့်နက်ရှိုင်းလှတယ်လို့ ဘုရင်မကြီးက ပြောပါတယ်။
အနာဂတ်ကို မျှော်ကြည့်မယ်ဆိုရင် လေးစားတန်ဖိုး ထားမှုတွေ၊ အပြန်အလှန် အကျိုးအမြတ် ဖလှယ်မှုတွေဟာ အမေရိကန်နဲ့ ဗြိတိန်တို့ကြား ချည်နှောင်မှုကို ဆက်လက် တည်ရှိစေမယ်လို့ ဘုရင်မကြီးက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်အတွင်း နောက်ထပ်စစ်ပွဲတစ်ခု ထပ်မဖြစ်လာ အောင် ဗြိတိန်နဲ့ အမေရိကန်တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့မှုကိုလည်း ပြောခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ်ကာလတုန်းက မဟာမိတ်တပ်တွေဟာ နာဇီအစိုးရကို ဖြုတ်ချနိုင်ခဲ့ပြီး လူသန်း ပေါင်းများစွာကို ဖိနှိပ်ချုပ်ချယ်ခံရမှုကနေ ကယ်တင်ပေးနိုင် ခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။ သမ္မတ ထရမ့်ဟာ ဘုရင်မ ကြီးနဲ့တွေ့ဆုံဖို့ အမေရိကန်သံအမတ်ကြီးရဲ့ နေအိမ်ကနေ ရဟတ်ယာဉ်နဲ့ လာခဲ့ပါတယ်။ ဘုရင်မကြီးနဲ့ တွေ့ဆုံတာ ကတော့ ထရမ့်အတွက် ဒုတိယအကြိမ်ပါ။
ကြိုဆိုနှုတ်ဆက်
ချားလ်မင်းသားနဲ့ ကွန်ဝဲမြို့စားကတော် ကင်မီလာတို့ ကလည်း သမ္မတထရမ့်နဲ့ဇနီးဖြစ်သူတို့ကို ဘာကင်ဟမ် နန်းတော်ကို ရောက်ရောက်ချင်း နှုတ်ဆက်ခဲ့ကြပါတယ်။ သမ္မတထရမ့်ရဲ့သမီးဖြစ်သူ အီဗန်ကာနဲ့သမက် ဂျားကတ်ရှ်နာ တို့ဟာလည်း အိမ်ဖြူတော်ဝန်ထမ်းတွေနဲ့အတူ ဘာကင်ဟမ် နန်းတော်မှာ ရောက်ရှိနေခဲ့ပါတယ်။ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား လက်ထက် တုန်းကလည်း ၂၀၁၁ ခုနှစ် မေလအတွင်းမှာ လန်ဒန်ကို လာရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ယာဉ်တန်းနဲ့သွားခဲ့ပြီး ထရမ့်ကျမှ ဘာကြောင့် ရဟတ်ယာဉ်နဲ့ သွားခဲ့သလဲဆိုတာ အိမ်ဖြူတော် ဝန်ထမ်းတွေက မပြောကြပါဘူး။ လန်ဒန်မြို့တော်ဝန်နဲ့ အဆင်မပြေတဲ့ထရမ့်ကို လန်ဒန်မြို့က လမ်းမထက်မှာ ဆန္ဒပြဖို့ စီစဉ်တာတွေရှိတယ်ဆိုတဲ့ သတင်းတွေကြောင့်လို့လည်း ထင်စရာ ရှိပါတယ်။
နန်းသက်အရှည်ဆုံးဘုရင်မ
အသက် ၉၃ နှစ်အရွယ် ဗြိတိန်ဘုရင်မကြီး အယ်လိ ဇဘက်ဟာ ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံး ဘုရင်မကြီး ဖြစ်ပြီး အမေရိကန်သမ္မတပေါင်း ၁၂ ယောက်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ သူမင်းသမီးဘဝနဲ့ နန်းတက်စဉ်ကာလတုန်းက အမေရိကန်သမ္မတထရူးမင်းနဲ့ ပထမဆုံး တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ထရမ့်ဟာ ဗြိတိန်တော်ဝင် မိသားစုအတွင်းမှာ ချားလ်မင်းသား၊ ကင်မီလာတို့နဲ့သာ တွေ့ဆုံခဲ့တာ မဟုတ်ပါဘူး။ မင်းသားဝီလီယံနဲ့ ဇနီးဖြစ်သူ ကိန်းဘရစ် မြို့စားကတော် ကတ်သရင်းတို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ မင်းသာဟယ်ရီရဲ့ ဇနီးဖြစ်သူ ဆာဆက်မြို့စားကတော် မီဂန်ကတော့ ဘာကင်ဟမ် နန်းတော်မှာ ပြုလုပ်တဲ့ ညစာစားပွဲအခမ်းအနားကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ မီဂန်မာကယ်ဟာ အမေရိကန်ရုပ်ရှင် မင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး အရင်တုန်းကထရမ့်သာ အမေရိကန် သမ္မတဖြစ်ခဲ့ရင် သူ ကနေဒါမှာ ပြောင်းနေမယ်လို့ ပြောခဲ့ဖူးသူပါ။ ဒီလိုပြောကြားတာနဲ့ ပတ်သက်ပြီး ဗြိတိန်ခရီးစဉ် မစမီ သည် ဆန်းသတင်းစာက ထရမ့်ကို မေးကြရာမှာတော့ “မီဂန်ဘာကြောင့် ဒီလိုပြောတယ်ဆိုတာကို ကျွန်တော်မသိဘူး။ အမေရိ ကန် မင်းသမီးတစ်ဦးရှိနေတာတော့ ကောင်းပါတယ်”လို့ ထရမ့်က ဖြေခဲ့ပါတယ်။
လန်ဒန်မြို့တော်ဝန်နဲ့ မပြေလည်
လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းနဲ့ ထရမ့်ရဲ့ ဆက်ဆံရေးကလည်း မပြေလည်လှပါဘူး။ ထရမ့်ဟာ တနင်္လာနေ့ နံနက် ၉ နာရီ ဝန်းကျင်လောက်မှာ လန်ဒန်မြောက်ပိုင်းက စတန်စတက် လေဆိပ်ကို ရောက်ပါတယ်။ ဒါပေမယ့် ဗြိတိန်ကို ခြေမချမီကတည်းက လန်ဒန်မြို့တော်ဝန်ကို တိုက်ခိုက်တဲ့ စကားလုံးတွေ တွစ်တာပေါ် တင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တုန်းက ထရမ့် ဗြိတိန်ကို လာရောက်စဉ် လန်ဒန်မှာ ထရမ့်ကို ဆန္ဒပြသူတွေ တစ်သီ တစ်တန်းကြီး စောင့်နေခဲ့ပါတယ်။ သမ္မတထရမ့်ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းမှာ လန်ဒန်မြို့သို့ သမ္မတတစ်ဦးအနေနဲ့ ပထမဦးဆုံးအကြိမ် လာရောက်ခဲ့ပါတယ်။ ကလေးသေးခံ ဝတ်ထားတဲ့ မစ္စတာထရမ့်ရဲ့ပုံ ပြုလုပ်ထားတဲ့ ဧရာမ မိုးပျံပူဖောင်း ကြီးကို ဆန္ဒပြသူတွေက လွှင့်တင်တာကို မြို့တော်ဝန် ဆာဒစ်ခန်း က ခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး ဟာ ပိုမိုဆိုးရွားခဲ့ပါတယ်။
ကန့်ကွက်ကြ
သမ္မတထရမ့်နဲ့ ပတ်သက်ပြီး လန်ဒန်မြို့သူ မြို့သားတွေရဲ့ဆန္ဒမဲကောက်ခံကြည့်ရာမှာတော့ ထက်ဝက်ကျော်ဟာ သမ္မတ ထရမ့်ရဲ့ ချစ်ကြည်ရေးခရီးစဉ်ကို ကန့်ကွက်ကြပါတယ်။ လူထောင် ပေါင်းများစွာဟာလည်း ထရမ့်ဗြိတိန်မှာ ရှိနေစဉ်အတွင်း ဆန္ဒပြကြဖို့ ပြင်ဆင်ကြပါတယ်။ ထရမ့်နဲ့ အဆင်မပြေကြသူတွေထဲမှာ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းပဲရှိတာ မဟုတ်ပါဘူး။ လေဘာပါတီ ခေါင်းဆောင် မစ္စတာကော်ဘိုင်လည်း ပါဝင်ပါတယ်။ လစ်ဘရယ်ဒီမိုကရက်၊ ဂရင်းပါတီတို့လို နိုင်ငံရေးသမား တွေနဲ့အတူ ပူးပေါင်းသွားမယ်လို့ ပြောပါတယ်။
ဒီလိုမျိုးတွေ ကြားနေရလို့ ထရမ့်ကို ဆန့်ကျင်ကြသူတွေ ချည်းပဲလည်း မဟုတ်ပါဘူး။ ဥရောပ သမဂ္ဂကနေ နုတ်ထွက်လိုကြတဲ့ ဘရီးဇစ် ထောက်ခံသူတွေကတော့ ဥရောပသမဂ္ဂနဲ့ အဆက် အသွယ်ဖြတ်ဖို့ဆိုရင် အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ဟာ ဆုလာဘ် တစ်ခုလို့ ထင်ကြသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အငြင်းပွားဖွယ်ရှိတာကတော့ အမေရိကန်က ကုန်ပစ္စည်းတွေကို ဝင်ခွင့်ပြုလိုက်ရင် ဗြိတိန်နိုင်ငံရဲ့ အစားအသောက်နဲ့ စိုက်ပျိုးရေး အဆင့်အတန်းမှာ အဆင့် နိမ့်ကျလာတာတွေရှိမှာကိုလည်း စိုးရိမ်ကြပါတယ်။ အမေရိကန် ပြည်ထောင်စုက ကလိုရင်းနဲ့ ဆေးကြောထားတဲ့ ကြက်သား တွေဟာ ဗြိတိန်က စိုးရိမ်နေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
