mdn

ဥပဒေအတွေး ရေးပါရစေ အပိုင်း (၁၇၆)

 

 

သတင်းဆောင်းပါး  - ဦးဟန်ညွန့် (ဥပဒေ)

 

မောင်ပျင်းရိ၏ ပဏာမ

 

ရှေ့နေရုံးခန်းဝသို့ ကျွန်တော်ရောက်ရောက်ချင်း အလုပ်သင်ရှေ့နေမောင်ပျင်းရိ၏ ပဏာမလက်သံက အောက်ပါအတိုင်း ကျွန်တော့်ကို ကြိုဆိုလေသည်။

“ဆရာ... ဆရာဆောင်းပါးရေးတိုင်း ရေးတိုင်း ကျွန်တော့်နာမည် (မောင်ပျင်းရိ)အကြောင်း ထည့် ထည့်ပြီး ရေးတယ်။ ဆရာ့ဆောင်းပါးမှာ ကျွန်တော်က “ဇာတ်လိုက်” ပဲ။ ကျွန်တော့်အကြောင်း မပါရင် မပြီးဘူး။ ဥပဒေတွေအကြောင်း၊ ပုဒ်ထီးပုဒ်မတွေအကြောင်း ထက် ကျွန်တော့်အကြောင်းက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတယ်။ ဒါ့ကြောင့် ကျွန်တော့်နာမည်ပါသမျှ ဆရာ့ဆောင်းပါးတွေ စာရင်းမှတ် ထားမယ်။ စာမူခ (ဆောင်းပါးခ)တစ်ဝက်စီပေးဖို့ ပြင်ပေရော့။ မပျက် မကွက်နော်... ဆရာ” ဟု ပဏာမ မင်္ဂလာစကားပြော ကြားလိုက်လေသည်။

 

ဥပဒေစကားဝိုင်း

 

မောင်ပျင်းရိ၏ ဆိုစကားမှာ မှားသည်ဟု မပြော နိုင်သောကြောင့် လစဉ်လုပ်နေကျ ဥပဒေစကားဝိုင်း မှာ “ရုံးခန်းတပည့်တွေ စားချင်တာ မှာစားကြပါ။ မောင်ပျင်းရိကြိုက်သော ဒံပေါက်ထမင်းကိုလည်း စာမူခမရမီ ပဏာမကြေးအဖြစ် ဆရာကျွေးပါမယ်” ဟု ပြောလိုက်ရပါသည်။ မကြာမီ ဥပဒေစကားဝိုင်း စကြပါလေပြီ။

 

ဥပဒေပညာရှင်ဟူသော အသုံးအနှုန်း

 

“ဥပဒေသမားတိုင်း ဥပဒေပညာရှင်လား။ ဘယ်လိုပုဂ္ဂိုလ်မျိုးမှ ဥပဒေပညာရှင် ခေါ်ထိုက်ပါ သလဲ” ဟု အလုပ်သင်ရှေ့နေမောင်လေ့လာက စာဖတ်သူပီပီ စတင်မေးခွန်းထုတ်လိုက်ပါသည်။

“ဒါမေးသင့်မေးထိုက်တဲ့ မေးခွန်းပါ။ အကိုး အကား၊ ရည်ညွှန်းချက်နဲ့ ဆရာပြောပါရစေ။ တက္ကသိုလ် ဥပဒေအသင်းက ထုတ်ဝေခဲ့တဲ့ (၁၉၇၇-၁၉၇၈) ဥပဒေမဂ္ဂဇင်းမှာ တရားရေးဝန်ကြီး (၁၉၇၁-၁၉၇၄) ဒေါက်တာမောင်မောင်ရေးတဲ့ “ဥပဒေသမား နှင့် ဥပဒေပညာရှင်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ပါ ရှိခဲ့ ဖူးတယ်။ဆောင်းပါးအရှည်ကြီး(အစအဆုံး)တော့ ဆရာလည်း မမှတ်မိတော့ဘူး။ ဒါပေမယ့် ဥပဒေ သမားတိုင်း ဥပဒေပညာရှင်မဟုတ် ဆိုတဲ့ အနှစ်သာရစာပိုဒ်ကတော့ ဒီနေ့တိုင် ဆရာ့မှတ်စုထဲမှာ ရေးမှတ်ထား ဆဲပဲ။ ကောက်နုတ်ချက်အဖြစ် ပြန်လည်ထုတ်နုတ်တင်ပြပါရစေ။

