၆ ဇွန်
ဆေးရုံအပါအဝင် နေရာလေးခုအား လျှပ်စစ်ပြတ်တောက်မှုမရှိစေရန် သီးခြားလိုင်းများဖြင့် စီစဉ်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုဝန်ကြီးဌာနသို့ တင်ပြထားကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။
ပြီးခဲ့သည့် ဇွန် ၅ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာ ဆောင်ရွက်ချက်များ သတင်း စာရှင်းလင်းပွဲတွင် ဝန်ကြီးဒေါ်နီလာကျော် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်မီးပြတ်တောက်မည်ဆိုပါက ဆေးရုံအပါအဝင် လမ်းမီးများ၊ မီးပွိုင့်များနှင့် CNG ဆိုင်များကို မဖြတ်တောက်ရန် သီးခြားလိုင်းများဖြင့် စီစဉ်ဆောင်ရွက်ရန် တင်ပြခြင်းဖြစ်သည်။
"ပြီးခဲ့တဲ့ မေလထဲမှာ ပြည်ထောင်စုဝန်ကြီး ဒုဝန်ကြီးနဲ့ ရန်ကုန်တိ်ုင်းမှာ အစည်းအဝေးလုပ်တဲ့အချိန်မှာ YESC နဲ့ ကျွန်မတို့ တင်ပြတောင်းဆိုထားတာကတော့ နောက်နောင်ကို မီးပြတ်မယ်ဆိုရင်တောင် အခုလိုမျိုး လျှပ်စစ်ရှော့တစ်ဖြစ်တဲ့အတွက် မီးဖြတ်ရမယ်ဆိုရင်တောင် နံပါတ်တစ်ဆေးရုံ၊ နံပါတ်နှစ်က လမ်းမီး၊ လမ်းမီးတွေ မလင်းရင် လုံခြုံရေးမှာ အားနည်းသွားနိုင်တဲ့အတွက်ပါ၊ နံပါတ် သုံးကတော့ မီးပွိုင့်တွေရယ်၊ နံပါတ်လေးကတော့ CNG ဆိုင်တွေ ဒီလေးမျိုးကိုတော့ သီးခြားလိုင်းတွေနဲ့ ဆွဲပြီး မီးမပြတ်ဖို့ စီစဉ်ဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးကို တင်ပြပြီးတော့ ပြည်ထောင်စုဝန်ကြီးကလည်း ဒါကို လမ်းညွှန်ထားပြီးဖြစ်ပါတယ်”ဟု ဒေါ်နီလာကျော်က ပြောသည်။
CNG ဆိုင်များကိုပါ လျှပ်စစ်ပြတ်တောက်မှုမရှိစေရန် သီးခြားလိုင်းများဖြင့် စီစဉ်ဆောင်ရွက်နိုင်ရေး ထည့်သွင်းပြောကြားရခြင်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်များမှာ CNG ကားများဖြစ်ကြောင်း၊ CNG ဆိုသည်မှာ ဓာတ်ဆီဆိုင်များကဲ့သို့ ဓာတ်ဆီဘောက်ဆာများနှင့် သယ်ဆောင်ကာ လှောင်ကန်အတွင်း ထည့်သွင်းပြီး ပန့်နှင့် ထည့်ပေး၍မရဘဲ ဒါရိုက် ပင်ရင်းမှ လာသည့် နေရာမှ ပိုက်လိုင်းကနေတဆင့် ပရက်ရှာနှင့် ထည့်သွင်းရခြင်းဖြစ်ကြောင်း၊ ထိုသို့ CNG ထည့်သွင်းစဉ် မီးပြတ်ပါက မီးစက်နှင့်ဆောင်ရွက်သည့်အခါ ပရက်ရှာအားနည်းသွားပါက CNG ထည့်ချိန် ပိုကြာသွားသည့်အတွက် ကားလမ်းပေါ်တွင် ကားများနည်းသွားပါက ခရီးသွား ပြည်သူများ သွားလာရေးခက်ခဲနိုင်သဖြင့် CNG ဆိုင်များကို ထည့်သွင်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် ရန်ကုန်တစ်မြို့လုံးကို မကြာမီကာလတွင် လမ်းမီးများအားလုံး အပြည့်အဝရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒဂုံမြို့သစ်လေးမြို့နယ်နှင့် လှိုင်သာယာ စသည့် နေရာများကို ဦးစားပေးပြီး လမ်းမီးများ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ထပ်မံပြောကြားသည်။
“လမ်းမီးတွေဟာ တစ်ချိန်တုန်းက ဓာတ်တိုင်နဲ့ ဓာတ်ကြိုးကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက တာဝန်ယူပါတယ်၊ မီးသီးကို စည်ပင်ကတာဝန်ယူပါတယ်၊ အဲဒီအခါမှာ ဌာနတစ်ခုနဲ့တစ်ခု ချိတ်ဆက်မမိတဲ့အခါမှာ မီးသီးကျွမ်းနေလဲ လာလဲသူမရှိ၊ မီးမလာဘူးဆိုရင် မီးသီးကျွမ်းတာလား၊ ဓာတ်ကြိုးက မီးမလာတာလားဆိုတာက အမြဲဖြစ်နေတာဖြစ်လို့ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်နှစ်မှာပဲ ရန်ကုန်စည်ပင်ကနေ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို လမ်းမီးသီးတွေကိစ္စကိုပါ လွှဲဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် လျှပ်စစ်သုံးစွဲမှုမှာ မြန်မာတစ်နိုင်ငံလုံးတွင် ထုတ်လုပ်နေသော လျှပ်စစ်အားလုံး၏ ထက်ဝက်ကျော်ကို နေ့စဉ်သုံးစွဲနေပြီး တစ်နေ့လျှင် မဂ္ဂါဝပ် ၁၅၀ဝ မှ ၁၆၀ဝ အထိ သုံးစွဲနေကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ကျေးလက်မီးလင်းရေးကိုပါ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၂၀ဝ၀ ကျော်ရှိသည့်အနက် ကျေးရွာပေါင်း ၁၀ဝ၀ ကျော်မှာ လျှပ်စစ်မီးမရရှိသေးသောကြောင့် ကျေးရွာများလျှပ်စစ်မီးရရှိရေး လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းများကို ဆောင်ရွက်လျှက်ရှိကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။
ငြိမ်းငြိမ်း-နယူးလိုက်