၈ ဇွန်
ကမ္ဘာကျော် တိုင်တန်းနစ်သင်္ဘောကြီးနစ်မြုပ်ခဲ့တာ နှစ်ပေါင်းတစ်ရာကျော်ခဲ့ပါပြီ။ ၁၀၇ နှစ်ရှိပြီလို့ ဆိုရပါမယ်။ ၁၉၉၇ ခုနှစ်မှာ ဒါရိုက်တာ James Cameron က မင်းသား လီယိုနာဒိုဒီကက်ပရီယို၊ မင်းသမီး ကိတ်ဝင်းစလက်တို့နဲ့ “Titanic” ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့ရာမှာ အထူးအောင်မြင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ကr္ဘာကျော်မင်းသား၊ မင်းသမီးတို့နဲ့ အချစ်ဇာတ်လမ်းတစ်ခုအဖြစ် စိတ်ကူးယဉ်ခြယ်သခဲ့လို့လည်း ထူးခြားစွာ အောင်မြင်ခဲ့ပါတယ်။ “My Heart will Go On”ဆိုတဲ့ သီချင်းကလည်း ကမ္ဘာကျော်ခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်းတစ်ခုလည်း မှတ်တမ်းတင် ကျန်ရှိခဲ့တာမို့ ဒီအကြောင်းကိုပါ ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။ Titanic သင်္ဘောကြီးရဲ့ ပထမတန်းက ခရီးသည် Mr.Isidor နဲ့ ဇနီးသည် Mrs.Ida Straus တို့အကြောင်း ဖြစ်ပါတယ်။
Isidor နဲ့ Ida Straus ဆိုသူတို့ဟာ အသက် ၆၇ နှစ်၊ ၆၃နှစ် အသီးသီးရှိကြပြီး သူတို့လက်ထပ်ပြီးကတည်းက ခွဲခွာနေကြတဲ့ကာလ တော်တော်နည်းတယ်။ ခွဲနေရချိန်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် စာရေးဆက်သွယ်လေ့ ရှိကြတယ်လို့ သိရပါတယ်။ Mr.Isidor မိသားစုတို့ဟာ ဂျာမနီနိုင်ငံကနေ အမေရိကန်နိ်ုင်ငံကို ပြောင်းရွှေ့အခြေချ လာသူများ ဖြစ်ကြပါတယ်။ Marcy’s Department Store ကုန်တိုက်ကြီးကိုပိုင်သူများ ဖြစ်ကြတဲ့အပြင် နိုင်ငံရေးလောကမှာလည်း ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။ Mr.Isidor ဟာ (Congressman for New York) နယူးယောက်မြို့ဆိုင်ရာ ကွန်ဂရက်အမတ်အဖြစ် ၁၈၉၅ မှ ၁၈၉၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။ သားသမီး ကိုးယောက်ရှိပြီး အကြီးဆုံးသား Jesse Isidor ဟာ ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်လည်း ဖြစ်ပါတယ်။ ဇနီးမောင်နှံတို့ဟာ ၁၉၁၂ ခုနှစ် နှစ်ဆန်းပိုင်းက ဂျာမနီနိုင်ငံကို ခရီးထွက်ခဲ့ကြပါတယ်။ သူတို့နဲ့အတူ အသက် ၁၅ နှစ်အရွယ်ရှိမြေးမလေး Beatrice Straus လည်း ပါဝင်ပါတယ်။ HAPAG liner Amerika သင်္ဘောကြီးနဲ့ သွားတာဖြစ်ပါတယ်။ အပြန်ခရီးမှာတော့ သူတို့နှစ်ဦးတည်း ဖြစ်ပါတယ်။ သွားနေကျ ဥရောပသင်္ဘောလိုင်းတွေအစား အသစ်စက်စက် တိုင်တန်းနစ်သင်္ဘောကြီးရဲ့ အသစ်စက်စက်ခရီးစဉ်က ပထမတန်းနဲ့လိုက်ပါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုရွေးချယ်ခဲ့မှုဟာ သူတို့နှစ်ဦးအတွက် ကံဆိုးမိုးမှောင်ကျမယ့်မပြန်လမ်းဖြစ်ကြောင်း သူတို့ မသိခဲ့ကြရှာပါဘူး။ သားကြီးဖြစ်တဲ့ သံအမတ်ကြီးက သွားမယ့်သမုဒ္ဒရာရေလမ်းခရီးမှာ ရေခဲတုံးကြီးတွေ ရှိတဲ့အကြောင်း၊ သူတွေ့ခဲ့ကြောင်း၊ သူ့ဖခင်ဆီ ကြေးနန်းရိုက်အကြောင်းကြား အသိပေးထားခဲ့ပါသေးတယ်။ အင်္ဂလန်နိုင်ငံ ဆောက်သင်မ်တန်မြို့ကနေ အမေရိကန်နိုင်ငံ နယူးယောက်မြို့ဆီ ထွက်ခွာမယ့်ခရီးစဉ် ဖြစ်ပါတယ်။ ကမ္ဘာကျော်တိုင်တန်းနစ်သင်္ဘောကြီးဟာ ခရီးသည်ပေါင်း ၂၄၃၅ ဦး၊ သင်္ဘောအမှုထမ်း ၈၉၂ ဦး စုစုပေါင်း ၃၃၂၇ ဦး တင်ဆောင်နိုင်ပါတယ်။ အင်္ဂလန်နိုင်ငံ Harlan and Wolff ကုမ္ပဏီက တည်ဆောက်ခဲ့ပြီး တန်ဖိုးငွေ ပေါင် ၁ ဒသမ ၅ သန်း (၂၀ဝ၈ ခုနှစ်တန်ဖိုး ဒေါ်လာ ၁၄၄ ဒသမ ၅ သန်း) ကုန်ကျပါတယ်။ အဲဒီခေတ်က အကောင်းဆုံးနည်းပညာများနဲ့ တည်ဆောက်ခဲ့တဲ့ ခေတ်အမီဆုံးပင်လယ်ကူး ဇိမ်ခံသင်္ဘောကြီး ဖြစ်ပါတယ်။ White Star Line သင်္ဘောကုမ္ပဏီကပိုင်ဆိုင်ပြီး ၃၁.၃.၁၉၀၉ ရက်နေ့မှာ စတင်တည်ဆောက်ရာ ၂.၄.၁၉၁၂ ရက်နေ့မှာ တည်ဆောက်ပြီးစီးပါတယ်။ ၁၀.၄.၁၉၁၂ ရက်နေ့မှာ သူ့ရဲ့ ဗွေဆော်ဦးခရီးစဉ်အဖြစ် စတင်ခုတ်မောင်း ထွက်ခွာတာဖြစ်ပါတယ်။ ခရီးသည်ပေါင်း ၁၃၁၇ ဦး (ပထမတန်း ၃၂၄ ဦး၊ ဒုတိယတန်း ၂၈၄ ဦး၊ တတိယတန်း ၇၀၉ ဦး)တို့ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ အမျိုးသားပေါင်း ၈၆၉ ဦး (၆၆ ရာခိုင်နှုန်း)၊ အမျိုးသမီး ၄၄၇ ဦး (၃၄ ရာခိုင်နှုန်း)၊ ကလေးငယ်ပေါင်း ၁၀၇ ဦးပါရှိပြီး အများစုဟာ တတိယတန်းခရီးသည်များ ဖြစ်ကြပါတယ်။ ၁၀.၄.၁၉၁၂ ရက်နေ့က ထွက်ခွာပြီး ၁၄.၄.၁၉၁၂ ရက်နေ့ ည ၁၁ နာရီ မိနစ် ၄၀ မှာ ရေပြင်ထဲက ရေခဲတုံးကြီးနဲ့ တိုက်မိပြီး နှစ်နာရီ မိနစ်လေးဆယ်အကြာ၊ ၁၅.၄. ၁၉၁၂ ရက်နေ့အကူးမှာ နစ်မြုပ်ခဲ့ရပါတယ်။ ခရီးသည်ပေါင်း ၇၀၅ ဦးသာ အသက်ရှင်ခဲ့ကြပါတယ်။ အသက်ကယ်လှေ ၂၀ ပါရှိရာ မှာ တစ်စီးကို ပျမ်းမျှ လူ ၄၀ တင်ဆောင်နိုင်ပါတယ်။ အသက်ကယ်လှေများကို စီးနင်းရာမှာ “Woman and children first” ဆိုတဲ့ စည်းကမ်းသတ်မှတ်ထားလေ့ ရှိပါတယ်။
