ထွန်းသစ်စ

ရုရှားနိုင်ငံ စီးပွားရေးဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ပူးပေါင်းပြီး အမေရိကန်ရဲ့ ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးလာမှုအပေါ် ဇွန် ၆ ရက်မှာ လက်တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့တာကို မျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ရပါတယ်။ တရုတ်နိုင်ငံကလည်း အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲနေရသလို ရုရှားနိုင်ငံကလည်း အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေကို ခုခံနေရတဲ့အခုလိုအချိန်အခါမှာ သူတို့နှစ်ယောက်ပေါင်းပြီး ကမ္ဘာ့စီးပွားရေးမညီမျှမှုတွေကို ဆွေးနွေးဖလှယ်ပြီး အနီးကပ် ပူးပေါင်းလုပ်ဆောင် ကြဖို့ ကတိကဝတ်တွေပြုခဲ့ကြတာပါ။

ဖိအားပေး

နှစ်စဉ်ကျင်းပမြဲ စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဆွေးနွေးပွဲကို တက်ရောက်လာတဲ့နိုင်ငံရေးနဲ့ စီးပွားရေး ခေါင်းဆောင်တွေရဲ့ရှေ့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန်ဟာ ကမ္ဘာကြီးတစ်ခုလုံးအပေါ် သူ့ရဲ့ လုပ်ပိုင်ခွင့်တွေ၊ စီရင်ပိုင်ခွင့်တွေ တိုးချဲ့နေတယ်လို့ စွပ်စွဲပြော ကြားလိုက်ပါတယ်။

ပြီးတော့လည်း ကုန်သွယ်ရေးစစ်ပွဲနဲ့ အရေးယူပိတ်ဆို့မှုတွေအပေါ် အာဝဇ္ဇန်းရွှင်ရွှင် ပြောကြားမှုတွေ လုပ်ဆောင်ခဲ့ပြီးတော့ အဲဒီအကျိုးဆက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာရဲ့ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒါတွင်မက တရုတ်နည်းပညာကုမ္ပဏီဖြစ်တဲ့ ဟွာဝေးအပေါ် အမေရိကန်ရဲ့ ဖိအားပေးမှုကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

သူတို့ဟာ တရုတ်နည်းပညာကုမ္ပဏီဖြစ်တဲ့ ဟွာဝေးကို ထိန်းချုပ်ထားချင်ရုံမဟုတ်ဘဲ ကမ္ဘာ့ဈေးကွက်က ထွက်ခွာသွားအောင် ဖိအားပေးလုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့တောင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

အကောင်းဆုံး မိတ်ဆွေ

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ကမ္ဘာ့စီးပွားရေး ဈေးကွက်မှာ မညီမျှမှုတွေကို ကျော်လွှားဖို့အဆင့်ဆင့်လုပ် ဆောင်ဖို့လိုတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတိုင်းဟာ ပိုမိုပြည့်စုံကောင်းမွန်တဲ့ ပန်းတိုင်ကို ရှေးရှုနေမှာဖြစ်ပါတယ်။ အဲဒါကိုရပ်တန့်မှာ မဟုတ်ဘူးလို့လည်း သူက ဆက်လက်ပြော ပါတယ်။

တရုတ်နိုင်ငံရဲ့ အဓိကမဟာမိတ်နိုင်ငံဖြစ်လာတဲ့ ရုရှားနဲ့ အခြေခံတန်းတူညီမျှတဲ့ သဘောတရားကို အခြေခံပြီး အကျိုးဖြစ်ထွန်းတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ဆောင်သွားဖို့နဲ့ အချင်းချင်း အပြန်အလှန် လေးစားဂရုပြုဖို့လည်း မျှော်လင့်လျက်ရှိတယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ပြောပါတယ်။ တရုတ်နိုင်ငံဟာ နည်းပညာတီထွင်မှုပိုင်း အထူးသဖြင့် 5-G နည်းပညာမှာ သူ့ရဲ့ မဟာမိတ်နိုင်ငံများနဲ့ ဝေမျှသွားဖို့ အဆင်သင့်ရှိကြောင်းလည်း သူက ဆက်ပြောပါတယ်။