နုတ်ထွက်ဖို့ဖြစ်လာ
နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်ကတော့ ဗြိတိန်ပြည်သူတွေအတွက် ရွေးချယ်စရာရှိပြီး ကိုယ်ကြိုက်နှစ် သက်မှဝယ်၊ မကြိုက်ရင် မဝယ်ဘဲ နေလို့ရတာပဲလို့ ပြောပါတယ်။ သမ္မတထရမ့် ဗြိတိန်ကိုလာမယ်လို့ လုပ်ထားတာ ဧပြီလ ကတည်းကပါ။ ဧပြီလအစပိုင်းတုန်းက ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေဟာ ထရမ့်ရဲ့ ခရီးစဉ်ဟာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့လုံခြုံရေးကိစ္စတွေအတွက် အားကောင်းလာစေမယ့် အခွင့်အရေးတစ်ခုလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးမီ ရက်ပိုင်း အတွင်းကမှ ထရီဆာမေဟာ ရာထူးကနေ နုတ်ထွက် ဖို့ ဖြစ်လာခဲ့ပါတယ်။
မိန့်ခွန်းပြောခွင့်မပေးနိုင်
ကြိုဆိုသူတွေရော ကန့်ကွက်သူတွေပါ ရောထွေးနေတဲ့ ထရမ့်ရဲ့ခရီးစဉ်မှာ နောက်ထပ်ကိစ္စ တစ်ခုကတော့ လွှတ်တော် မှာ မိန့်ခွန်းပြောဖို့ ကိစ္စပါ။ အထက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘာကောင်း ကတော့ ထရမ့်ကို ပါလီမန်မှာ မိန့်ခွန်းပြောခွင့် မပေးနိုင်ဘူးလို့ ပြောပါတယ်။ အမေရိကန် သမ္မတ ဟောင်း ဘားရက်အိုဘားမား၊ ရော်နယ်ရီဂင်၊ တရုတ်သမ္မတရှီကျင့်ဖျင်၊ တောင်အာဖရိက သမ္မတ ဟောင်းနယ်ဆင်မင်ဒဲလားတို့ဟာပါလီမန်မှာ မိန့်ခွန်းပြောခဲ့ကြဖူးပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက မစ္စတာ ဂျွန်ဘာကောင်းက ထရမ့်ဟာ ပါလီမန်မှာ မိန့်ခွန်း ပြောဖို့ မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။ ဘာကင်ဟမ် နန်းတော်မှာ ပြုလုပ်တဲ့ ညစာစားပွဲ အခမ်းအနားမှာတော့ ဂျွန်ဘာကောင်းကို ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။ အလားတူပါပဲ အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရမီကော်ဘိုင်ဟာ လည်း နိုင်ငံတော်အဆင့် ညစာစားပွဲမှာ ဖိတ်ကြားခံရခြင်း မရှိပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်ကိုတော့ ထရမ့်က လိုလားတဲ့ပုံပါပဲ။ ဂျွန်ဆင်သာ ဝန်ကြီးချုပ် ဖြစ်ခဲ့ရင် တကယ်တော် တဲ့ ဝန်ကြီးချုပ်ဖြစ်မှာလို့ ထရမ့်က ပြောခဲ့ပါတယ်။ မစ္စတာဂျွန်ဆင်ဟာ အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာတော့ သူ့ရဲ့အမေရိကန် နိုင်ငံသားဖြစ်ခွင့်ကို စွန့်လွှတ်ခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့ ထောက်ခံမှုတွေကြောင့် ဝန်ကြီးချုပ်နေရာနဲ့ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် နေရာအတွက် ရှေ့တန်းပြေးနေတဲ့ ဘောရစ် ဂျွန်ဆင်တစ်ယောက် အကျိုးကျေးဇူးခံစားခွင့် ရမလားဆိုတာ ကတော့ မသေချာပါဘူး။
ကိုးကား -နယူးယောက်တိုင်းမ်