Titanic သင်္ဘောကြီးနစ်တဲ့ အချိန်မှာ သူတို့နှစ်ဦးဟာ အမှတ်(၈)အသက်ကယ်လှေအနီးကို ရောက်လာခဲ့ကြပါတယ်။ သူတို့နဲ့အတူ အဖော်ဖြစ်သူ Ms.Ellen Bird ဆိုသူပါ ပါဝင်လာပါတယ်။ အသက်ကယ်လှေကိုကြီးကြပ်သူက အမျိုးသမီးများ၊ ကလေးများနဲ့သက်ကြီးရွယ်အိုများကိုသာ ဦးစားပေးတာဖြစ်ပေမယ့် အမျိုးသမီးများနဲ့အတူ၊ အမျိုးသားကြီး ဖြစ်တဲ့ Mr.Isidor ကိုပါ လိုက်ခဲ့ဖို့ဆိုပါတယ်။ Mr.Isidor ကတော့ သင်္ဘောကုန်းပတ်ပေါ်မှာ အမျိုးသမီးများ၊ ကလေးငယ်များစွာ ကျန်နေသေးတာမို့ သူမလိုက်ပါဘူးလို့ ဆိုပြီး သူ့ဇနီးသည်ကိုသာ အသက်ကယ်လှေပေါ် တင်လိုက်ပါ တယ်။ သူ့အမျိုးသမီးနဲ့ အဖော်ဖြစ်သူတို့ကိုသာ ခေါ်သွားဖို့ပြောလိုက်ပါတယ်။ “We have lived for many years, where you go, I go”- “တို့နှစ်ယောက် အတူနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့လှပေါ့။ မင်းသွားတဲ့နေရာ ကိုယ်လည်းသွားမယ်၊ ခွဲမနေလိုပါဘူး” လို့ ဇနီးဖြစ်သူ Ida ကဆိုကာ လှေပေါ်က ဆင်းသွားပါတော့တယ်။ Mrs.Ida က သူ့ရဲ့အိမ်ဖော်မလေး Ellen Bird ကို သူ့ထိုင်ခုံနေရာမှာ ထိ်ုင်စေပြီးတော့ သူ့ခင်ပွန်းလက်ကိုတွဲကာ အသက်ကယ်လှေအနီးက နေထွက်ခွာသွားပါတယ်။ ပြီးတော့ သင်္ဘောကုန်းပတ်ပေါ်က ထိုင်ခုံလေးပေါ်မှာ နှစ်ယောက်သား လက်ချင်းချိတ်ပြီး ထိုင်နေတာ တွေ့ရပါတယ်။ အလွန်အရေးကြီးချိန်ဖြစ်လို့ အသက်ကယ်လှေပေါ်ကို ခရီးသည်များ အလျင်အမြန်တင်ပြီး လှေကို ရေပြင်ပေါ်ကို ချလိုက်ရပါတယ်။ လှေပေါ်ပါသွားတဲ့ Ellen Bird နဲ့ ခရီးသည်များကတော့ ဒီဖြစ်စဉ်ကို အစအဆုံးတွေ့ မြင်ကြားသိခဲ့ကြပါတယ်။ လာရောက်ကယ်တင်တဲ့ RMS Capathia သင်္ဘောကြီးနဲ့ နယူးယောက်ကို ရောက်ရှိကြပါတယ်။ Isidor ရဲ့ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိပေမယ့် သူ့ဇနီးရဲ့အလောင်းကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ သူတို့နှစ်ဦးကို အတူမြှုပ်နှံခွင့်မရခဲ့ပါဘူး။ သူတို့နှစ်ဦးရဲ့ တစ်ဦးအပေါ်တစ်ဦး အချစ်ကြီးပုံ၊ သစ္စာကြီးမားပုံတွေကတော့ လူအများစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ အမေရိကန် သတင်းစာများမှာ အကျယ်တဝင့်ဖော်ပြကြပါတယ်။ “Straus နဲ့ဇနီးတို့ သင်္ဘောနစ်ရာမှာ ပါသွားကြတယ်။ ဇနီးဖြစ်သူက သူတစ်ယောက်တည်း ခွဲမနေလိုဘူးဆိုပြီး ငြင်းဆန်တယ်၊ နှစ်ဦးသား တစ်ယောက်လက်ကိုတစ်ယောက် ဖက်တွယ်ထားရင်း အသေခံသွားကြတယ်”စသည်ဖြင့် ဖော်ပြကြပါတယ်။ ဂျူးဘာသာ၊ ဂျာမန်ဘာသာ သတင်းစာများကလည်း ချီးကျူးဖော်ပြကြပါတယ်။ Isidor Straus ဟာ ဂျူး-အမေရိကန် လူမျိုးဖြစ်ပါတယ်။
မြင့်မြတ်ပြီး ကိုယ်ကျိုးစွန့်တဲ့ သူများမို့သူတို့နှစ်ဦးရဲ့ အထိမ်းအမှတ်ရုပ်တုကိုလည်း ဂုဏ်ပြုထားရှိပါတယ်။ “Their Lives were Beautiful and their Deaths Glorious” သူတို့ရဲ့ဘဝများက လှပလွန်းသလို သူတို့ရဲ့ သေခြင်းများကလည်း မြင့်မြတ်လှပါတယ်လို့ ကမ္ပည်း ထိုးထားတာတွေ့ရပါတယ်။
တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ရာမှာ ဖော်ပြခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဟာ အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပထမအချက်အနေနဲ့ Mr.Isidor ဟာ အသက်ကယ်လှေနဲ့ လိုက်သွားရင်ရရဲ့သားနဲ့ သူလိုက်မသွားခဲ့ပါဘူး။ “Woman and children fi rst” ဆိုတဲ့ စည်းကမ်းကို သူလိုက်နာတယ်၊ လေးစားတယ်၊ တစ်ကိုယ်ကောင်း မဆန်ဘူး။ သူ့မျက်စိထဲမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေ အသက်ဘေးကလွတ်ဖို့ အသက်ကယ်လှေပေါ်တက်နိ်ုင်ရေးအတွက် အော်ဟစ်ငိုယိုနေတာ တွေ့ရလို့သူအနစ်နာခံဖို့ဆုံးဖြတ်ပြီး ချန်နေရစ်တာ ဖြစ်ပါတယ်။ ဒါဟာ အင်မတန်မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်ဖြစ်ပါတယ်။ လူတိုင်းဟာ အသက်သေရမှာ အကြောက်ဆုံးဖြစ်ပါတယ်။ အသက်ဘေးနဲ့ ကြုံချိန်မှာ မိမိကိုယ်ကို အချစ်ဆုံးဖြစ်လို့ လွတ်မြောက်ရာကို ကိုယ်လွတ်ရုန်းကြလေ့ရှိပါတယ်။ သို့သော်မိမိထက် အားနည်းသူ၊ ဦးစားပေးရမယ့်သူရှိလာရင် အခုလို မိမိက နောက်ချန်နေရမယ်ဆိုတာကို ဆုံးဖြတ်ပြီး ရဲရဲဝံ့ဝံ့လုပ်နိုင်သူတော့ များစွာရှားပါးပါလိမ့်မယ်။ လူကြီးလူကောင်း