ရုရှားနိုင်ငံကို သုံးရက်ကြာ အလည်အပတ်ခရီး ထွက်လာတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ကရင်မလင်နန်းတော် တွေ့ဆုံမှုမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သူ့ရဲ့ အကောင်းဆုံး မိတ်ဆွေအဖြစ် သုံးနှုန်းပြောဆိုသွားတာကို တွေ့ရပါတယ်။

စာချုပ်တွေချုပ်ဆိုခဲ့

ရုရှားဟာ ခရိုင်းမီးယားဒေသကို သိမ်းပိုက်လိုက်တဲ့အတွက် အနောက်နိုင်ငံတွေနဲ့ အခြေအနေတင်းမာမှုကို ဖြစ်စေရုံတင်မကဘဲ အရှေ့ဘက် အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ အမြင်မကြည်ဖြစ်ခဲ့ပြီး ငါးနှစ်ကြာပြီးနောက်မှာတော့ အခုလို တရုတ်သမ္မတရဲ့ ခရီးစဉ်ဖြစ်မြောက်လာတာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ လတ်တလောမှာ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေးမှာ ဘေးကျပ်နံကျပ်အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ပိတ်မိနေတဲ့ အနေအထား ရောက်နေပါတယ်။ အမေရိကန် နိုင်ငံဟာ တရုတ်နိုင်ငံအပေါ် အခွန်စည်းကြပ်မှု အများအပြား လုပ်ဆောင်ခဲ့ပြီး ဟွာဝေးကဲ့သို့သော တချို့ကုမ္ပဏီတွေကို အမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

မကြာသေးမီနှစ်များအတွင်းက ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာ တိုးတက်လာတာကို တွေ့ရပါတယ်။ သို့သော်လည်း တချို့အပိုင်းလေးတွေမှာ စဉ်းစားစရာလေးတွေတော့ ရှိနေပါသေးတယ်။

တရုတ်သမ္မတရဲ့ မော်စကိုခရီးစဉ်မှာ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ စာချုပ်အမြောက်အမြား ချုပ်ဆိုနိုင်ခဲ့ပြီး အဲဒီထဲမှာ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ ဓာတ်ငွေ့နဲ့ တခြားစီးပွားရေး ကဏ္ဍတွေပါဝင်တယ်လို့ သိရပါတယ်။ ပြီးတော့လည်း အာတိတ် ကုန်သွယ်ရေကြောင်းလမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနဲ့ တရုတ်သင်္ဘောကုမ္ပဏီတွေ အတူတကွ လက်တွဲလုပ်ဆောင်မယ့်စာချုပ်အပြင် တခြားစာချုပ်တွေလည်း ချုပ်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေ

ရုရှားနိုင်ငံသို့ကိုယ်စားလှယ် ၁၀ဝဝ လောက် ဦးဆောင်သွားတဲ့ တရုတ်သမ္မတရဲ့ ခရီးစဉ်မတိုင်မီမှာ ကရင်မလင်အကြံပေး ယူရီယူရှာကော့ဗ်က တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံရဲ့ အဓိကစီးပွား ရေးကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုလို တရုတ်နဲ့ ရုရှားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ ကုန်သွယ်ရေးကဏ္ဍမှာ တိုးတက်လာမယ့် အကျိုးရလဒ်တွေ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ တရုတ်နဲ့ရုရှားနိုင်ငံရဲ့ ကုန်သွယ် ရေးဟာ ၂၀၁၈ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၈ ဘီလီယံခန့် မြင့်တက်ခဲ့ပါတယ်။

