နေပြည်တော် ၅ ဇွန်
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး ကျင်းပခဲ့ရာ (၃/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ကော်မတီ စတင်ဖွဲ့စည်းပြီးကတည်းက အရှိန်အဟုန်နှင့် ဆောင်ရွက်လာ၍ အချိန်တိုအတွင်း ကော်မတီ၏ အဓိကတာဝန်များဖြစ်သည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်း (zero draft) အပေါ် အဖွဲ့ဝင်ဌာနများ၏ သဘောထားမှတ်ချက်များကို အခြေခံ၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ (ပထမမူကြမ်း) အဖြစ် တိုးတက်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် သင့်လျော်သည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ပုံစံမူကြမ်းဖော်ဆောင်ခြင်းအတွက် ကော်မတီအတွင်းရေးမှူးက ယနေ့ရှင်းလင်းတင်ပြမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရန် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းပင်စင်စနစ်သည် ရန်ပုံငွေထူထောင်ထားခြင်း မရှိသည့် သတ်မှတ်အကျိုးခံစားခွင့်စနစ်ဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်မှ အပြည့်အဝ ကျခံသုံးစွဲခြင်းဖြစ်ကြောင်း၊ ပင်စင်အသုံးစရိတ်များကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်သုံးစွဲလျက်ရှိကြောင်း၊ အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ ရန်ပုံငွေကိုအခြေခံ၍ ခံစားခွင့်ပြုသည့် စနစ်သို့ ပြောင်းလဲနိုင်ပါက ရေရှည်အတွက် ပိုမိုစွမ်းဆောင်ရည်ပြည့်ဝသည့် လူမှုကာကွယ် စောင့်ရှောက်မှုစနစ် ဖြစ်လာနိုင်ကြောင်း၊ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေကို ထူထောင်ခြင်းဖြင့် နိုင်ငံ၏ မေခရိုစီးပွားရေးတည်ငြိမ်မှုနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်သော အရင်းအနှီးများကိုလည်း ရရှိစေနိုင်မည်ဖြစ်ကြောင်း။
စုဆောင်းရရှိသော ရန်ပုံငွေများကို တိုးပွားစေရန် သေချာပေါက် အမြတ်ရရှိနိုင်သော ခိုင်မာပြီး (Risk) နည်းသော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်လိုကြောင်း၊ ဝန်ထမ်းများ စုဆောင်းတတ်သည့်စိတ်ဓါတ် (Saving Attitude) ကိုလည်း ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ CPF အဖွဲ့ဝင်များအတွက် လိုအပ်ချက်များအပေါ်မူတည်ပြီး သင့်လျော်သည့် အကျိုးခံစားခွင့်များကို ကမ်းလှမ်းမှာဖြစ်ခြင်းကြောင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးရှုထောင့်ကကြည့်ပါက ဝန်ထမ်းများပင်စင်ယူမည့်အချိန်တွင် နောင်ရေးစိတ်အေးနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် လူသားအရင်းအမြစ်ကို ထိန်းသိမ်းနိုင်ပြီး ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်ကို ဖော်ဆောင်နိုင်ကြောင်း၊ ရန်ပုံငွေထူထောင်ရာတွင် နိုင်ငံ့ဝန်ထမ်းများအတွက် ဦးစွာ အကောင်အထည်ဖော် ဆောင်သွားမည်ဖြစ်ပြီး ရန်ပုံငွေလည်ပတ်ခိုင်မာလာသည်နှင့်အမျှ ပုဂ္ဂလိကကဏ္ဍအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ CPF ဥပဒေ ပထမမူကြမ်းကို ကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များကို ဖြန့်ဝေပေးပြီးဖြစ်သည့်အတွက် ပိုမိုပြည့်စုံရေးအတွက် သဘောထားမှတ်ချက်များ စိစစ်ပြန်ကြားပေးနိုင်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ပင်စင်စနစ်ဟောင်းနှင့် စနစ်သစ်များအတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ ရှေ့ဆက်လက်ဆောင်ရွက်မည့် ကော်မတီလုပ်ငန်းများ၊ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေ (ပထမမူကြမ်း) ရေးဆွဲပြီးစီးမှုအခြေအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒီဇိုင်းပုံစံ (မူကြမ်း)တို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်၊ ဆပ်ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်