 

“ဥပဒေသမားတိုင်း ဥပဒေပညာရှင် မဟုတ်။ ဥပဒေပညာတွင် ပြည့်စုံရုံသာမက တရားဖြင့် လည်း ပြည့်ဝသော ပုဂ္ဂိုလ်သည်သာလျှင် ဥပဒေ ပညာရှင်ဘွဲ့ ခံယူထိုက်ပေလိမ့်မည်။”

“တရားသိရုံဖြင့် မလုံလောက်။ ကိုယ်တွင် တရား ရှိဖို့လိုသည်။ တရားဥပဒေကို သိရုံမျှဖြင့် ဥပဒေ ပညာရှင်မဟုတ်။ သိပြီး တရားရှိဖို့ပါ လိုသေး သည်။”

“ထိုစံချိန်ဖြင့်တိုင်းထွာသော် ကျွန်တော်တို့လည်း ဥပဒေပညာရှင်ဘွဲ့ခံယူရန် အပြည့်အဝထိုက်တန် သည် မဟုတ်သေးပါ။ ပညာပြည့်စုံသည်ထက် ပြည့်စုံအောင် လေ့လာရဆဲ။ ကိုယ်ခံတရား ပိုမို သန့်ရှင်းခိုင်လုံအောင် လေ့ကျင့်ရဆဲပင် ဖြစ်ပါ သေးသည်။ အကြိမ်ကြိမ်တရားစစ်ကာ မိမိကိုယ် မိမိ ဆုံးမရဆဲ။ ဆရာကြီးများ၏ ဆုံးမဩဝါဒကို ခံယူရဆဲဖြစ်ပါသည်” ... တဲ့ခင်ဗျာ။

 

မောင်ပျင်းရိ၏ စောဒက

 

“ဒီလိုဆိုရင် ကျွန်တော့်တို့လို ရှေ့နေပေါက်စတွေ ဥပဒေပညာရှင် မဖြစ်နိုင်ဘူးလား။ မဖြစ်တော့ ဘူးလား ဆရာ” ဟု မောင်ပျင်းရိက အခန်းထောင့်တစ်နေရာက မေးနေလေသည်။ မောင်ပျင်းရိသိချင် တာတွေ ပါပါတယ်။ ဆက်လက်ဖတ်ပြပါမယ်ဟု ဒေါက်တာ မောင်မောင်(ဝန်ကြီး)၏ ဆောင်းပါး အဆက်ကို ကျွန်တော်ဖတ်ပြပါသည်

 

အတော်အတန်ပေါများ

 

ဥပဒေသမားတွေ အတော်အတန်ပေါ များလာပါပြီ။ ဥပဒေစကားလုံးတွေကို ရွတ်ဆိုတတ်သူ၊ ပုဒ်မ ကြီးငယ်များကို ညွှန်းတတ်သူ၊ ပုံစံကြည့်၍ ကူးတတ်သူ၊ လျှောက်လွှာရေးတတ်သူတွေ များပါသည်။ ဥပဒေ၏ အနှစ်သာရကို ကောင်းစွာသိ၍၊ ပြဿနာကို ခြုံငုံမြင် တတ်၍ ဖြစ်ရပ်နှင့် ဥပဒေဆက်စပ်ကာ အမှန်ကို ရှာတတ်သော၊ အမှန်ဖြစ်စေရန် အထောက်အကူပြုသော ဥပဒေပညာရှင်များကား ရှားပါး တတ်ပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းအတွက် ပန်းရန်တွေ လိုသည်။ လက်သမားတွေလိုသည်။ ဗိသုကာလိုသည်။ ထို့အတူ ဥပဒေသမားတွေလည်း လိုသည်။ ဥပဒေ ပညာရှင်ဗိသုကာများလည်း လိုပါသည်။ ဥပဒေသမား သည် ဥပဒေပညာရှင်အဆင့်သို့ တက်လှမ်းရန် အစဉ် ကြိုးပမ်းနေဖို့လည်း လိုပါသည်။

