ရန်ကုန် ၉ ဇွန်

၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ဇွန် ၈ ရက် နံနက်က သက်ဆိုင်ရာ အခြေခံပညာကျောင်း အသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသူများစာရင်း ထွက်ပေါ်လာခဲ့ရာ အမှတ်တူညီသူ ၁၂ ဦးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးမှ ခြောက်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ခြောက်ဦးဖြစ်သည်။

အမှတ်အများဆုံးရရှိခဲ့ကြသူများမှာ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အ.ထ.က (၄) မှ မောင်ကျော်လင်းသန်းက အမှတ်ပေါင်း ၅၅၅ မှတ်၊ အ.ထ.က (၁) ဒဂုံမှ မောင်ကောင်းထူးသန့်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ မဟန်နီထွန်းနှင့် မယမုံသွင်တို့က ၅၅၂ မှတ်စီ၊ ချမ်းအေးသာစံမြို့နယ် CAE  ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်ဝေလင်းဦးက အမှတ်ပေါင်း ၅၅၀၊ ချမ်းမြသာစည်မြို့နယ် သူရိန်နန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ မငြိမ်း အိအိစံနှင့် မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် မိသားစုကိုယ်ပိုင်အထက်တန်းကျောင်းမှ မဖြူဖြူကျော်တို့က ၅၄၉ မှတ်စီ၊ ချမ်းအေးသာစံမြို့နယ် CAE  ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်ကျော်ညီသာ၊ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းမှ မောင်ရှိုင်းထက် လွင်တို့က ၅၄၈ မှတ်စီ၊ ကမာရွတ်မြို့နယ်၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းမှ မောင်အောင် ညီဖြိုး၊ အ.ထ.က (၁)ဒဂုံမှ မောင်ပြည့်စုံကျော်နှင့် မောင်အံ့ဖုန်းမောင်တို့က ၅၄၇ မှတ်စီ အသီးသီးရရှိကြောင်း သိရသည်။

အမှတ်အများဆုံးရရှိသူ မောင်ကျော် လင်းသန်းအား မြန်မာ့အလင်းမှ ၎င်းနေထိုင်ရာ ကြည့်မြင်တိုင်ဈေးကြီး အနောက်ရပ်ကွက် ဈေးကြီးလမ်းသို့ သွားရောက်တွေ့ဆုံခဲ့သည်။ မောင်ကျော်လင်းသန်းကို ဖခင် ဦးဌေးအောင်၊ မိခင်ဒေါ်စန်းစန်းငြိမ်းတို့မှ ၂၀ဝ၃ ခုနှစ် မေလ ၂၆ ရက်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ တစ်ဦးတည်းသော သားဖြစ်သည်။ မိဘများမှာ သာမန် လက်လုပ်လက်စားများဖြစ်ပြီး ကြည့်မြင်တိုင် ဗဟိုလဟာပြင် ညဈေးတွင် ဖိနပ်ဆိုင်ဖွင့်ထားသူများဖြစ်သည်။

အ.ထ.က (၄)အလုံတွင် စတုတ္ထတန်းမှ စတင်ပညာသင်ကြားလာသူဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အတန်းတိုင်းတွင် အောင်မြင်မှုဆုများရရှိခဲ့သူဖြစ်သည်။ ၂၀၁၇ အဋ္ဌမတန်း၊ ၂၀၁၈ နဝမတန်း၊ ၂၀၁၉ တက္ကသိုလ်ဝင်တန်းတို့တွင် လူရည်ချွန် သုံးနှစ်ဆက်တိုက် ရရှိခဲ့သည်။ မောင်ကျော်လင်းသန်းက “ကျွန်တော် အ.ထ.က (၄) အလုံမှာ စတက်ကတည်း က ဆရာမတွေရဲ့ သွန်သင်ဆုံးမမှု၊ သင်ကြားမှုတွေကို တစိုက်မတ်မတ် လိုက်နာလုပ်ဆောင်ခဲ့ပါတယ်။ အတန်းကြီးလာတာနဲ့အမျှ အခြား ဆရာ ဆရာမ တွေရဲ့ သင်ကြားမှုအားကိုပါ ယူခဲ့ပါတယ်။ အခုလိုဘာသာစုံနဲ့ အမှတ်အများဆုံး ရရှိတာကတော့ အဓိက မိဘတွေရဲ့ ကျေးဇူးနဲ့ ဆရာ ဆရာမတွေရဲ့ ကျေးဇူးပါ။ ကျွန်တော်မျှော်မှန်းချက်ကို ပြောရမယ် ဆိုရင် ပညာပြည့်စုံတဲ့ဆရာဝန်ကြီး တစ်ယောက် ဖြစ်ချင်ပါတယ်” ဟု ဆိုသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)