​ နေပြည်တော် ၉ ဇွန်

မြန်မာနိုင်ငံသည် လူဦးရေနှင့် စီးပွားရေးအရ အင်အားကြီးမားသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြားတွင်တည်ရှိပြီး ပထဝီဝင်အနေအထားအရ အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကို ချိတ်ဆက်ပေးနိုင်သည့် မဟာဗျူဟာကျသော နေရာတွင် တည်ရှိသည့် နိုင်ငံဖြစ်၍ နိုင်ငံအများ နှင့် တိုးမြှင့်ဆက်ဆံနိုင်သောကြောင့် ယခင်နှင့်မတူ ကုန်သွယ်မှုပမာဏ တိုးတက်လာခဲ့သည်။

မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ) တိုးတက်မှုသည် ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာ မှ ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၆ ဒသမ ၈ ရာ ခိုင်နှုန်းအထိ ရှိလာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားရာ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ယခုနှစ်နှင့် လာမည့်နှစ်တို့တွင် တိုးတက်လာမည်ဟု မျှော်မှန်းထားသည်။

ထိုမျှော်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံ၏ ယခုနှစ် ဧပြီလအထိ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၈၀၁၅၀ ဒသမ ၄၇၂ သန်းရှိနေပြီဖြစ်သည်။ က္ဘာပေါ်ရှိ နိုင်ငံပေါင်း ၄၉ နိုင်ငံက စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံကြသည့် အဓိကလုပ်ငန်းများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်းများ၊ ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများဖြစ်သည်။

ယင်းလုပ်ငန်းများသည် ဈေးကွက်ရရှိရန် အလားအလာကောင်းများရှိပြီး ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံ လူ့အဖွဲ့အစည်းများအတွက် အကျိုးရလဒ်များ ရှိမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုအများဆုံးမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့တွင် ၂၇ ဒသမ ၉၇ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင်၂၆ ဒသမ ၄၂ ရာခိုင်နှုန်းနှင့် ကုန်ထုတ်လုပ်မှုအပိုင်းတွင် ၁၃ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သည်။ ယခုအခါ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် လူသုံးများသော မော်တော်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းကို လာရောက် လုပ်ကိုင်လျက်ရှိသည်။

ကမ္ဘာ့စီးပွားရေးတွင် အဓိကကျသည့် အီးယူနိုင်ငံများကလည်း ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လာသည်ကို တွေ့ရသည်။ မြန်မာနှင့်အီးယူ ကုန်သွယ်မှုပမာဏသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ ဘီလီယံမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၇ ဘီလီယံဖြစ်သည့်အတွက် အမေရိကန်ဒေါ်လာသန်း ၈၀ဝ ကျော် တိုးတက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၇ ဘီလီယံဖြစ်လာသည်ကို တွေ့ရသည်။

ထိုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းသည် ပိုမိုဆွဲဆောင်မှုရှိသည့် ယှဉ်ပြိုင်မှုဥပဒေသစ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်၊ မြန်မာကုမ္ပဏီများ ဥပဒေသစ်တို့ကို ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်သည့် စီးပွားရေးလုပ်ကိုင်ခွင့် ပြုပြင်ပြောင်းလဲနိုင်ခြင်းများကြောင့် ကုမ္ပဏီမှတ်ပုံတင်ရာတွင် လွယ်ကူစေမှု၊ ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာမှု၊ ဖြေလျှော့ပေးမှု၊ အာမခံချက်ရှိမှုတို့နှင့် လက်လီလက်ကား ရောင်းဝယ်ရေးတွင် နိုင်ငံခြားသားပိုင် ကုမ္ပဏီများကို ၁၀ဝ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုများ ရရှိလာသဖြင့် တိုးတက်လာခြင်းဖြစ်သည်။

သို့ဖြစ်ရာ သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများကို ဖန်တီး ဖော်ဆောင်နိုင်သောကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် မကြာမီ တိုးတက်လာမည်ဟု မျှော်မှန်းထားရာ တာဝန်ယူမှုရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို နွေးထွေးစွာ ဆက်လက်ကြိုဆိုရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