 

မပြတ်ဆည်းပူး

 

တက်လှမ်းနိုင်ရန် ပညာကို မပြတ်ဆည်းပူးဖို့ လိုသည်။ ဥပဒေကျမ်းတစ်စောင် နှစ်စောင်ဖတ်ပြီး ဥပဒေစကားလုံးတွေ ရွတ်ဆို တတ်လာလျှင် လျှာတွေ့၍ သာယာသွားတတ်သည်။ ဥပဒေစကားလုံး ကြီးကြီး မပါလျှင် စကားမပြောတတ်သလို ဖြစ်လာတတ်သည်။ အတော်အတန်ဖတ်၍ အတော် အတန်တတ်လာသော အခါ ငါတတ်လှပြီထင်လာတတ်သည်။ ပို၍ ဘဝင်မြင့် လာလျှင် ငါသာတတ် သည်၊ အခြားမည်သူမျှမတတ်ဟု ထင်လာတတ်သည်။ ထိုသို့ ထင်လာကြောင်း မျက်နှာ အမူအရာတွင် ပြသည်။ အပြောအဆိုမှာ ပြသည်။

 

ရှင်းတာကိုရှုပ်

 

ထိုဥပဒေသမားသည် အငြင်းသန်တတ်သည်။ အငြင်းပွားတတ်သည်။ မချေမငံ ပြောဆိုပြုကျင့်တတ် သည်။ လွယ်တာကို ခက်စေတတ်သည်။ ရှင်းတာကို ရှုပ်စေတတ်သည်။ သူ့ပညာဖြင့် အများကို အကျိုးမပြု။ သူ့ကိုယ်သူအားလည်း အကျိုးမဖြစ်ထွန်း။ ကျွန်တော် ဖတ်ပြနေစဉ်...။

 

နားလည်ပါပြီဆရာ

 

“ကျွန်တော်သဘောပေါက် နားလည်ပါပြီ ဆရာ”ဟု မောင်ပျင်းရိက အရိုအသေပေး၍ ပြန်ထိုင် သွားပါသည်။

 

မယဉ်ကျေး၏ မေးခွန်း

 

“ရှေ့နေပညာထဲမှာ ငြင်းခုံတယ်ဆိုတာ အနု ပညာတစ်ရပ် မဟုတ်ပါလား ဆရာကြီး။ တရားခွင်မှာ နှစ်ဖက်လျှောက်လဲချက်ပေးတဲ့အခါ သူမှန်၊ ငါမှန် ငြင်းခုံကြတာမျိုး ရှိတတ်ကြပါတယ်။ ကွဲကွဲပြားပြား ရှင်းပြပါဦးရှင့်။”ဟု အလုပ်သင်ရှေ့နေ မယဉ်ကျေးက မေးခွန်းမေးပါသည်။

“မေးထိုက်သည့် မေးခွန်းပါ။ ဤသို့သော ငြင်းခုံမှု ကရှိစမြဲ ရှိမှာပါ။ ရိုးရိုးသားသား၊ ကြိုးကြိုးစားစား၊ လေ့လေ့လာလာ၊ စေတနာနဲ့ လေ့လာငြင်းခုံမှုမျိုးပါ။ မိမိလိုက်ပါတဲ့ အမှုသည်အတွက် အားတက်ဖွယ် ငြင်းခုံမှု မျိုးပါ။ ဘယ်သူ့ဘယ်သူကိုမှ မထိခိုက်ပါ။ တရားမျှတ မှုအတွက်ပါ။ ပညာဂုဏ်မောက်မာတာ မဟုတ်ရပါ” ဟု မယဉ်ကျေး၏ မေးခွန်းကို ကျွန်တော်ဖြေဆိုပါသည်။

 

ဘဝမှာလည်း ရယူရသည်

 