ယူကရိန်းအပေါ် ပြုလုပ်ခဲ့တဲ့ ရုရှားရဲ့ လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေရှိခဲ့သလို အရေးယူပိတ်ဆို့မှုတွေရှိခဲ့သော်ငြားလည်း တရုတ်နဲ့ အမေရိကန်တို့ ထက်ကိုပဲ ဥရောပသမဂ္ဂဟာ ရုရှားရဲ့ အကြီးဆုံးနိုင်ငံခြားရင်းနှီး မြှုပ်နှံသူအဖြစ် ဆက်လက်ကျန်ရှိနေဆဲပါ။

အခုတော့ တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အလောတကြီး လုပ်ဆောင်နေတယ်လို့ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ ရီနေးဆန့်ကက်ပီတယ်မှ စီးပွားရေးပညာရှင် ချားလ်ရောဘတ်ဆန်က ပြောပါတယ်။ ကာလရှည်လုပ်ဆောင်မှုက ပိုမိုစိတ်ချယုံကြည်ရတာကြောင့် အလောတကြီးလုပ်ဖို့ မလိုဘူးလို့လည်း သူက ပြောပါတယ်။

တရုတ်နိုင်ငံဟာ နောက်ထပ်သုံးနှစ်မှ ငါးနှစ်ကြား ဒါမှမဟုတ် အဲဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် ရုရှားနိုင်ငံမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လိမ့်မယ်လို့ သူက ခန့်မှန်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုရှားနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ပေကျင်းပိုးလမ်းမသစ် စီမံကိန်းကြီးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေလို့ပဲ ဖြစ်တယ်လို့ သူက ထောက်ပြ ပြောဆိုပါတယ်။

အကျိုးကျေးဇူးတွေရမလား

ယူကရိန်းအရေး ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရုရှားနိုင်ငံရဲ့ စီးပွားရေး၊ ဆီဈေးနှုန်း ကျဆင်းမှုကြောင့် ထင်တိုင်း မပေါက်တဲ့ ရုရှားနိုင်ငံရဲ့ စီးပွားရေးစတဲ့ စီးပွားရေး အခြေအနေတွေကို ရုရှားအနေနဲ့ ပြန်လည်သုံးသပ်ဖို့လိုတဲ့အချိန် ရောက်လာတဲ့အတွက် ရုရှားသမ္မတ ပူတင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်ချင်နေပါတယ်။

၂၀၁၇ စီးပွားပျက်ကပ်မှနိုးထလာတဲ့ ရုရှားနိုင်ငံဟာ ယခုနှစ် ပထမလေးလပတ်မှာ ဝ ဒသမ ၅ ရာခိုင်နှုန်းအထိသာ တိုးတက်လာပါတယ်။ ဒါပေမယ့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများဟာ ရုရှားနိုင်ငံရဲ့ ကျလွယ်တက်လွယ်ဖြစ်နေတဲ့ စီးပွားရေးအခြေအနေကို အနည်းငယ်တော့ စိုးရွံ့နေကြပါတယ်။

ရုရှားနိုင်ငံအနေနဲ့ အခုလို စီးပွားရေးဆိုင်ရာ အကျပ်ရိုက်နေတဲ့အချိန်မှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို  လက်ခံမှာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း အမေရိကန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေမြင့်လာတဲ့ အချိန်မှာ ရုရှားနိုင်ငံဟာ သူ့ရဲ့ အရေးကြီးတဲ့ ကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သလို ရုရှားနိုင်ငံအနေနဲ့လည်း ထို့အတူပဲ ဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ တက်လွယ်ကျလွယ်ဖြစ်နေတော့ တရုတ်နိုင်ငံအနေနဲ့ ရုရှားနဲ့ စီးပွားရေးပူးပေါင်း လုပ်ဆောင်မှုမှာ ဘာပဲဖြစ်ဖြစ် အကျိုးကျေးဇူးတွေရမလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါ တယ်။ ။

ကိုးကား- အေအက်ဖ်ပီ