ပီသစွာ၊ မိမိရဲ့လိပ်ပြာသန့်စွာနဲ့ သေဘေးကိုရဲဝံ့စွာရင်ဆိုင်လိုက်တဲ့ အမျိုးသားကြီး၊ ယောကျာ်းကောင်းကြီး၊ လူသားကောင်းအဖြစ် တစ်ကမ္ဘာလုံးက မှတ်တမ်းတင်လေးစားနေမှာ ဖြစ်ပါတယ်။ သတ္တိဆိုတာ တိုက်နိုင်၊ ခိုက်နိုင်တာမှမဟုတ်ဘဲ အမှန်တရားကို လက်ကိုင်ထားမှု၊ မှန်ရာကို ပြတ်ပြတ်သားသားလုပ်နိုင်မှုလည်း ဖြစ်ပါတယ်။ အလွန်ဂုဏ်ပြု ချီးကျူးထိုက်ပါတယ်။
သူ့ရဲ့ဇနီး Ida ကရော၊ “Whereyou go,I go”တဲ့။ သိပ်တန်ဖိုးရှိတဲ့ စကားဖြစ်ပါတယ်။ ဂန္ထဝင်စာတင်လောက်တဲ့ စကားဖြစ်ပါတယ်။ ရင်ထဲ အသည်းနှလုံးထဲကလာတဲ့ စကားဖြစ်ပါတယ်။ သေတွင်းထဲ ဆင်းရခါနီးမှာ မိမိက လွတ်မြောက်အောင် ထွက်သွားနိုင်ပေမယ့် တစ်သက်လုံးလက်တွဲလာခဲ့သူ ချစ်သူလင်သား ဘယ်သွားသွားလိုက်မယ်၊ သေရွာသွားရပြီဆိုလည်း ခွဲမထားနဲ့၊ ကြည်ကြည်ဖြူဖြူ လိုက်မယ်ဆိုတဲ့ မြင့်မြတ်တဲ့စိတ်ထားပိုင်ရှင် သစ္စာတရားကို သေသည်အထိ မြဲမြံစွာ လက်ကိုင်ထားနိုင်ခဲ့သူ အမျိုးသမီးအာဇာနည် ဖြစ်ပါတယ်။
မိမိကိုယ်ကျိုးထက် အများအတွက်မိမိထက်အားနည်းသူများအတွက် အသက်ကိုပင် ပဓာနမထား၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သူ၊ သစ္စာတရားကို မြဲမြံစွာလက်ကိုင်ထားသူ၊ သစ္စာတရားကို အသက်ထက်ပိုမြတ်နိုးသူ၊ အပြောမဟုတ် လက်တွေ့လုပ်ပြသွားနိုင်သူများအဖြစ် လေးစားစရာများစွာ တွေ့နိုင်ပါတယ်။
ဒါကြောင့် သူတို့နှစ်ဦးရဲ့ ရှင်သန်ခဲ့တဲ့ဘဝမှာ အလှအပများနဲ့ တန်ဆာဆင်နိုင်ခဲ့သလိုဘဝကို နိဂုံးချုပ်ချိန်ကျတော့လည်း ဂုဏ်ရှိရှိလှပစွာ အဆုံးသတ်သွားတာ တွေ့ရပါတယ်။တွေးရင်းနဲ့ ကြက်သီးတောင်ထမိပါတယ်။ လောကမှာ ဒီလိုလူသားကောင်းတွေ ရှိပါလား၊ လေးစားစရာကောင်းတဲ့ လူသားဂုဏ်ရည်တွေဟာ လောကကြီးအတွက် တန်ဖိုးကြီးလှပါလားလို့ တွေးမိပါတယ်။ သင်္ဘောကြီးနစ်သွားတာ နှစ်ပေါင်းတစ်ရာကျော်ခဲ့ပေမယ့် ဒီလူသားနှစ်ဦးရဲ့ စိတ်ဓာတ်နဲ့ ဂုဏ်သတင်းတွေကတော့ အမြဲရှင်သန်ဝေဆာနေဦးမှာပါ။ လူတိုင်းမမေ့နိုင်၊ မမေ့ရက်တဲ့ ဖြစ်ရပ်မှန်အဖြစ် ထာဝရတည်ရှိနေမှာပါ။ ဒီပုဂ္ဂိုလ်ကြီးနှစ်ဦးတို့သည်လည်း မြင့်မြတ်သောဘုံဘဝမှာ ရောက်ရှိနေလိမ့်မယ်လို့ ယုံကြည်နေမိပါတော့တယ်။ ။
ဒေါက်တာမြင့်သန်း(ညောင်လေးပင်)