“ဥပဒေပညာသည် ဥပဒေစာအုပ်ကြီးများတွင်သာရှိသည်မဟုတ်။ ဘဝမှာလည်းရယူရသည်။ သမိုင်း၊ စာပေ၊ ကျမ်းဂန်၊ ဝိနည်း၊ သုတ္တန်၊ နိပါတ်တော်များ ၌လည်း ရှိသည်။ ဥပဒေသည် လူတွေစောင့်ထိန်းရ သည့် စည်းကမ်း၊ ကျင့်ဝတ်၊ သီလတွေဖြစ်သဖြင့် လူ့အကြောင်း လေ့လာခြင်းသည်လည်း ဥပဒေပညာ ဆည်းပူးခြင်းမည်သည်” ဟု တရားရေးဝန်ကြီး ဒေါက်တာမောင်မောင်က ရေးခဲ့၊ သတိပေးခဲ့ပေသည်။

 

သတင်းထူး

 

“သာမန်လူတစ်ယောက် ဥပဒေကို ချိုးဖောက် သည်ဟုဆိုလျှင် သတင်းထူးမဟုတ်။ ဖြစ်ရိုးဖြစ်စဉ်ပါ။ အများပြည်သူက လက်ခံကြသည်။ ဥပဒေပညာရှင် တစ်ယောက် ဥပဒေကို ချိုးဖောက်သည်ဆိုလျှင် သတင်း ထူးဖြစ်သည်။ မဖြစ်သင့်မဖြစ်ထိုက်တာ ဖြစ်ရသည် ဟု ထင်မြင်ပြောဆိုကြသည်။ ထို့ကြောင့် ဥပဒေပညာရှင် တို့သည် ကိုယ်ကျင့်သိက္ခာမြဲမြံအပ်သည်။ သီလလုံခြုံ သင့်သည်” ဟု စသည်များ တင်ပြဆွေးနွေးခဲ့ပါသည်။

 

ဘာမေးကြဦးမည်လဲ

 

“ဒီနေ့ဥပဒေစကားဝိုင်းမှာ ဥပဒေပညာရှင်ဆို တဲ့ ခေါင်းစဉ်နဲ့ပတ်သက်လို့ ဘာမေးခွန်းများမေးကြ ဦးမည်လဲ” ဟု ကျွန်တော်ကမေးရာ မောင်ပျင်းရိက ထိုင်ရာက ချက်ချင်းထပြီး “ အတော်စုံနေပါပြီ။ မေးစရာ မရှိကြတော့ဘူး မဟုတ်လား။ ဒံပေါက်နဲ့ စားစရာတွေ လည်း သွားဝယ်ရတော့မှာဗျ...”ဟု အဆုံးသတ်ပေး လိုက်လေတော့သည်။

 

ဥပဒေပညာရှင်ပီသဖို့

 

ဥပဒေပညာရှင်ပီသဖို့ မည်သို့ကြိုးပမ်းသင့်ကြောင်း ကျွန်တော်တို့ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါသည်။ အတက် အကျ၊ အဆင်းအတက်၊ အခက်အခဲမျိုးစုံကြုံနိုင်ကြပါသည်။ အဆိုးအကောင်း၊ အကျိုး အကြောင်းတွေလည်း တွေ့မြင်နိုင်ကြပါသည်။ ဘဝထဲက အတွေ့အကြုံများက လည်း ထောက်ပြ သတိပေးလျက်ရှိပါသည်။ ဥပဒေ သမားတိုင်း ဥပဒေပညာရှင် မဟုတ်သေး ဟူသော အချက်ကိုမူ မေ့၍မရ။ ထပ်မံကြိုးစားဖို့ လိုသေးသည်ကို လည်း သတိထားအပ်သည်။

 

စေတနာ

“ကျွန်တော်တို့လို ရှေ့နေပေါက်စတွေ ဥပဒေ ပညာရှင် မဖြစ်နိုင်ဘူးလား။ မဖြစ်တော့ဘူးလား” ဟု မျှော်လင့်တကြီးမေးခွန်း မေးခဲ့သူအလုပ်သင်ရှေ့နေ မောင်ပျင်းရိအကြောင်း တွေးခေါ် မိသော ရှေ့နေတစ်ဦး ၏ ဘဝခရီးမှ ကျွန်တော်၏ စေတနာဥပဒေအတွေး မျှသာပါ...။